“ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ” (ဇန်နဝါရီ ၁၄ မှ ၂၀ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Jan 20, 2024

ဒီတစ်ပတ်(ဇန်နဝါရီ ၁၄ မှ ၂၀ ရက်အထိ)အတွင်း ကမ္ဘာကြီးသတင်းတွေထဲ စစ်ရိပ်စစ်ငွေ့တွေ ပါနေဆဲဖြစ်သလို ဂါဇာထဲ အစ္စရေးရဲ့ ဟားမက်စ်ပပျောက်ရေး စစ်ဆင်ရေးကြောင်း ပါလက်စတိုင်းအရပ်သားတွေ သေဆုံးနေရဆဲပါပဲ။ ဒီတစ်ပတ်အတွက်တော့ ထိပ်တန်းရောက်သတင်းတွေထဲကမှ တစ်ကမ္ဘာလုံးစောင့်ကြည့်ခံ မြောက်ကိုရီးယားရဲ့ အမေရိကန်-ဂျပန်-တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ဆင်ရေးကိုတုံ့ပြန်ပြုလုပ်တဲ့ လက်နက်သစ်စမ်းသပ်မှု သတင်းနဲ့ ပါကစ္စတန်-အီရန် အရေးတွေနဲ့ပတ်သက်လို့ ထုတ်နုတ်ဖော်ပြထားပါတယ်။

****************************************

 

“မြောက်ကိုရီးယားရဲ့ တန်ပြန်စစ်ရေးလေ့ကျင့်မှု”

 

ကမ္ဘာတစ်ဝန်းစောင့်ကြည့်ခံရတဲ့ မြောက်ကိုရီးယားနိုင်ငံဟာ လက်နက်သစ် စမ်းသပ်မှုအဖြစ် ရေအောက်မှာပစ်နိုင်တဲ့ ဒရုန်းစမ်းသပ်မှုတစ်ခု ဒီတစ်ပတ်ထဲ လုပ်ခဲ့ပါတယ်။

 

ဒီဒရုန်းဟာ အဏုမြူလက်နက်တွေ ပစ်ခတ်ရာမှာ အသုံးပြုမယ့် လက်နက်ကို မြောက်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်မှာ စမ်းသပ်ခဲ့တာလို့ မြောက်ကိုရီးယားရဲ့ နိုင်ငံပိုင်သတင်းတွေမှာ ဖော်ပြပါတယ်။

 

ဒီစမ်းသပ်မှုဟာ သူတို့ရဲ့ရန်ဘက် အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ရဲ့ ဒီအပတ်ထဲ ပြုလုပ်ခဲ့တဲ့ ပူးတွဲစစ်ရေး လေ့ကျင့်ခဲ့တာကို တုံ့ပြန်တာလို့ မြောက်ကိုရီးယားအစိုးရပိုင် မီဒီယာက ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ရဲ့ပူးတွဲလေ့ကျင့်မှုတွေက မြောက်ကိုရီးယားကို ဆိုးဆိုးရွားရွား ခြိမ်းခြောက်နေတယ်လို့လည်း ဆိုပါတယ်။

 

မြောက်ကိုရီးယားမှာ တော်ပီဒီုပုံစံ ဒရုန်းကို ၂၀၁၂ ခုနှစ်ကတည်းက တီထွင်ထုတ်လုပ်နေခဲ့ပြီး အကြိမ် ၅ဝ ကျော် စမ်းသပ်ခဲ့ပြီးဖြစ်ပါတယ်။

 

ဒီတစ်ပတ်ထဲ စမ်းသပ်ခဲ့တဲ့ လက်နက်ဟာ Haeil-5-23 စနစ်ကို စမ်းသပ်ခဲ့တာလို့ အရင် မြောက်ကိုရီးယားဘက်က ထုတ်ပြန်ခဲ့ဖူးတာရှိပေမယ့် အခုလက်နက်တွေနဲ့ ပတ်သက်လို့ မြောက်ကိုရီးယားဘက်က ထုတ်မပြောသလို ဘယ်သူမှလည်း တိတိကျကျ အတည်မပြုနိုင်သေးပါဘူး။ ကနဦး ရေအောက်နျူကလီးယား တိုက်ခိုက်ရေးဒရုန်းတစ်ခု စမ်းသပ်ခဲ့တာလို့ပဲ သိထားရပါတယ်။

 

အခုလို မြောက်ကိုရီးယားရဲ့ ရေအောက်ဒရုန်းစမ်းသပ်မှုနဲ့ ပတ်သက်လို့ တောင်ကိုရီးယားနဲ့ မဟာမိတ်တွေဘက်ကတော့ ဘာမှမတုံ့ပြန်ကြသေးပါဘူး။

 

ဇန်နဝါရီပထမအပတ်မှာ တောင်ကိုရီးယားနဲ့ထိစပ်နေတဲ့ ရေပိုင်နက်နယ်စပ်မှာ ကျည်အစစ်ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုကို အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ပြုလုပ်ခဲ့ပြီးနောက်မှာ မြောက်ကိုရီးယားဘက်က စစ်ရေးအရ လှုံ့ဆော်မှုတွေကို တိုးမြှင့်ပြုလုပ်တာလည်း ဖြစ်ပါတယ်။

****************************************

 

“ပါကစ္စတန်-အီရန် စစ်ရေး”

 

စစ်ရိပ်တွေ လွှမ်းနေတဲ့ကမ္ဘာကြီးထဲ ဒီတစ်ပတ်ထဲ သင့်မြတ်နေတဲ့ အီရန်-ပါကစ္စတန်တို့ကြား အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

 

အီရန်က ပါကစ္စတန်အပေါ် စတင်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကို ပါကစ္စတန်ဘက်က ချက်ချင်းဆိုသလို တန်ပြန်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာပါ။

 

ပြီးခဲ့တဲ့ အင်္ဂါ ဇန်နဝါရီ ၁၆ ရက်နေ့က အီရန်ရဲ့ တိုက်ခိုက်မှုကြောင့် ပါကစ္စတန် အရပ်သား ကလေးငယ်နှစ်ဦး သေဆုံးခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုအပေါ် အီရန်ဘက်က ပါကစ္စတန်နယ်စပ်ဒေသ ဘာလူချီစ်တန်(Baluchistan) ပြည်နယ်ထဲက အီရန်ကနေ ခွဲထွက်ရေးလိုတဲ့ ဆန်နီ(Sunni)သူပုန်တွေကို ဒုံးကျည်နဲ့ တိုက်ခိုက်တာသာဖြစ်တယ်လို့ ဖြေရှင်းပါတယ်။

 

ဒါပေမဲ့ ပါကစ္စတန်ဘက်က လက်မခံဘဲ ဇန်နဝါရီ ၁၈ ရက် ကြာသာပတေးနေ့မှာ လက်တုံ့ပြန်တိုက်ခိုက်ခဲ့လို့ အီရန် အရပ်သား ၉ ဦး သေဆုံးခဲ့ရပါတယ်။ တိုက်ခိုက်မှုအပြီး ပါကစ္စတန်ဘက်ကလည်း အီရန်နယ်စပ်ဒေသက စစ္စတန်(Sistan)နဲ့ ဘလူချက်စ်တန်(Bluchesten)ပြည်နယ်ထဲက ပါကစ္စတန်မှ ခွဲထွက်လိုတဲ့ ဘလူ့ချ်စစ်အုပ်စုကို တိုက်ခိုက်တာလို့ ပြောပြန်ပါတယ်။

 

ဒီလက်တုံ့ပြန်တိုက်ခိုက်မှုကို “မာချ်ဘာ ဆာမချာ”(ဖာစီ ဘာသာစကားအရ “ပြောက်ကျားစစ်သားများကို သေစေနိုင်သော”)အမည်ရ စစ်ဆင်ရေးလို့ ပါကစ္စတန်က အမည်ပေးတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူ  မွန်တပ်စ် ဇယာရာဘာလိုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

 

အီရန်နဲ့ ပါကစ္စတန်တို့ဘက်က စစ်သွေးကြွ အုပ်စုနှစ်ခုကို ရည်ရွယ်တိုက်ခိုက်တာလို့ပြောကြပေမဲ့ ဘလူ့ချ် စစ်အုပ်စုကတော့ “အပြစ်မဲ့ ဘလူ့ချ်ပြည်သူတွေကို သတ်ဖြတ်တာ” လို့ တိုက်ခိုက်ခံရမှုအပြီး ထုတ်ပြန်ပါတယ်။

 

အခုလို နှစ်နိုင်ငံကြားတင်းမာမှုကြောင့် ပါကစ္စတန် ယာယီဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ နိုင်ငံခြားခရီးစဉ်တွေကိုဖျက်သိမ်းခဲ့ပြီး နိုင်ငံကို ပြန်ခဲ့ကြပါတယ်။

 

ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ “ပါကစ္စတန်အနေနဲ့ အခြေအနေတွေကို ထပ်မံတင်းမာအောင် လုပ်ဆောင်ဖို့ မရှိပါဘူး” လို့ ပြောပါတယ်။

 

အဲဒီလို တိုက်ခိုက်ပြီး ရက်ပိုင်းအတွင်း ပါကစ္စတန်ဘက်က လုံခြုံရေးအစည်းအဝေးပြုလုပ်ခဲ့ပါတယ်။

 

အဲဒီအစည်းအဝေးမှာ ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီး ဂျလီရယ် အာဘတ်စ် ဂျလာနီက “ကြာသပတေးနေ့က လုပ်တဲ့နယ်စပ်ဖြတ်ကျော်ပစ်ခတ်မှုက အီရန် အရှေ့တောင်ပိုင်းက အကြမ်းဖက်စခန်းတွေကို ပစ်တာ” လို့ ပြောပါတယ်။

 

အခုလို အပြန်အလှန်တိုက်ခိုက်မှုတွေမဖြစ်ပေါ်ခင် ရက်ပိုင်းအတွင်း ပါကစ္စတန် အိမ်စောင့်ဝန်ကြီးချုပ်နဲ့ အီရန် နိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံခဲ့ပါသေးတယ်။ အဲဒီမှာ အမှတ်တရဓာတ်ပုံတွဲရိုက်ခဲ့ပါတယ်။ ဒါ့အပြင် အီရန်ဘက်က စတင်တိုက်ခိုက်တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့မှာလည်း အီရန်-ပါကစ္စတန် နှစ်နိုင်ငံရေတပ်ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ကြတာပါ။