“ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ” (ဇန်နဝါရီ ၁၄ မှ ၂၀ ရက်အထိ)
ဒီတစ်ပတ်(ဇန်နဝါရီ ၁၄ မှ ၂၀ ရက်အထိ)အတွင်း ပြည်တွင်းမှာ သတင်းထူးတွေများခဲ့တဲ့ အပတ်လို့ ဆိုရပါမယ်။ ပဲခူးမှာ စစ်ကောင်စီက ပြည်သူ့စစ်ဖွဲ့ဖို့ အရပ်သားတွေကို မဲနှိုက်ရွေးချယ်နေတဲ့သတင်း၊ KIA လေယာဉ်ပစ်ချနိုင်ခဲ့တဲ့ သတင်း၊ ပေါက်ဆရာတော်ရဲ့ စစ်ခေါင်းဆောင်လဲဖို့ ပြောတဲ့သတင်း၊ နမ့်ဖက်ကာက KIA နဲ့ PDF ပူးပေါင်းတပ်တွေရဲ့ စခန်းသိမ်း တိုက်ပွဲသတင်းတွေ၊ ရခိုင်မှာလည်း AA က မြို့သိမ်း/စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတဲ့သတင်းတွေနဲ့အတူ မန်းက ရွှေဆိုင်ဓားပြတိုက်ခံရမှု သတင်းတွေ ရှေ့ရောက်ခဲ့ပါတယ်။
****************************************
ကံမကောင်းသူများ မဲပေါက်သည်
ကံစမ်းမဲပေါက်လျှင် ကံကောင်းကြသည်ဟု မှတ်ယူကြသည်။ သို့သော် ပဲခူးဒေသခံများအတွက်တော့ ထိုသို့မဟုတ်။ ကံမကောင်းသူများ မဲပေါက်နေကြသည်။
အဘယ့်ကြောင့်ဆိုသော် စစ်ကောင်စီက ပဲခူးတိုင်းအတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် မဲစနစ်ဖြင့် စစ်သားစုဆောင်းနေခြင်းကြောင့်ဖြစ်သည်။
ယခုနှစ် နှစ်စရက်ပိုင်းထဲ ပဲခူးတိုင်းအတွင်း စစ်ကောင်စီ အင်အားစုဆောင်းနေသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာနေသည်။
၎င်းတို့အခေါ် ပြည်သူ့စစ်၊ ဒေသခံအခေါ် စစ်သား၊ ပျူစောထီး စုဆောင်းခြင်းဟူ၍ အခေါ်အဝေါ် မတူသော်ငြား တူညီသည့်အချက်မှာ အင်အားစုဆောင်းခြင်းပင်။
ပဲခူးတိုင်းအတွင်း တစ်ရွာလျှင် အရပ်သား ၃၀ မှ ၅၀ အထိ စုဆောင်းပေးရမည်ဟု ဒေသခံများက ဆိုကြသည်။ ၎င်းတို့သည် အနုနည်း၊ အကြမ်းနည်း နည်းမျိုးစုံသုံး၍ စုစည်းနေကြခြင်းဖြစ်သည်ဟု သိရသည်။
ပဲခူးတိုင်း၊ သာယာဝတီနှင့် နတ်တလင်းခရိုင်တို့အတွင်းရှိ အုတ်ဖို၊ ပေါင်းတည်၊ နတ်တလင်းတို့တွင် စစ်သားစုဆောင်းခြင်းကို အကျယ်တဝင့် လုပ်ဆောင်နေသော်လည်း မြို့ကြီးများဖြစ်သည့် ပဲခူး၊ တောင်ငူတို့တွင်မူ လုပ်ဆောင်ခြင်း မရှိသေးကြောင်း သိရသည်။
နေရာအများစုတွင် လက်နက်ဖြင့် ခြိမ်းခြောက်လူစုခိုင်းခြင်းကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးများမှတစ်ဆင့် လုပ်ကိုင်ခိုင်းလေ့ရှိသည်။
အလားတူ လက်ရှိ နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင်လည်း အကြမ်းနည်းဖြစ်သည့် ခြိမ်းခြောက်ခြင်းအပြင် အနုနည်းဖြစ်သည့် လစာ/ရိက္ခာပေးမည်ဟူ၍ မက်လုံးပေး စုစည်းခြင်းအထိ ပြုလုပ်လာခဲ့ပြီဖြစ်ကြောင်း ယင်းဒေသခံများက ဆိုသည်။
နတ်တလင်းတွင် ကနဦး တစ်ရွာလျှင် ၁၀ ဦးနှုန်းမှ ယခုအခါ တစ်ရွာလျှင် ၃၀ မှ ၅၀ ဦးအထိ စုဆောင်းရမည်ဟု သတင်းများ ထွက်ပေါ်နေသည်ဟု ဒေသခံများက ဆိုသည်။
“အခြေခံစစ်သင်တန်း ဆယ်ရက် တက်ရမယ်။ လစာ တစ်သိန်းလေးသောင်းပေးမယ်။ ရိက္ခာပေးမယ်။ အဲဒီလို သိရတယ် ” ဟု နတ်တလင်းမြို့ခံတစ်ဦးက ပြောသည်။
ယခုနှစ်ဦးပိုင်းတွင် ပဲခူးတိုင်းရှိ မြို့နယ်တိုင်းတွင် စစ်ကောင်စီက စီမံချက်ဖြင့် လူစုဆောင်းခြင်းများ လုပ်ဆောင်နေရာတွင် နတ်တလင်းမြို့နယ်တွင် ရပ်ရွာကာကွယ်ရေးဟု ခေါင်းစဉ်တပ်၍ ပြည်သူများကို ခေါ်ယူစုဆောင်းရန် မဲနှိုက်ရွေးချယ်ခိုင်းထားကြောင်း သိရသည်။
ထိုအခြေအနေကို သိထားသည့် နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ပြန်ကြားရေးတာဝန်ခံက ယခုကဲ့သို့ ပြောသည်။
” မဲနှိုက်ခိုင်းတာဗျ။ မဲပေါက်တဲ့ သူတွေတော့ သူ့ရွာနဲ့ သူရှိတာပဲ။ လောလောဆယ် သူတို့က အင်အားအရင်စုတဲ့ သဘောပါပဲ လူတော့ မခေါ်သေးဘူး။ အင်အားရမှ သူတို့ လိုအပ်တဲ့နေရာ ထုတ်သုံးမယ်ထင်တယ်။ တချို့ရွာတွေဆို မဲပေါက်လို့ငိုယိုတဲ့ အဖြစ်တွေတောင်ရှိတယ်။ ပြည်သူတွေ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲရတာပေါ့ ” ဟု ပြန်ကြားရေး တာဝန်ခံက CJ Platform သို့ပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီဘက်က အဓမ္မအင်အားစုဆောင်းခြင်းမျာအပြင် ပဲခူးတိုင်းအတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခြင်း၊ လူသတ်ခြင်းများကျူးလွန်လျက်ရှိကြောင်း ဒေသခံများနှင့် ကာကွယ်ရေးတပ်များထံမှ သိရသည်။
ထို့ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံအများအပြားလည်းရှိနေကြောင်း သိရသည်။
နတ်တလင်းမြို့နယ်တွင် ယခင်နှစ် ဒီဇင်ဘာလအတွင်း စစ်ဘေးရှောင် ၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် ၎င်းတို့၏ ရုပ်အလောင်းများကို ဒီဇင်ဘာ ၂၅ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ထိုသို့ကြမ်းရမ်းနေသော စစ်ကောင်စီသည် အရပ်သားများကို အနုနည်း၊ အကြမ်းနည်းများဖြင့် မဲနှိုက်၍ စစ်သားစုဆောင်းလျက်ရှိသည်။
ယခုအထိတော့ ထိုသူတို့ စစ်မတိုက်ရသေး။
ကံမကောင်းသူတို့ မဲပေါက်ကြလေသည်။
****************************************
လေယာဉ်ပစ်ချနိုင်ခဲ့တဲ့ KIA
ရွေ့လျားနေတဲ့ပစ်မှတ်ကို ပစ်ရတာမလွယ်မှန်း အားလုံးသိပါတယ်။ အဲဒီထဲ လေပေါ်ပျံဝဲနေတဲ့ မြန်နှုန်းမြင့် တိုက်လေယာဉ်တွေကို ပစ်ခတ်ရတာ ပိုလို့ခက်ခဲပါတယ်။ ဒီခက်ခဲမှုကို နမ့်ဖတ်ကာက KIA တပ်ဖွဲ့ဝင်တွေ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ရှမ်းမြောက်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာမှာ ဇန်နဝါရီ ၁၆ အင်္ဂါနေ့နံနက်ပိုင်းက ပစ်ချနိုင်ခဲ့တာ ဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးတပ်(KIA) ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
ပစ်ချခံရတဲ့ တိုက်လေယာဉ်ဟာ တရုတ်နိုင်ငံထုတ် FTC 2000G အပေါ့စား တိုက်လေယာဉ် အမျိုးအစားဖြစ်ပြီး အမောင်းသင်ရော တိုက်ခိုက်ရေးအတွက်ပါ သုံးနိုင်တယ်လို့ ပညာရှင်တွေက ပြောကြပါတယ်။ FTC-2000G ဟာ တရုတ်မူရင်းမျိုးကွဲ JL-9G ရဲ့ Export Version ဖြစ်ပြီး ဒေါ်လာ ၈ သန်းကျော် တန်ကြေးရှိပါတယ်။
KIA ပစ်ချခဲ့တဲ့ ဂျက်ဖိုက်တာလေယာဉ်ပေါ်က လေယာဉ်မှူး ကျော်သူရနဲ့ တွဲဖက်လေယာဉ်မှူး ဗိုလ်ကြီး ကောင်းထက်စံတို့ နှစ်ဦးစလုံး သေဆုံးသွားခဲ့တာပါ။ သူတို့လေယာဉ်ပစ်ချခံရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က အခုရက်ပိုင်းထဲ ထုတ်ပြန်ပြောကြားတာမျိုးမရှိသေးပါဘူး။
****************************************
ကချင်အပြင် ရှမ်းမြောက်မှာပါ ကြမ်းနေတဲ့ KIA
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဟာ PDF တွေနဲ့ပူးပေါင်းပြီး သူတို့အခြေစိုက်ရာ ကချင်ပြည်နယ်အပြင် ညီနောင်သုံးဖွဲ့ရဲ့ ရှမ်းမြောက်မှာပါ ထိုးစစ်တွေ ဆင်နေပါတယ်။
အဲဒီထိုးစစ်တွေမှာ အောင်မြင်မှုတွေ အလီလီရရှိနေပြီး အားလျော့နေတဲ့ စစ်ကောင်စီတပ်သားတွေ ဒူးထောက်လက်မြှောက်နေရပါတယ်။
KIA နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေဟာ ကချင်ပြည်နယ် ရွှေကူ၊ မံစီနဲ့ ဖားကန့်မြို့နယ်တွေအပြင် ကချင်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)အစပ်က ကွတ်ခိုင်နဲ့ မိုးမိတ်တို့မှာ စစ်ကောင်စီစခန်းတွေကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နေကြတာဖြစ်ပါတယ်။
အဲဒီမှာ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာမှာ စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်ကို ပစ်ချနိုင်တဲ့အထိ အောင်ပွဲရခဲ့သလို မိုးမိတ်မြို့နယ်မှာဆိုရင်လည်း စစ်ကောင်စီတပ်သားတွေ အလံဖြူထောင်ပြီး ထွက်ပြေးရတဲ့အထိ KIA ပူးပေါင်းအဖွဲ့ဘက် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပါတယ်။
အဲဒီလိုပဲ ကချင်ပြည်နယ် ရွှေကူမြို့ တိုက်ပွဲတွေမှာလည်း KIA ဘက်က အသာရခဲ့သလို ဗန်းမော်ခရိုင်၊ မံစီမြို့နယ်က ခမရ ၄၂၄ တပ်ရင်းလက်အောက်ခံ စစ်တပ်စခန်းကို ဇန်နဝါရီ ၁၉ ရက် သောကြာနေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ အဲဒီစခန်းသိမ်းတိုက်ပွဲကနေ စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာက စစ်ကောင်စီရဲ့ ဝှေခါဗျူဟာကုန်းကို KIA နဲ့ PDF ပူးပေါင်းတပ်တွေ ဇန်နဝါရီ ၂၀ ရက် စနေနေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြန်ပါတယ်။ အဲဒီဗျူဟာကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဇန်နဝါရီ ၆ ရက်ကစပြီး တိုက်ခိုက်နေရာကနေ ၁၅ ရက်အကြာမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။ အဲဒီမှာ ဗိုလ်မှူးတစ်ဦးနဲ့ စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားပါတယ်။
****************************************
စစ်ခေါင်းဆောင် လူလဲဖို့ပြောတဲ့ ဘာသာရေးအစွန်းရောက်ဘုန်းကြီး
နိုင်ငံတော်သံဃာ့နာယကအဖွဲ့(မဟန)က အသိအမှတ်မပြုတဲ့ မဘသအဖွဲ့ရဲ့ ဒုတိယ မျိုးဆက် ဘုန်းကြီးတစ်ပါးက ဒီတစ်ပတ်ထဲ စစ်ကောင်စီ အသိုင်းအဝိုင်းအပြင် မြန်မာပြည်သူလူထု စိတ်ဝင်စားစေမယ့် စကားတစ်ခွန်း ပြောကြားခဲ့ပါတယ်။
အဲဒါကတော့ အာဏာသိမ်း စစ်ခေါင်းဆောင် လဲဖို့ ဖြစ်ပါတယ်။
လက်ရှိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အစား ဒုချုပ်လို့ အများခေါ်တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို လဲလှယ်လိုက်ဖို့ဖြစ်ပါတယ်။
ပေါက်ကိုယ်တော်လို့ သူ့ကိုယ်သူ နာမ်စားသုံးသလို အများသိကြတဲ့ အရိယဝံသလို့ ဘွဲ့နာမည်ရှိတဲ့ မဘသ ဘုန်းကြီးဟာ သူဦးဆောင်ပြီးလုပ်တဲ့ ဇန်နဝါရီ ၁၆ ရက် အင်္ဂါနေ့က ပြင်ဦးလွင်မြို့နယ် တပ်ထောက်ခံပွဲမှာ အဲဒီလိုပြောကြားခဲ့တာပါ။
အဲဒီအပြောကြောင့် သူ့ကို စစ်ကောင်စီက ဇန်နဝါရီ ၁၉ ရက် သောကြာနေ့ နေ့လယ်ပိုင်မှာ ခေါ်ယူစစ်ဆေးခံခဲ့ရပါတယ်။
အဲဒီအကြောင်း သူ့ရဲ့ လူမှုကွန်ရက်အကောင့်ကနေ Live လွှင့်ပြောကြားခဲ့ရာမှာ စစ်ကောင်စီဘက်က ခေါ်ယူစစ်ဆေးတာမှန်ကန်ပေမယ့် ဘာအရေးယူမှုမှ မလုပ်ဘဲ ပြန်လွှတ်ပေးခဲ့တဲ့အကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ပေါက်ကိုယ်တော် အဲဒီလိုပြောကြားပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နေပြည်တော်က စစ်ရုံးချုပ်မှာ ဒုချုပ် စိုးဝင်းကို နေရာလဲလိုက်တဲ့အပြင် ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောကို ကြားခံလိုက်တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ဒုစစ်ခေါင်းဆောင်ဟာ စစ်ခေါင်းဆောင်ကို တိုက်ရိုက်တွေ့ခွင့်လည်း မရတော့ဘဲ ညိုစောကတစ်ဆင့် ဆက်သွယ်ရတယ်လို့လည်း အဲဒီသတင်းရင်းမြစ်တွေက ပြောပါတယ်။
ပေါက်ကိုယ်တော် အရိယဝံသဟာ မဘသဦးဆောင်ဘုန်းကြီး ဦးဝီရသူရဲ့ လက်ရင်းတပည့်ဖြစ်ပြီး မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(မန္တလေး)အဖွဲ့ဝင်လည်းဖြစ်ပါတယ်။
သူဟာ ၂၀၁၈ ခုနှစ်ထဲ NLD အစိုးရ ပြုတ်ကျရေး မန္တလေးမှာ သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့လို့ တခြားမဘသဘုန်းကြီးတွေနဲ့အတူ ဖမ်းဆီးခံရပြီး မန္တလေးအိုးဘိုထောင်မှာ တစ်နှစ်လောက် အကျဉ်းကျခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်လက်အောက်ခံ ပျူစောထီးပြည်သူ့စစ်ဖွဲ့ရေးအတွက် အကူအညီပေးနေသူလည်းဖြစ်ပါတယ်။
****************************************
တစ်ဆိုင်လုံးကရွှေတွေ ပါသွားတဲ့ မန်းက ရွှေဆိုင်ဓားပြတိုက်ခံရမှု
မန္တလေးမြို့လယ် မြို့မဈေးကြီးထဲက ဆယ်သန်းအမည်ရ ရွှေဆိုင်ဟာ ဇန်နဝါရီ ၁၉ ရက် သောကြာနေ့မှာ ကံဆိုးမှုတစ်ခုကြုံတွေ့ခဲ့ရပါတယ်။
ဓားပြတိုက်ခံရတာပါ။
မန္တလေးတိုင်း၊ မန္တလေးမြို့၊ မြို့မဈေးထဲမှာရှိတဲ့အဲဒီရွှေဆိုင် ဓားပြတိုက်ခံရမှုမှာ တစ်ဆိုင်လုံးက ရွှေတွေပါသွားတယ်လို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
အွန်လိုင်းပေါ်ပျံ့နှံ့လာတဲ့ CCTV ကင်မရာက ရိုက်ယူထားတဲ့ဗီဒီယိုထဲ အေးအေးလူလူ ရွှေတွေကို တစ်ခုမကျန်အိတ်ထဲကောက်ထည့်နေတဲ့ နှာခေါင်းစီးတပ်ထားတဲ့ လက်နက်ကိုင် ဓားပြသုံးဦးကို တွေ့မြင်ခဲ့ရပါတယ်။
“ဝင်သွားတော့လည်း အေးဆေးပဲ။ ထွက်လာတော့လည်း အေးဆေးပဲ။ ဓားပြတိုက်သွားမှန်းကို မသိရဘူး။ အဲဒီဆိုင်ဝန်ထမ်းတွေက ဓားပြတိုက်သွားတယ်လို့ပြောမှပဲ သိရတာ” လို့ အဲဒီဆိုင်နဲ့ တစ်လမ်းထဲမှာရှိနေတဲ့ CJ Platform ရဲ့ သတင်းရင်းမြစ်က ပြောပြပါတယ်။
CCTV ဗီဒီယိုထဲ ဓားပြသုံးဦးထဲက တစ်ဦးကနေ ရွှေတွေထည့်နေချိန် ” တစ်ယောက်မှမလှုပ်နဲ့နော်။ ကိုယ့်ဘာကိုယ် အေးဆေးနေနော်။ ငါတို့ ထွက်သွားတဲ့အထိနော်” ဟု ခြိမ်းခြောက် ပြောဆိုနေတာကို ကြားရပါတယ်။
“သူတို့က ပစ္စတိုတွေနဲ့။ သုံးယောက်လာတာ။ ဆိုင်က ဝန်ထမ်းတွေက မိန်းကလေးတွေချည်းပဲလေ။ ဘယ်လိုမှ မလှုပ်ရဲဘူး။ လှုပ်လည်း ကိုယ့်အသက်ဆုံးရုံကလွဲပြီး ဘာမှရမှာမဟုတ်ဘူးလေ။ အဲဒါကြောင့် ဟိုကောင်(ဓားပြ)တွေက အေးဆေးလုပ်သွားတာပေါ့” ဟု မန်းမြို့ခံက ပြောပါတယ်။
တစ်ဆိုင်လုံးက ရွှေတွေပါသွားတာကြောင့် ကာလတန်ဖိုးအနေနဲ့ ကျပ်သိန်းသောင်းချီရှိနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်တဲ့ သူက ခန့်မှန်းတွက်ချက်ပြပါတယ်။