မန္တလေးတွင် စစ်တပ်နှင့်ပေါင်းပြီး လောင်းကစားဝိုင်း အကြီးအကျယ်လုပ်နေ

Author အဂ္ဂ
Categories
Published on Jan 17, 2024

မြန်မာနိုင်ငံ‌တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှုမရှိတော့သည့်သက်သေအနေဖြင့် ဒုစရိုက်မှုများစွာဖြစ်ပေါ်လာသည့်အထဲ လောင်းကစားဝိုင်းများစွာပေါ်ပေါ်ထင်ထင် ပြုလုပ်လာခြင်းကလည်း အပါအဝင်ဖြစ်သည်။

 

ထိုလောင်းကစားဝိုင်းများမှတစ်ဆင့် ရန်ဖြစ်၊ လူသတ်၊ ရိုက်နှက်မှုများ၊ လုယက်မှုများ အဆင့်ဆင့်ဖြစ်ပေါ်နေသော်လည်း စစ်ကောင်စီ အောက်ခြေက ‘ငွေရပြီးရော’ ဟူ၍ လွှတ်ထားသကဲ့သို့ အထက်ကလည်း လုပ်ချင်ရာလုပ်သဘောဖြင့် သိကျိုးကျွံပြုထားသည်မှာ သုံးနှစ်ပင်ပြည့်တော့မည်။

 

ယခုလည်း မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာတွင် စစ်တပ်နှင့် ၎င်းတို့လက်အောက်ခံအုပ်ချုပ်ရေးအဖွဲ့၊ လူမိုက်တို့ပူးပေါင်းပြီး လောင်းကစားဝိုင်းများ အကြီးအကျယ်ပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

 

ထိုလောင်းကစားဝိုင်းများသည် ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်းမှစ၍ ရာနှင့်ချီသည့်လူစုလူဝေးဖြင့် အကြီးအကျယ်ပြုလုပ်နေကြခြင်းဖြစ်ကြောင်း ယင်းလောင်းကစားဝိုင်းများအနီးရှိ ‌မျက်မြင်ဒေသခံတစ်ဦးက CJ Platform  သို့ ပြောသည်။

 

” မနက် ၉ နာရီ၊ ၁၀ နာရီ လောက်ကနေ ညနေ ၆ နာရီလောက်အထိပဲ။ လူတွေကတော့ အများကြီးပဲ။ ခြံကြီးထဲမှာ အဆောက်အအုံနဲ့ကို အကြီးအကျယ်လုပ်နေတာ။ နှစ်လုံး၊ သုံးလုံး၊ ဖဲဝိုင်း၊ ဂျင်ဝိုင်း၊ ကြက်ဝိုင်းကအစ အကုန်ပါတယ် ” ဟု ၎င်းက ဆိုသည်။

 

ယမန်နေ့ (ဇန်နဝါရီ ၁၆ရက်)က ဂျင်ဝိုင်း‌ဖွင့်ပွဲကို ထမင်းကျွေးအလှူလုပ်ပြီး အကြီးအကျယ် ပြုလုပ်ခဲ့ကြောင်း တမုတ်ဆိုးရွာခံအချို့ထံမှ သိရသည်။

 

အဆိုပါ လောင်းကစားဝိုင်းပြုလုပ်သည့်ကျေးရွာနှင့် ကပ်လျက်ဖြစ်သည့် ကန်ရိုးရွာတွင် စစ်ကောင်စီတပ်က အထိုင်ချတပ်စွဲထားပြီး ထိုလောင်းကစားဝိုင်းများကို စစ်တပ်က အကာအကွယ်ပေးထားခြင်းဖြစ်သည်ဟု ဒေသခံများမှ ပြောသည်။

 

” ကန်ရိုးမှာ တပ်စွဲထားတာလေ။ တမုတ်ဆိုးနဲ့ဆို ဘယ်လောက်မှ မဝေးဘူး။ ဆိုင်ကယ်နဲ့ နှစ်မိနစ်ပဲ။ အရင်ကတော့ ရဲကြေးပေးပြီး လုပ်တယ်။ အခုတော့ စစ်တပ်နဲ့ ပေါင်းပြီး လုပ်နေကြတာ။ ဘယ်သွားတိုင်ရမလဲဆိုတာလည်း မသိဘူး” ဟု ဒေါင်းရွေးကျေးရွာမှ ပြည်သူတစ်ဦးက CJ Platform သို့ ပြောသည်။

 

စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့တွင် လောင်းကစားဝိုင်းများ အကြီးအကျယ်ပြုလုပ်နေခြင်းအပါအဝင် လူသတ်မှု၊ လုယက်မှုများ‌ နေရာအနှံ့အပြားတွင် အများအပြားဖြစ်နေသော်လည်း စစ်ကောင်စီက ဖမ်းဆီးအရေးယူခြင်းများ မရှိ‌သလောက် နည်းပါးနေကြောင်း ဒေသခံများထံမှ သိရသည်။