စစ်ကောင်စီရဲ့ လက်နက်ကြီးကျရောက်တာကြောင့် နေအိမ်တွေ ပျက်စီးခဲ့တာကို တော်လှန်ရေးအင်အားစုတွေက လုပ်ဆောင်တာပါဆိုတဲ့ လုပ်ကြံသတင်း

Author မင်းထက်
Categories
Published on Jan 23, 2024

စစ်ကောင်စီလော်ဘီ Snow Queen ဆိုတဲ့ Telegram Channel ကနေ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ စံဖူးရွာနဲ့ စငေါ်ကျေးရွာအနီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အဖွဲ့နဲ့  စစ်ကောင်စီ ၊ PNO ပူးပေါင်းအဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေါပြီး စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ရာမှ ကျေးရွာရှိ နေအိမ်တွေ ပျက်စီးခဲ့တာကို စစ်တပ်ကြောင့် မဟုတ်ဘူးဆိုတဲ့ လုပ်ကြံသတင်းတစ်ခုကို စစ်တပ်လော်ဘီ Telegram Channel တွေကနေ  ဇန်နဝါရီ ၁၂ ရက်နေ့ ည ၉ နာရီ ၁၃ မိနစ်ဝန်းကျင်မှာ တပြိုင်တည်း ဖြန့်ဝေလာခဲ့ကြပါတယ်။

 

“ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း ၊ဟိုပုံးမြို့နယ် ၊စံဖူးရွာကိုဖြတ်ပြီး လက်နက်သယ်ဆောင်လာသည့် စစ်သွေးကြွအဖွဲ့၏ ယာဉ် ၅စီးကို တပ်မတော် နှင့် PNO ပူးပေါင်းအဖွဲ့က တားဆီးနိုင်ခဲ့သည်။  အဆိုပါ ဖြစ်စဉ်၌ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေါ်ပြီး စစ်သွေးကြွ အဖွဲ့၏ လက်နက်ခဲယမ်းများ သယ်ဆောင်လာသော ယာဉ် ၅စီးသည် မီးလောင် ပေါက်ကွဲခဲ့သည်။ထို့နောက် စစ်သွေးကြွများသည် ကျေးရွာရှိ နေအိမ်များ နှင့် ဘာသာရေး အဆောက်အအုံတို့ကို မီးရှို့ဖျက်ဆီးပြီး ထွက်ပြေးသွားခဲ့သည်” ဆိုတဲ့ စာသားတွေနဲ့အတူ  ဖြန့်ဝေလာတာကို တွေ့ရပါတယ်။ ဒီအချက်အလက်တွေကို စစ်ဆေးခဲ့ရာမှ  ဇန်န၀ါရီလ  ၂၁  ရက်နေ ညနေ ၃ နာရီ ၄၃ မိနစ်ခန့်စတင်ဖြန့်ဝေလာပြီး ယနေ့ ဇန်န၀ါရီ ၂၃ ရက် ၁ နာရီခန့်မှာ  Like & react ၃၀၀  ခန့် ၊ မှတ်ချက် ၁၄ ခု ၊  ကြည့်ရှုသူ ၁၄၀၀၀ ခန့်အထိ ပျံ့နှံ့နေတာကို တွေ့ရပါတယ်။

 

ကြည့်ရှုရန် — https://archive.ph/UA03J

 

ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး  စိစစ်ခဲ့ရာမှာ စစ်ကောင်စီလော်ဘီတွေက   ပြည်သူတွေကို သတင်းအကြောင်းအရာနဲ့ ပတ်သက်ပြီး ထင်ယောင်ထင်မှားဖြစ်စေဖို့ အတွက် အချက်အလက်တွေကို လိုသလိုအသုံးပြုပြီး  ထင်ယောင်ထင်မှားဖြစ်အောင် ရေးသားထားတာ တွေ့ရပါတယ်။

 

သီးခြားလွတ်လပ်တဲ့ သတင်းအဖွဲ့အစည်းတွေရဲ့ ဖော်ပြချက်မှာက ရှမ်းပြည် တောင်ပိုင်း၊ ဟိုပုံးမြို့နယ်ထဲက စံဖူးကျေးရွာနဲ့ စငေါ်ကျေးရွာနားမှာ ဒီနေ့ ဇန်နဝါရီ ၂၁ ရက် မနက် အစောပိုင်း ၁ နာရီလောက်က စစ်ကောင်စီ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်/ ပအိုဝ်းအမျိုးသားတပ်မတော် (PNO/PNA) နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) တို့ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်နေတာပါ။စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနေအိမ်တွေ လက်နက်ကြီး ထိပြီး မီးလောင်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

သတင်းအပြည့်အစုံဖတ်ရှုရန် —

 

DVB – https://archive.ph/MOm0e

 

ဒီသတင်းမှားကို သတင်းတု၊ သတင်းမှား စစ်ဆေးတဲ့နည်းတွေနဲ့ စိစစ်ကြည့်တဲ့အခါမှာ သူတို့ဖန်တီးထားတဲ့  သတင်း အမျိုးအစားကတော့ သတင်းဖြစ်စဥ်မှန်ကန်မှု ရှိပေမယ့် သတင်းမှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေက လွဲမှားတဲ့အကြောင်းအရာတွေဖြစ်ပြီး ၊ မသက်ဆိုင်တဲ့ အခြေနေအခင်းအကျင်းနဲ့ ချိတ်ဆက် တင်ပြထားတဲ့ အခြေအနေ အခင်းအကျင်းအမှား ( False Context ) ဖြစ်နေတာ တွေ့ရပါတယ်။

 

ဒါ့အပြင် အကြမ်းဖက်သမားတွေကြောင့် နေအိမ်များ ဆုံးရှုံးလိုက်ရသည့် စံဖူးကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ် ဆိုသည့်ခေါင်းစဥ်နဲ့ သတင်းအချက်အလက်အမှားတွေကို တင်ဆက်ထားခြင်းမျိုး ၄င်း စစ်ကောင်စီလော်ဘီ Snow Queen ဆိုတဲ့ Telegram Channel မှာ ထပ်မံတွေ့ရပါတယ်။ဒီသတင်းမှားကိုတော့ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ၀န်းကျင်မှာ ဖြန့်ဝေခဲ့ပြီး  ၁ နာရီ ၁၀ မိနစ်ခန့်မှာ Like & react ၇၀ ခန့် ၊ သူ ၄၇၀၀ ခန့်အထိ ပျံ့နှံ့နေတာကို တွေ့ရပါတယ်။

 

ကြည့်ရှုရန် – https://archive.ph/Im5ae

 

ဒီသတင်းအကြောင်းအရာမှာလည်း  သတင်းဖြစ်စဥ်မှန်ကန်မှု ရှိပေမယ့် သတင်းမှာဖော်ပြထားတဲ့ အကြောင့်အရာတွေက လွဲမှားတဲ့အကြောင်းအရာတွေနဲ့ မသက်ဆိုင်တဲ့ အခြေနေအခင်းအကျင်းနဲ့ ချိတ်ဆက်တင်ပြထားတဲ့ အခြေအနေ အခင်းအကျင်းအမှား ( False Context ) ဖြစ်နေတာ ထပ်မံ တွေ့ရပါတယ်။

 

အခုလိုမျိုး ပြည်သူတွေအကြား လုပ်ကြံဖန်တီးထားတဲ့ သတင်းမှား ပျံ့နှံ့နေတာတွေ ရှိတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသင့်တဲ့အတွက် CJ Platform ရဲ့ “အလွယ်မယုံနဲ့” ကဏ္ဍကနေ စိစစ် ဖော်ပြလိုက်ရပါတယ်။

 

ပြည်သူတွေအနေနဲ့ မှန်လား/မှားလားဆိုပြီး ဇဝေဇဝါ ဖြစ်နေတဲ့ သတင်းမျိူးတွေ တွေ့ခဲ့ရင်လည်း CJ Platform Facebook Page မှာ လာရောက် မေးမြန်းထားလို့ ရပါတယ်။

 

အလွယ်မယုံလိုက်ကြနဲ့နော်။

 

 

Related News

Depend on news