သုံးရက်တာ အတွင်း စစ်ကောင်စီ၏ တင့်ကား နှစ်စီးနှင့် သံချပ်ကာ တစ်စီးအား တော်လှန်ရေးအဖွဲ့များမှ ဖျက်ဆီးနိုင်ခဲ့

Author လင်းနွေဦး
Categories
Published on Jan 17, 2024

ပဲခူးတိုင်း ၊ညောင်လေးပင်ခရိုင်၊ မူး(မုန်း)မြို့နယ်၊ နတ်သံကွင်းမြို့ သို့ ပစ်ကူပေးရန် လာရောက်သည့် စစ်ကောင်စီတပ်မှ တင့်ကား နှစ်စီးနှင့် သံချပ်ကာ တစ်စီးတို့အား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)နှင့် ပူးပေါင်းတပ်ဖွဲ့များမှ ၃ ရက်တာအတွင်း ဖျက်ဆီးနိုင်ခဲ့ကြောင်း မူးရှေ့တန်းရောက် တော်လှန်ရေးရဲဘော် တစ်ဦးမှ CJ Platform သို့ ပြောသည်။

 

KNLA ဦးဆောင်သော ပူးပေါင်းမဟာမိတ် တပ်ဖွဲ့များသည် ပြီးခဲ့သည့် ဒီဇင်ဘာ (၄)ရက်နေ့မှ စတင်ကာ မူးမြို့နယ် အတွင်းရှိ စစ်ကောင်စီ တပ်စခန်းများအား သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ပဲနွယ်ကုန်းမြို့ နှင့် နတ်သံကွင်းမြို့ များတလျောက် နယ်မြေစိုးမိုးနိုင်ရန် ယနေ့ထက်တို င်ကြိုးပမ်းလျက် ရှိကြောင်း ၎င်း တော်လှန်ရေးရဲဘော်မှ ဆိုသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီ (၄) ရက်နေ့ မှစတင်ကာ တော်လှန်ရေးအဖွဲ့များမှ ကြိုတင်သတင်းရရှိခဲ့သဖြင့် စစ်ကူလာရောက်မည့် လမ်းကြောင်းများတွင် တင့်ဖျက်မိုင်းများထောင်ခဲ့ပြီး စောင့်ဆိုင်းခဲ့ရာ ဇန်နဝါရီ (၄)ရက်နေ့ မနက် ၃ နာရီခန့်တွင် တစ်လုံး၊ ဇန်နဝါရီ ၅ ရက်နေ့ ည ၉ နာရီခန့်တွင် တစ်လုံးနှင့် ၆ ရက်နေ့ နေ့လယ် ၁၁ နာရီ ခွဲ ခန့်တွင် တစ်လုံး စုစုပေါင်း တင့်ဖျက်မိုင်း သုံးလုံး ပေါက်ကွဲခဲ့သည်ဟု ရှေ့တန်းရောက် တော်လှန်ရေးရဲ​ဘော်၏ ပြောပြချက်အရ သိရသည်။

 

“သတင်းရလို့ အဲ့နေ့တွေထဲက လမ်းကြောင်းတွေမှာ ကြိုစောင့်ပြီး မိုင်းတွေ ထောင်ခဲ့တာ မကြာပါဘူး တစ်လုံး ပြီး တစ်လုံး ပေါက်ပါလေရော ကျွန်တော် တို့ သွားကြည့်ချိန်မှာတော့ ဒီကောင်တွေ သံချပ်ကာ တစ်စီးနဲ့ တင့်ကား တစ်စီးကိုတော့ ကရိန်းနဲ့ ပဲနွယ်ကုန်းမြို့ထဲ ပြန်ဆွဲသွားတာ တွေ့ရတယ်  နောက်ဆုံးပေါက်တဲ့ မိုင်းထိတဲ့ တင့်ကားကိုလည်း ဒီကောင်တွေ ဘယ်လို သယ်လဲတော့ မပြောတတ်ဘူး ညောင်ဝိုင်းရွာနားတောင်  ရောက်နေတယ်ဆိုပြီး ရွာသားတွေ သတင်းပို့လို့ သိရတာ” ဟု ၎င်းရဲဘော်မှ CJ Platform သို့ ပြောသည်။

 

ယခုဖြစ်စဉ်အား ကရင်အမျိုးသားအစည်းအရုံး(KNU)၏ တရားဝင် ပြန်ကြားရေး လူမှုစာမျက်နှာ ၌ လည်း ယနေ့ရက်စွဲဖြင့် အတည်ပြုထုတ်ပြန်ထားသည်။

 

လက်ရှိ အချိန်တွင်လည်း KNLA ဦးဆောင်သော ပူးပေါင်းမဟာမိတ် တပ်ဖွဲ့များ အနေဖြင့် မူးမြိုနယ် အတွင်းရှိ ပဲနွယ်ကုန်း ၊သဲကော၊ ညောင်ဝိုင်း ၊ နတ်သံကွင်း စသော ဒေသများရှိ စစ်ကောင်စီတပ်များနှင့် ထိတွေ့မှုများ မကြာခဏဖြစ်ပွားကာ နယ်မြေစိုးမိုးနိုင်ရန် ကြိုးစားလျက်ရှိသဖြင့် စစ်ကောင်စီဘက်မှ တပ်စခန်းများ ထပ်မံမဆုံးရှုံးစေရေးအတွက် လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူအပါအဝင် ယခုကဲ့သို့ တင့်ကားနှင့် သံချပ်ကာ ကားများအထိ အသုံးပြုကာ ခုခံလျက် ရှိသည်ဟု CJ Platform ၏ မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။