ရန်ကုန်ရှိ စက်သုံးဆီဆိုင်များ မော်တော်ယာဉ်မျှလွဲ၍ အိမ်သုံးရန် မရောင်းပေးသည့်အတွက် အခက်အခဲဖြစ်နေ

Author ကိုထက်
Categories
Published on Jan 22, 2024

ရန်ကုန်ရှိ စက်သုံးဆီဆိုင်များတွင် စက်သုံးဆီများအား မော်တော်ယာဉ်များတွင် အသုံးပြုရန်သာ ရောင်းချ‌ပေးနေပြီး မီးစက်နှင့် အခြားအိမ်သုံးစက်ကရိယာများအတွက် သုံးရန်မရောင်းပေးသည့်အတွက် အခက်အခဲများ ဖြစ်ပေါ်နေ‌ကြောင်း သိရသည်။

 

လျှပ်စစ်မီးမမှန်သည့် ရန်ကုန်တွင် လျှပ်စစ်မီးအစားထိုးအသုံးပြုရသော မီးစက်သုံး ဒီဇယ်ဆီများ ဝယ်ယူရခက်နေကြောင်း သိရသည်။

 

စက်သုံးဆီဆိုင်များသည်‌ မော်တော်ယာဉ်များကိုသာ ရောင်းချနေပြီး မီးစက်သုံးရန်ဆိုပါက မီးစက်ကိုပါ ကားပေါ်တင်သွားရကြောင်း ဝယ်ယူသူများက ပြောသည်။

 

“အခု ဆီတွေက တန်းစီဝယ်ရတာတော့ မရှိတော့ဘူးပေါ့။ ဒါပေမဲ့ ဆီဆိုင်တွေက ကားပါမှဆီရောင်းတယ်။ မီးစက်အတွက် ဝယ်ရတာက တော်တော်အဆင်မပြေဖြစ်တယ်” ဟု မီးစက်သုံးရန် အမြဲတမ်း ဒီဇယ်ဝယ်ယူနေသူတစ်ဦးက ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

 

“မီးတွေကမမှန်လို့ မီးစက်အားကိုး အလုပ်လုပ်နေရတာလေ။ ပုံးနဲ့ ဝယ်မယ်ဆို မှောင်ခိုဈေးတွေနဲ့ ဝယ်ရရောပဲ။ တကယ့်ဈေးက တစ်လီတာကို  နှစ်‌ထောင့်လေးရာလောက်ဆို အပြင်က လေးထောင်လောက်ပဲ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

 

လက်ရှိတွင် ရန်ကုန်၌ စက်သုံးဆီပြတ်လပ်မှု စတင်ဖြစ်ပွားခဲ့သည့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလဆန်းပိုင်းကကဲ့သို့ အခြေအနေမဆိုးတော့သော်လည်း ဆိုင်တိုင်းတွင် အချိန်တိုင်းမရရှိဖြစ်နေသေးသည်ဟု စုံစမ်းသိရှိရသည်။

 

“စဖြစ်‌တုန်းကလောက် တန်းမစီရတော့ဘူး။ ဒါပေမဲ့ ဆိုင်တိုင်းမှာတော့ အရင်လို လိုချင်တဲ့အချိန် ရှိနေတာတော့လည်း မဟုတ်သေးပါဘူး။ ဈေးကတော့ သုံးထောင်နီးပါးလောက်ကို ဖြစ်လာတယ်။ ဝယ်ရခက်နေတာက မီးစက်သမားတွေပဲ။ သူတို့က ကားပါမှ ဆီကိုရောင်းတာ” ဟု ရန်ကုန်မြို့က အငှားယာဉ်မောင်းတစ်ဦးက ၎င်းမြင်တွေ့ထားသည်ကို ပြောသည်။

 

ရန်ကုန်တွင် လျှပ်စစ်မီးမမှန်သည့်အတွက် မီးစက်အားကိုး အလုပ်လုပ်ကိုင်နေရသည့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများမှာ အသုံးပြုရန် ဆီဝယ်ယူရခက်ခဲမှုကိုပါ ရင်ဆိုင်လာနေရသည်။

 

စက်သုံးဆီဈေးသည်လည်း ယခုနှစ်အတွင်း တဖြည်းဖြည်းမြင့်တက်လာနေပြီး လတ်တလော အောက်တိန်း 92 တစ်လီတာလျှင် ၂၆၈၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၂၇၂၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာကို ၂၄၃၀ ကျပ်နှင့် အဆင့်မြင့်ဒီဇယ် တစ်လီတာလျှင် ၂၄၉၅ ကျပ်ရှိကြောင်း သိရသည်။

 

ဓာတ်ပုံ – ပေးပို့