အချိန်ခါမဟုတ်မိုးရွာ၍ သထုံခရိုင် တပ်မဟာ(၁)အတွင်းရှိ တော်လှန်ရေးတပ်များအတွက် အရေးပေါ်အကူအညီလိုအပ်
ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေ သထုံခရိုင် တပ်မဟာ(၁)ဒေသတွင် အချိန်အခါမဟုတ်မိုးရွာသွန်းခြင်းကြောင့် တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် အမိုးအကာများ အရေးပေါ်လိုအပ်နေကြောင်း ထိုအဖွဲ့အစည်းများထံမှ သိရသည်။
မိုးလေဝသနှင့် ဇလဗေဒ ဌာနများနှင့် ပညာရှင်များက ဇန်နဝါရီ ၂၃ ရက်မှစတင်၍ တိုင်းနှင့် ပြည်နယ်အများအပြားတွင် အချိန်အခါမဟုတ်မိုးရွာသွန်းနိုင်ကြောင်း ထုတ်ပြန်ထားကြပြီးနောက် သထုံခရိုင်တပ်မဟာ(၁)ဒေသအတွင်း ဇန်နဝါရီလ(၂၆)ရက်နေ့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းနေကြောင်း တော်လှန်ရေးရဲဘော်များထံမှ သိရသည်။
“အချိန်အခါမဟုတ်မိုးရွာတော့ အစစအရာရာ အကုန်ဒုက္ခရောက်တာပေါ့နော်။ တဲတွေက နွေရာသီဆိုတော့ ပျက်ကုန်ပြီ။ ဆန်အိတ်တွေ၊ ရိက္ခာတွေကို မိုးကာတွေနဲ့အုပ်ပြီး စုပုံထားရတာပေါ့။ အဓိကလိုအပ်တာက မိုးကာဗျ။ ” ဟု တပ်မဟာ ၁ အတွင်းရှိ တော်လှန်ရေးစခန်းမှ ရဲဘော်တစ်ဦးက CJ Platform သို့ ပြောသည်။
တော်လှန်ရေးစခန်းများအတွင်းတည်ဆောက်ထားသော နေရာထိုင်ခင်းများမှာ ယာယီအနေဖြင့် တည်ဆောက်ထားသော စခန်းများဖြစ်သည့်အတွက် နှစ်စဉ်မိုးရာသီမရောက်မီ အမိုးအကာများလိုအပ်လေ့ရှိကြောင်း ဝေါမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲအစည်း(PDO)၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“နောက်တန်းအတွက်ကတော့ ဝါတာဘလူးတွေပေါ့။ ရှေ့တန်းက ရဲဘော်တွေအတွက်က မိုးကာတွေပေါ့။ မိုးတွင်းမရောက်ခင် ကြိုတင်ပြင်ဆင်ထားမှရမယ်။ ဒီအတိုင်းဆက်ပြီးရွာနေရင်တော့ ဒုက္ခရောက်တာပေါ့” ဟု ၎င်းက ပြောသည်။
ထို့ပြင် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က ဇန်နဝါရီလ ၂၅ ရက်နေ့မှ ဇန်နဝါရီလ ၂၈ ရက်နေ့အထိ တနင်္သာရီ၊ ရန်ကုန်၊ ဧရာဝတီ၊ မန္တလေး၊ ပဲခူးတိုင်းတို့အပြင် မွန်၊ ရခိုင်၊ ကရင်၊ ကရင်နီ(ကယား)၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်တို့တွင် အချိန်ခါမဟုတ် ဆောင်းမိုးရွာနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – နေညို
ပုံစာညွှန်း – KNU ထိန်းချုပ်နယ်မြေ သထုံခရိုင်တပ်မဟာ(၁)ဒေသတွင်းရှိ ABSDF(ကျောင်းသားတပ်မတော်)၏ ရှေ့တန်းစခန်းတစ်နေရာတွေ့မြင်ရစဉ်