ဆားလင်းကြီးတွင် ၁၃ နာရီကြာ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား (၁၇)ဦး သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိ

Author လင်းနွေဦး
Categories
Published on Jan 25, 2024

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် အတွင်း စစ်ကောင်စီ တပ်များနှင့် ယင်းမာပင်ခရိုင် တပ်ရင်း၊ ပူးပေါင်းဒေသကာကွယ်ရေးအဖွဲ့များကြား နှစ်ဖက်ထိတွေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၁၇)ဦးကျဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၃,၄,၅,၆ ပြန်ကြားရေးတာဝန်ခံမှ CJ Platform သို့ အတည်ပြု ပြောကြားသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်များမှာ ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်နေ့ နေ့လယ် ၂ နာရီမှ စတင်ကာ နောက်တစ်နေ့ ဇန်နဝါရီ ၂၂ ရက် မနက် ၃ နာရီ အထိ ၁၃ နာရီနီးပါး ကြာမြင့်ခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများသကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့များဘက်မှလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည် ဟု ၎င်းတာဝန်ခံမှ ဆိုသည်။

“ရန်သူဘက်ကတော့ ၁၇ယောက် ကျဆုံးတယ်လို့လည်း သတင်းအတိကျ သိရတယ်ဗျ၊ အလောင်းကတော့ ၇လောင်းတွေ့တယ် ကျန်တာတွေ ပုလဲမြို့ထဲရောက်မှ သင်္ဂြိုဟ်တာကို မြို့ပေါ်က သတင်းပေးတွေဆီက သိရတယ်။ ကျွန်တော်တို့ဘက်က ရဲဘော်၆ယောက် (မစိုးရိမ်ရ)ဒဏ်ရာရထားတယ်” ဟု ယင်းမာပင်ခရိုင် တပ်ရင်း ၃,၄,၅,၆ ပြန်ကြားရေးတာဝန်ခံမှ CJ Platform သို့ ပြောသည်။

 

MA3 အမျိုးအစား ၁ လက်၊၄၀ မမ ၁၅ လုံး၊၆၀မမ ၄လုံး၊ RPG ထိပ်ဖူး ၄လုံး၊ RPG ပို့ယမ်း ၄တောင့်၊ အီနာဂါ ၃ လုံး၊ နင်းမိုင်း ၅ခု ၊ လက်ပစ်ဗုံး Detonator ၆ ခု၊ လက်ပစ်ဗုံး ၃လုံး၊ တိုက်မိုင်း ၁ လုံး၊ ငါးကြင်းမြီး ပြောင်း ၁ လက်၊ ကျည် ဘောက် ၆ ခု၊ ၅ ပွိုင့် ၅၆ ကျည် ၂၀၀၀ တောင့်၊ ၇ ပွိုင့် ၇၆ ကျည် ၂၀၀ တောင့် တို့အား တိုက်ပွဲအပြီး သိမ်းဆည်းရမိသည်ဟု ၎င်းတာဝန်ခံမှ ထပ်မံပြောကြားသည်။

 

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်များမှာ မိုးလင်းသည်အထိပင် စောင့်ဆိုင်းခြင်းမရှိဘဲ ပုလဲမြို့တွင်းသို့ ဆုတ်ခွာ ထွက်ပြေးခဲ့ပြီးနောက် စစ်ကြောင်းပုံစံ ပြန်လည်ဖွဲ့စည်းနေသည်ဟု သတင်းရရှိထားသော်လည်း လတ်တလောအချိန်ထိ လှုပ်ရှားမှုများ မရှိသေးကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၃,၄,၅,၆ ၏ တာဝန်ခံ မှ CJ Platform သို့ပြောကြားချက်အရ သိရသည်။

 

လင်းနွေဦး

 

ဓာတ်ပုံ – ယင်းမာပင်ခရိုင် တပ်ရင်း ၃,၄,၅,၆