ပြည်သူ ၃၀ ဦးအား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးကာ သွားလာနေသည့် စစ်ကောင်စီတပ် အတိုက်ခံရပြီး တစ်ဦးသေ 

Author မင်းထက်
Categories
Published on Jan 18, 2024

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ပြည်သူ ၃၀ ဦးအား ဖမ်းဆီးကာ လူသားဒိုင်းကာအဖြစ် အသုံးပြုပြီး သွားလာနေသည့် စစ်ကောင်စီ စစ်ကြောင်းကို  တိုက်ခိုက်ရာ စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက CJ Platform သို့ပြောသည်။

 

ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ရေစကြိုမြို့နယ် ခလရ ၂၅၈ တပ်ရင်းမှ  စစ်သားများနှင့် ဇီးတောရွာမှ ပျူစောထီးများ ပူးပေါင်း အင်အား ၄၀ ကျော်ပါ စစ်ကြောင်းသည် ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးကာ  စစ်ကြောင်းထိုးလာပြီး အရှေ့သဲပုံရွာမှ လင်းကတော ရဲစခန်းသို့ ဦးတည် ထွက်ခွာလာကြောင်း၊  စခန်းမရောက်မီ လမ်းခုလပ် တစ်နေရာတွင် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီး လက်နက်ငယ်များဖြင့် တိုက်ခိုက်ရာ ပျူစောထီး ၁ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

 

“ဇီးတောပျူရွာအနီးမှာ ၁၅ ယောက်ခန့်နဲ့ တပ်ရှေ့က ဖြတ်သွားဖြတ်လာလုပ်တဲ့ ပြည်သူတွေကို ထိန်းထားပြီးခေါ်သွားတာဗျ၊ စစ်ကြောင်းကို တိုက်ခိုက်ရာမှာ ပြည်သူအထိအခိုက်ကတော့မရှိဘူးဗျ၊ အခုထိတော့ ပြန် မလွှတ်သေးဘူး၊ လင်းကတော စခန်းမှာပဲဗျ” ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါ စစ်ကြောင်းအား တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း၊ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသော အရပ်သားပြည်သူများကို ငဲ့ကွက်၍ ရှောင်ကွင်းကာ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူများအထိခိုက်မရှိခြင်းကို အခိုင်အမာသတင်းရရှိကြောင်း ၄င်းကပြောသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် (ပ.က.ဖ)နှင့် ပခုက္ကူခရိုင် တပ်ရင်းအမှတ် (၉)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။