“ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ” (ဇန်နဝါရီ ၂၁ မှ ၂၇ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Jan 27, 2024

ဒီတစ်ပတ် (ဇန်နဝါရီ ၂၁ မှ ၂၇ ရက်အထိ) အတွင်း ကမ္ဘာ့သတင်းတွေထဲ မြောက်ကိုရီးယား-ရုရှား စစ်ရေးပူးပေါင်းမှု သတင်း၊ NATO ရဲ့ အကြီးဆုံးစစ်ရေးလေ့ကျင့်နေမှု သတင်းနဲ့ အစ္စရေး လူမျိုးတုံးသတ်ဖြတ်မှု ICJ ဆက်လက်ကြားနာမယ့် သတင်းတွေ ထိပ်တန်းရောက်ခဲ့ပါတယ်။

****************************************

 

ကမ္ဘာကိုခြိမ်းခြောက်နေတဲ့ ရုရှား-မြောက်ကိုရီးယား စစ်ရေးလှုပ်ရှားမှု

 

ပူတင်-ကင်ဂျုံအွန်း အတွဲဟာ ဘယ်လောက်အထိ ချစ်ကြည်နေကြောင်း ပြသတဲ့အနေနဲ ၂၀၂၃ ထဲ မော်စကိုအထိ သွားရောက်တွေ့ဆုံခဲ့တာအပြင် ဒီနှစ်ထဲမှာလည်း အဆက်မပြတ်ရှိနေခဲ့တာပါ။

 

ကိုင်း ကျွန်းမီ၊ ကျွန်း ကိုင်းမီ နေကြတဲ့ ဒီအတွဲဟာ ကမ္ဘာ့လူထုအတွက်တော့ ကြောက်စရာပါ။

 

ပြီးခဲ့တဲ့ရက်ပိုင်းထဲမှာလည်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့ ရုရှားသမ္မတ ပူတင်တို့ မော်စကိုမှာ တွေ့ဆုံခဲ့ကြပြီး ပြုံယမ်းကို လာချင်တယ်လို့ ပူတင်က ဖွင့်ဟခဲ့ပါတယ်။

 

အဲဒီနောက် မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်ခဲ့ကြပါတယ်။

 

မြောက်ကိုရီးယားဟာ ပင်လယ်ထဲမှာ ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံး စမ်းသပ်ပစ်ခတ်ခဲ့သလို အနောက်ဘက်ကမ်းရိုးတန်း ရေပြင်ထဲကို ဇန်နဝါရီ ၂၄ ရက် ဗုဒ္ဓဟူးနေ့က ပဲ့ထိန်းဒုံးကျည် အများအပြား ပစ်လွှတ်ခဲ့ပါတယ်။

 

ဒီလိုမြောက်ကိုရီးယား-ရုရှား စစ်ရေးလှုပ်ရှားမှုတွေအပေါ် အမေရိကန် ပါတီကြီး ၂ ရပ်စလုံးက အထက်လွှတ်တော် အမတ်တွေအနေနဲ့ စိုးရိမ်မှုတွေ တိုးလာနေတဲ့အကြောင်း ထုတ်ပြောလာကြပါတယ်။

 

အခုလို အရေးပါတဲ့အချိန်မျိုးမှာ မြောက်ကိုရီးယားရဲ့ စစ်လက်နက်တွေအတွက် ရုရှားရဲ့ ကူညီပံ့ပိုးမှုရမှာကို စိုးရိမ်ရသလို မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းတပ် မစ်ဇိုင်း ဒုံးလက်နက်တွေနဲ့ ယူကရိန်းနိုင်ငံတွင်း အရပ်ဘက် လူနေအဆောက်အအုံတွေကို ရုရှားက တိုက်ခိုက်မှာကိုလည်း စိုးရိမ်ရတယ်လို့ ဒီလာဝဲ(Delaware) အထက်လွှတ်တော်အမတ် ခရစ်စ် ကွန်းစ်(Chris Coons)က အမေရိကန်အခြေစိုက် VOA သတင်းဌာနကို ပြောပါတယ်။

 

ဒါဟာ ယူကရိန်းကို အမေရိကန်က ဆက်လက်ပံ့ပိုးပေးဖို့ လိုအပ်နေတယ်ဆိုတာကို ပြသနေတဲ့အကြောင်းပြချက်လို့လည်း အထက်လွှတ်တော်အမတ်တွေက ပြောကြပါတယ်။

 

Nebraska က ရီပတ်ဘလစ်ကင် အထက်လွှတ်တော်အမတ် Pete Ricketts ကလည်း ဒီနှစ်နိုင်ငံရဲ့ ဆက်ဆံရေးကြောင့် လက်ရှိမှာ အောက်လွှတ်တော်နဲ့ သမ္မတ အိမ်ဖြူတော်ကြား ဘတ်ဂျက်သုံးငွေဆိုင်ရာ အခြေအတင်ပြောဆိုမှုတွေမှာ အပိတ်ပင်ခံနေရတဲ့ ယူကရိန်းကို အမေရိကန်က နောက်ထပ် ရံပုံငွေချထားရေး အတွက် ဦးစားပေးစဉ်းစားဖို့ လိုအပ်လာပြီလို့ ပြောပါတယ်။

 

မြောက်ကိုရီးယားနဲ့ ရုရှားတို့ရဲ့ လုပ်ရပ်တွေကို တောင်ကိုရီးယားနဲ့ ယူကရိန်းနိုင်ငံတို့အပြင် ကမ္ဘာ့နိုင်ငံအသီးသီးက ပြည်သူတွေကလည်း စိုးရိမ်တကြီးစောင့်ကြည့်နေကြပါတယ်။

****************************************

 

၂၁ ရာစုအတွင်း NATO ရဲ့ အကြီးဆုံးစစ်ရေးလေ့ကျင့်ခန်း

 

မြောက်ကိုရီးယား-ရုရှားရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေကို တန်ပြန်နေတဲ့ အမေရိကန်နဲ့ ဥရောပသားတွေ စုပေါင်းပါဝင်တဲ့ NATO မဟာမိတ်တပ်ဖွဲ့ရဲ့ ၂၁ ရာစုအတွင်း အကြီးဆုံးစစ်ရေးလေ့ကျင့်မှုတွေကို အခုအပတ်ထဲ ပြုလုပ်နေပါတယ်။

 

တနည်း စစ်အေးခေတ်အပြီး အကြီးဆုံးစစ်ရေးလေ့ကျင့်မှုကို ဥရောပတစ်လွှားက တပ်သား သောင်းနဲ့ချီနဲ့အတူ ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲခဲ့တဲ့ ရုရှားကို သတိပေးတဲ့အနေနဲ့ အင်အားပြစစ်ဆင်ရေးလုပ်ခဲ့ကြပါတယ်။

 

 

Steadfast Defender 24 လို့ အမည်တပ်ထားတဲ့ ဒီစစ်ရေးလေ့ကျင့်မှုတွေမှာ နေတိုး တပ်ဖွဲ့ဝင် ကိုးသောင်းလောက်ပါဝင်သလို ရေတပ်သင်္ဘော အစင်း ၅၀၊ လေယာဉ် အစင်း ၈၀ နဲ့ တိုက်ခိုက်ရေး ယာဉ် တစ်ထောင်ပါဝင်ပါတယ်။

 

အဲဒီလေ့ကျင့်ရေးမှာ နိုင်ငံပေါင်း ၃၁ နိုင်ငံက မဟာမိတ်တွေ ပါဝင်ပြီး ဥရောပ မြောက်ပိုင်း တောင်တန်းဒေသ တွေကနေ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းအထိ ကီလိုမီတာ ထောင်နဲ့ချီကျယ်ဝန်းတဲ့ ဒေသတလွှားမှ အဆင့်မြင့် စစ်ဆင်ရေးတွေကို NATO က လနဲ့ချီပြုလုပ်မှာ ဖြစ်ပါတယ်။

 

နေတိုးအကြီးအကဲ Jens Stoltenberg က NATO ပိုင်နက်ကို တစ်လက်မမကျန် အကာကွယ်ပေးနိုင်အောင် လုပ်မှာဖြစ်ကြောင်း ပြောပါတယ်။ အခုလို ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုဟာ ယူကရိန်းကို ရုရှား ဝင်ရောက်ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက် မတိုင်ခင်မှာ စတင်လိုက်တာဖြစ်ပါတယ်။

 

ယူကရိန်းအတွက် အဓိကစစ်ရေးအထောက်ပံ့ပေးနေတဲ့ အမေရိကန်နဲ့ အီးယူ ဥရောပသမဂ္ဂတို့ဟာ အဖွဲ့တွင်း နိုင်ငံရေးတိုက်ခိုက်မှုတွေ ကြောင့် အကူအညီထပ်မပေးနိုင်ပဲ ပိတ်ပင်မှုတွေနဲ့ ကြုံနေရတာ ဖြစ်ပြီး အခုအခါမှာ ယူကရိန်းအတွက် ရုရှားကို တွန်းလှန်တိုက်ခိုက်ဖို့ လက်နက်အကူညီလိုနေတယ်လို့လည်း NATO အကြီးအကဲက ပြောပါတယ်။

****************************************

 

ICJ မှာ ဆက်လက်ဖြေရှင်းချက်ပေးရဦးမယ့် အစ္စရေး

 

တောင်အာဖရိကနိုင်ငံရဲ့ အစ္စရေးအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်နဲ့ပတ်သက်ပြီး အစ္စရေးဘက်က ICJ ရုံးတော်မှာ ဆက်လက်ဖြေရှင်းချက်ပေးရပါဦးမယ်။

 

အစ္စရေးရဲ့ ပယ်ဖျက်ပေးဖို့တောင်းဆိုခဲ့တာကို ပယ်ဖျက်ခဲ့တဲ့အပြင် တောင်အာဖရိကနိုင်ငံရဲ့ စွဲချက်ကို ကုလသမဂ္ဂ အမြင့်ဆုံး ခုံရုံးက ဆက်ကြားနာဖို့ လက်ခံလိုက်တာကြောင့်ဖြစ်ပါတယ်။

 

ဥပဒေကြောင်းအရ ညီညွှတ်နေတာဖြစ်လို့ ဆက်လက်စစ်ဆေးဖို့ ကျိုးကြောင်းစီလျော်တယ်လို့ ICJ ဥက္ကဋ္ဌ Donoghue က ပြောသွားပါတယ်။

 

ဂါဇာမှာ အစ္စရေးက ပါလက်စတိုင်းတွေကို လူမျိုးတုံးသတ်ဖြတ်နေတယ်လို့ တောင်အာဖရိကနိုင်ငံက ICJ နိုင်ငံတကာတရားရုံးမှာ တရားစွဲဆိုခဲ့တာကို နယ်သာလန်နိုင်ငံ သည် ဟေ့ဂ်မြို့မှာရှိတဲ့ ICJ တရားရုံးမှာ ဇန်နဝါရီ ၂၆ ရက် သောကြာနေ့မှာ ကြားနာပြီး ဆုံးဖြတ်ချက်ချလိုက်တာပါ။

 

ICJ အနေနဲ့ ကြားကာလတားမြစ်ချက်ပါ ဆက်ဆုံးဖြတ်ခဲ့တဲ့အထဲ ဂါဇာမှာ အရပ်သားသတ်ဖြတ် ဒဏ်ရာရစေမှု၊ အရပ်သားအဆောက်အအုံတွေ ပစ်မှတ်ထားမှုနဲ့၊ စာနာမူအကူအညီပိတ်ပင်မှုတွေ ဆက်မလုပ်ဖို့ အစ္စရေးအပေါ် အရေးပေါ် အမိန့်ချလိုက်ပါတယ်။ အစ္စရေးနဲ့ တောင်အာဖရိက နှစ်နိုင်ငံလုံးဟာ ICJ သဘောတူစာချုပ်ကို လိုက်နာဖို့ လက်မှတ်ထိုးထားကြပါတယ်။

 

သောကြာနေ့ ကြားနာမှုမစခင် ခုံရုံးကို ကိုယ်တိုင်တက်လာတဲ့ တောင်အာရိက နိုင်ငံခြားရေးဝန်ကြီးက ပါလက်စတိုင်းတွေ ခံစားနေရတာကို ကမ္ဘာ့ထိပ်တန်းရောက်လာအောင် လုပ်နိုင်ခဲ့တယ် လို့ ဝံ့ကြွားပြောလိုက်ပါတယ်။

 

ဂျုးလူမျိုးတုံးသတ်ခံခဲ့ရတဲ့ Holocaust လို ရက်စက်မှုမျိုး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဆက်မဖြစ်ရအာင်ဖွဲ့ထားတဲ့ ကုလသမဂ္ဂခုံရုံးအနေနဲ့ အရင်မဖြည့်ဆီးနိုင်ခဲ့တာ အခု လုပ်ပြဖို့ အခွင့်အလမ်းပါ လို့ တောင်အာဖရိက နိုင်ငံခြားရေးဝန်ကြီး Naledi Pandor က ထောက်ပြလိုက်ပါတယ်။

 

အစ္စရေးဘက်ကတော့ တောင်အာဖရိကရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး အမှုကို ပယ်ချပေးဖို့၊ ဂါဇာထိုးစစ်ဟာ နိုင်ငံတကာစည်းမျဉ်းတွေအတိုင်း ခုခံကာကွယ်တာလို့ တုံ့ပြန်ပြောကြားထားပါတယ်။

 

ဒါပေမဲ့ လူမျိုးတုံးသတ်ဖြတ်မှုစွဲချက် ဆက်စစ်ဆေးသွားဖို့ ကုလသမဂ္ဂရဲ့ တရားသူကြီး ၁၇ ဦးပါတဲ့အဖွဲရဲ့ ဆုံးဖြတ်ချက်ကို ICJ ဥက္ကဋ္ဌ Joan E. Donoghue က သောကြာနေ့ညပိုင်း ကြားနာမှုထဲ တစ်နာရီနီးပါးအထိကြာအောင် ဖတ်ကြားခဲ့ပါတယ်။

 

ဒီဆုံးဖြတ်ချက်အတွက် တောင်အာဖရိကဖက်ကတောင်းဆိုထားချက်ထဲမှာတော့ ဂါဇာမှာ ချက်ချင်းအပစ်အခတ်ရပ်ပေးဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေဝင်ရောက်ခွင့်ပေးဖို့တွေ ပါဝင်ပါတယ်။