တော်လှန်ရေးတပ်ပေါင်းစု သိမ်းယူလိုက်သည့် မဘိမ်းမြို့သို့ ပြည်သူများနေရပ်ပြန်၊ မပြန်ဘဲ စောင့်ကြည့်သူများလည်းရှိနေ

Author အဂ္ဂ
Categories
Published on Jan 25, 2024

ရှမ်းပြည်မြောက်ပိုင်းရှိ မဘိမ်းမြို့ကို တော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ယနေ့(ဇန်နဝါရီ ၂၅ ရက်)တွင် ပြည်သူအချို့နေရပ်ပြန်နေကြကြောင်း မဘိမ်းမြို့ရှိ သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)ပူးပေါင်းတပ်နှင့် ဒေသကာကွယ်ရေးတပ်များပါဝင်သည့် တပ်ပေါင်းစုက ဇန်နဝါရီ (၂၁) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

 

ထို့ကြောင့် လေးရက်အကြာ ယနေ့တွင် မဘိမ်းမြို့ခံအချို့ နေရပ်ပြန်ကြသော်လည်း အများစုမှာ လေကြောင်းရန်ရှိသေးသဖြင့် မပြန်သေးဘဲ အခြေအနေစောင့်ကြည့်နေကြသည်များလည်း ရှိသည်ဟု ၎င်းက ဆိုသည်။

“မြို့တွင်းတော့ သွားလာလို့ရနေပြီ။ တချို့ကတော့ လေယာဉ်ကြောက်တာနဲ့ မပြန်ကြသေးဘဲ စောင့်ကြည့်နေကြတုန်း” ဟု CJ Platform ၏ သတင်းရင်းမြစ်က ပြောသည်။

 

CJ Platform သို့ပေးပို့လာသည့် မဘိမ်းမြို့တွင်း မြင်ကွင်းဓာတ်ပုံအချို့တွင်လည်း မြို့၏ အဓိကနေရာများဖြစ်သည့် မြို့မဈေးနှင့် ပြည်သူ့ဆေးရုံများတွင် လူသူကင်းမဲ့နေသည်ကိုတွေ့မြင်ရပြီး မြို့တွင်းနေရာအချို့တွင်သာ အရပ်သားပြည်သူအချို့ သွားလာလှုပ်ရှားနေသည်ကို တွေ့ရသည်။

 

မဘိမ်းမြို့နယ်သည် ရှမ်းပြည်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းတို့ဖြင့် ထိစပ်နေသည့်အတွက် အချက်အချာကျသည့်နေရာတွင် တည်ရှိနေသည်။

မဘိမ်းမြို့နှင့် ၃၆ မိုင်ဝန်းကျင်ကွာဝေးသည့် ရှမ်း(မြောက်)ရှိ မိုးမိတ်မြို့တွင်လည်း စစ်ကောင်စီနှင့် ကာကွယ်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် မိုးမိတ်မြို့မှ နေအိမ်အများအပြားပျက်စီးကာ အရပ်သားသေဆုံးမှုများလည်းရှိသည်ဟု သိရသည်။