ပလက်ဝရှိ ခလရ (၂၈၉)၊ စကခ (၁၉) တပ်တို့မှ သိမ်းဆည်းရမိသည့် ကျပ်သန်းပေါင်းများစွာတန် လက်နက်ခဲယမ်းများကို AA ထုတ်ပြ

Author အဂ္ဂ
Categories
Published on Jan 18, 2024

ပလက်ဝဒေသအခြေစိုက် ရှေ့တန်းတပ်မဌာနချုပ်ဖြစ်သည့် ခြေလျင်တပ်ရင်း (ခလရ) ၂၈၉ နှင့် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် (စကခ) တပ်စခန်းများမှ သိမ်းဆည်းရမိခဲ့သည့် လက်နက်ကြီး လက်နက်ငယ် အမြောက်အမြားနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို ရက္ခိုင့်တပ်တော် (AA) က ယနေ့ (ဇန်နဝါရီ ၁၈ ရက်) နေ့လယ်ပိုင်းတွင် ထုတ်ပြန်ပြသခဲ့သည်။

ရက္ခိုင့်တပ်တော် ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံများအရ သိမ်းဆည်းရမိသည့်အထဲတွင် သံချပ်ကာကား နှစ်စီး၊ အတွဲလိုက်ဒုံးများ၊ ဟောင်ဝှစ်ဇာအမြောက်၊ လက်နက်ကြီး၊ လက်နက်ငယ်၊ ဗုံးသီး၊ ကျည်ဆန်မြောက်မြားစွာတို့ ပါဝင်သည်ကို တွေ့ရှိရသည်။

 

ရက္ခိုင့်တပ်တော်သည် ပလက်ဝဒေသကို ယမန်နှစ် ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၁၃) ရက်နေ့ကတည်းက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပလက်ဝဒေသရှိညစစ်ကောင်စီ စခန်းများ တစ်ခုပြီးတစ်ခု သိမ်းယူနိုင်ခဲ့ကာ စစ်ဆင်လေးနှစ်လ ပြည့်ပြီး နောက်တစ်ရက်ဖြစ်သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁၄) ရက်နေ့‌တွင် ပလက်ဝဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ကာ ပလက်ဝဒေသသည် စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သည်ဟု ကြေညာခဲ့သည်။

ရက္ခိုင့်တပ်တော်သည် ယခင်ကလည်း ပလက်ဝဒေသရှိ စစ်ရေးအရ‌ အရေးပါသည့် ထရွန်အိုင် ဗျူဟာကုန်းနှင့် နှုံးဘူးဗျူဟာကုန်းများကို သိမ်းပိုက်နိုင်ခဲ့စဉ်ကလည်း ဟောင်ဝှစ်ဇာအမြောက်များအပါအဝင် လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းထားနိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

Related News

Depend on news