ခရီးသည်တင်ယာဉ်ဖြင့် ဖြတ်သန်းလာသည့် စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရ

Author မင်းထက်
Categories
Published on Jan 18, 2024

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်တွင် ခရီးသည်တင်ယာဉ် နှစ်စီးဖြင့် ဖြတ်သန်းသွားလာသည့် စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dog Killers People’s Defence Force-Myinmu၏ တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ယမန်နေ့ ဇန်နဝါရီ ၁၇ ရက် နံနက် ၆ နာရီ ၄၅မိနစ်ခန့်က မြင်းမူမြို့မှ စစ်ကောင်စီတပ်သားများ လိုက်ပါလာသော ယာဉ်နှစ်စီးအား မြင်းမူနှင့် ဝမ်းပြည့်ကျေးရွာကြား၌ PDF များက စစ်ဆေးရန် တားဆီးခဲ့ကြောင်း၊ တားသော်လည်း ကားမှာရပ်မပေးဘဲ အရှိန်ပြင်းစွာ မောင်းနှင်လာသောကြောင့် ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ၄င်းက ပြောသည်။

 

“စစ်‌ေ-ွးသီးသန့်ပါ ပြည်သူတွေမပါဘူး။ အင်အားက နှစ်စီးဆိုရင် ခန့်မှန်းချေ ၆၀ လောက်ဗျ။  မြင်းမူးမြို့ပေါ်က ‌ေ-ွးကလာလို့သွားတာ။ သူတို့က ကားကို အရှိန်ပြင်းပြင်းမောင်းလာတယ်။ သတင်းကလည်း ရထားတာကြောင့် ကျွန်တော်တို့ဘက်က လက်ဦးမှုနဲ့ပစ်တာ သူတို့ကမပစ်နိုင်ဘူး” ဟု အထက်ပါ တာ၀န်ရှိသူက ပြောသည်။

 

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်၏ အရာရှိ နှစ်ဦး ဒဏ်ရာပြင်းထန်ပြီး တပ်သားသုံးဦးလည်း ဒဏ်ရာရရှိကြောင်း မြေပြင်သတင်းများအရ သိရကြောင်း ၎င်းက ဆိုသည်။ထို ထိခိုက်မှုနှင့် ပတ်သက်၍ CJ Platform က သီးခြား အတည်မပြုနိုင်ပေ။

 

အဆိုပါ စစ်ဆင်ရေးကို မြင်းမူမြို့နယ် အခွန်ကောက်အဖွဲ့၊ Dog Killers People’s Defence Force Myinmu (DK PDF-MMU)၊ D.B.B.F.MMUစသည့် မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

မုံရွာ – မန္တလေးလမ်းသည် စစ်ကိုင်းတိုင်းအတွင်းတွင် ကူးသန်းသွားလာရေး အဓိက အကျဆုံး လမ်းမကြီးတစ်ခုဖြစ်ပြီး စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားတိုင်းလည်း ဒေသတွင်း PDFအဖွဲ့များက လမ်းတစ်လျှောက် တော်လှန်တိုက်ခိုက်လျက်ရှိသည်။ ထိုလမ်းပိုင်းတွင် စစ်ကောင်စီတပ်က နံနက်အစောပိုင်းသွားသည့် ပြည်သူများ​၏ ကားများအား ချောဆွဲနေ၍ ပြည်သူများအနေဖြင့် နံနက် ၅ မထိုးမီ ဖြတ်သန်းသွားလာခြင်းမပြုရန်လည်း PDFအဖွဲ့များက သတိပေးထားသည်။