မော်လူးမြို့မစျေး မီးလောင်မှုဖြစ်ပွား စျေးတစ်ဝက်ကျော် ပျက်စီး

Author မင်းထက် ၊ခေတ်နီ
Categories
Published on Jan 24, 2024

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်အတွင်းရှိ မော်လူးမြို့မစျေးတွင် ယမန်နေ့ ဇန်နဝါရီ ၂၃ရက်နေ့ ညနေ ၄နာရီခွဲဝန်းကျင်တွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး စျေးတစ်ဝက်ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း  ဒေသခံများထံမှ သိရသည်။

မြို့မစျေးအတွင်း ဆိုင်ခန်းပေါင်း ၃၅၀ ဝန်းကျင်ရှိပြီး မီးလောင်ကျွမ်းချိန် တစ်နာရီခွဲခန့်အတွင်း လူထိခိုက်မှု မရှိခဲ့သော်လည်း စျေးဆိုင်ခန်း တစ်ဝက်ကျော်မှာ မီးလောင် ပျက်စီးခဲ့ရကြောင်း ကနဦးသတင်းများအရ သိရသည်။

“ဒီနေ့နေ့လယ်  ၁ နာရီမှ ဘယ်ကနေစဖြစ်တယ် ဘယ်လောက်ဆုံးရုံးတယ်ဆိုတာကို သိရဖို့ အစည်းအဝေးထိုင်ကြမှာ၊ စျေးရဲ့ တစ်ဝက်ကျော်လောက် ပါသွားတယ်၊လူထိခိုက်တာတော့ မရှိဘူး”ဟု အင်းတော်ဒေသခံက ဆိုသည်။

မော်လူးမြို့ကို တော်လှန်ရေးအင်အားစုများဖြစ်သည့် ကချင်လွတ်လပ်ရေးတပ် (KIA) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ပူးပေါင်းတပ်ဖွဲ့များမှ ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၁၃ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အမျိုးသားညီညွှတ်ရေးအစိုးရ NUG ၏ အုပ်ချုပ်ရေးယန္တယား စတင်လည်ပတ်နေသည့် မြို့တစ်ခုဖြစ်သည်။

 

ဓာတ်ပုံ – Indaw revolution -IR