ပေါက်တောမြို့ကို AA အလုံးစုံ သိမ်းပိုက်ထိန်းချုပ်၊ ရက္ခိုင်ပြည်တွင် ပထမဆုံးသိမ်းယူနိုင်သည့် မြို့ဖြစ်လာ

Author CJ Platform
Categories
Published on Jan 25, 2024

ရခိုင်ပြည် ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော် (AA) သည် အလုံးစုံသိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်ဟု ညီနောင်သုံးဖွဲ့၏ ယမန်နေ့ (ဇန်နဝါရီ ၂၄ ရက်) ညပိုင်း ထုတ်ပြန်ချက်တွင် အတည်ပြုကြေညာခဲ့သည်။

 

ရက္ခိုင့်တပ်တော်သည် ယမန်နှစ် နိုဝင်ဘာ (၁၆) ရက်နေ့တွင် ပေါက်တောမြို့ ရှိ မြို့မရဲစခန်းမှ ရဲစခန်းမှူး အပါအဝင် ရဲအင်အား (၃၀) ကျော်က လက်နက်ချ အညံ့ခံသဖြင့် မြို့ကိုခေတ္တခဏ ထိန်းသိမ်းထားနိုင်ခဲ့သော်လည်း အဆိုပါနေ့တွင်ပင် စစ်ကောင်စီက ကြည်း၊ရေ၊ လေ အင်အားအစုံသုံးကာ မြို့အတွင်းသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တပ်စွဲသဖြင့်  မြို့ကိုလက်လွှတ်လိုက်ရကာ နှစ်လအကျော်တွင်မှသာ အလုံးစုံပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

 

စစ်ကောင်စီတပ်များသည် ယမန်နှစ် နိုဝင်ဘာ (၁၆)ရက်နေ့တွင် ပေါက်တောမြို့အတွင်း အင်အားအလုံးအရင်းဖြင့် ဝင်‌ရောက်တပ်စွဲခဲ့ပြီးနောက် မြို့တွင်းတွင် ပိတ်မိနေသည့် အရပ်သားပြည်သူများကို လူသားဒိုင်းနှင့် ဓားစာခံများအဖြစ် ဖမ်းဆီးထိန်းသိမ်းထားသည့်အတွက် ဓားစာခံများ ပြန်လည်ကယ်တင်ရန် ကြိုးပမ်းသည့် ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ကြည်း၊ရေ၊လေ အစုံသုံးကာ အပြင်းအထန်ခုခံခဲ့သည်ဟု သိရသည်။

 

ရက္ခိုင့်တပ်တော်၏ ဓားစာခံ ပြန်လည်ကယ်တင်ရေး စစ်ဆင်ရေးအတွင်း နိုဝင်ဘာ (၂၂) ရက်နေ့တွင် ပထမအသုတ်အဖြစ် (၁၂၀) ဦး၊ နိုဝင်ဘာ (၂၃) တွင် ဒုတိယအသုတ်အဖြစ် (၁၀၄) ဦး၊ နိုဝင်ဘာ (၂၈) ရက်နေ့တွင် တတိယအသုတ် (အရေအတွက် မဖော်ပြထား)၊ ဒီဇင်ဘာ တစ်ရက်နေ့တွင် စတုတ္ထအသုတ်အဖြစ် ကျန်ရှိနေသေးသည့် မြို့သူမြို့သားများ (အရေအတွက် မဖော်ပြထား) ကို ကယ်ထုတ်နိုင်ခဲ့သည်ဟု ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်များအရ သိရသည်။

 

ဓားစာခံများ ကယ်တင်ပြီးနောက်တွင်လည်း ပေါက်တောမြို့တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်များအကြား နေ့စဉ်ရက်ဆက်ဆိုသလို ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ယမန်နေ့တွင်မူ ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော်က အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဟု ညီနောင်သုံးဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပြီး လက်နက်သိမ်းဆည်းရမှု အခြေအနေနှင့် ထိခိုက်ကျဆုံးအခြေအနေ အသေးစိတ်ကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိသေးပေး။

 

ပေါက်တောမြို့သည် စစ်တွေခရိုင်အတွင်းတွင်ပါဝင်ကာ စစ်တွေမြို့နှင့် (၁၅) မိုင်ခန့်သာကွာဝေးသည်။ ထို့အပြင် စစ်တွေမှ မင်းပြား သို့ သွားသော ရေလမ်း ကုန်းလမ်း နှစ်ခုလုံးပေါ်တွင် တည်ရှိနေသည့်အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ကာ ခရီးသွားလာရေးအတွက် အချက်အချာကျသည့် မြို့လည်းဖြစ်သည်။

 

လက်ရှိတွင် ရက္ခိုင့်တပ်တော်သည် ချင်းပြည် ပလက်ဝဒေသတစ်ခုလုံးနှင့် ရက္ခိုင်ပြည် ပေါက်တောမြို့ကိုပါ အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး ရက္ခိုင်ပြည်အနှံ့အပြားနှင့် ချင်းပြည် ပလက်ဝဒေသတို့ရှိ စစ်ကောင်စီ၏ တပ်စခန်းပေါင်း (၁၇၀) ဝန်းကျင်ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

 

ဓာတ်ပုံ – AA Info Desk