ဟိုင်ဂင်သဘောတူညီမှုကို စစ်ကောင်စီဘက်က စတင်ချိုးဖောက်၊ ကျောက်မဲရှိ TNLA တပ်စခန်းကို ဝင်တိုက်၍ ဆုတ်ခွာရ

Author အဂ္ဂ
Categories
Published on Jan 13, 2024

စစ်ကောင်စီနှင့် ညီနောင်သုံးဖွဲ့တို့ကြား ဟိုင်ဂင်သဘောတူညီမှုကို ရက်ပိုင်းအတွင်း စစ်ကောင်စီဘက်က စတင်ဖောက်ဖျက်လိုက်ပြီဖြစ်သည်။

 

ဇန်နဝါရီ ၁၁ ရက် ည ၉ နာရီမှစတင်ကာ ယာယီအပစ်ရပ်စဲရန် သဘောတူညီထားသော်လည်း ယနေ့(ဇန်နဝါရီ ၁၃ ရက်)နံနက် ၉ နာရီ ၁၈ မိနစ်ခန့်က ကျောက်မဲမြို့ရှိ စစ်ကောင်စီ၏ တပ်ရင်း (၅၀၁) နှင့် (၅၀၂) စခန်းများမှ အင်အားအလုံးအရင်းဖြင့် ကျောက်မဲမြို့ပြင်ရှိ  တအာင်းတပ်(TNLA)၏ ငြိမ်းချမ်းရေးကုန်းရှိ စခန်းကို ဝင်ရောက်တိုက်ခိုက်ကြောင်း TNLA က ယနေ့ နေ့လယ်ပိုင်းတွင် ထုတ်ပြန်သည်။

 

ထို့ကြောင့် စစ်ကောင်စီတပ်များနှင့် တအာင်းတပ်ကြား နှစ်နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ငြိမ်းချမ်းရေးကုန်းအနီးရှိ အရပ်သားပြည်သူများ စစ်ဘေးဒဏ်သင့်မည်ဆိုးသည့်အတွက် တအာင်းတပ်ဘက်က ယာယီနောက်ဆုတ်ပေးလိုက်ရသည်ဟု ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

ယနေ့တိုက်ပွဲနှင့်ပတ်သက်၍ TNLA တာဝန်ရှိသူထံ CJ Platform သတင်းဌာနက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

 

ဇန်နဝါရီ (၁၁) ရက်နေ့တွင် အပစ်ရန်ရန် သဘောတူလက်မှတ်ထိုးထားသော်လည်း ယခုကဲ့သို့ စစ်ကောင်စီဘက်မှ စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းသည် သဘောတူစာချုက်ကို ပေါ်ပေါ်တင်တင်ချိုးဖောက်ခြင်းဖြစ်ပြီး ယခုလုပ်ရပ်သည် အပစ်ရပ်စဲရေးစာချုပ်ကို ဒုတိယအကြိမ်ချိုးဖောက်ခြင်းဖြစ်သည်ဟု ဆက်လက်ဖော်ပြထားသည်။

 

စစ်ကောင်စီသည် အပစ်ရပ်စဲပြီး နောက်တစ်ရက်ဖြစ်သည့် ယမန်နေ့(ဇန်နဝါရီ ၁၂)ရက်နေ့က ယာယီအပစ်ရပ်ရေးစာချုပ်ကို ချိုးဖောက်ကာ တအာင်းစစ်ဒေသရှိ နမ့်ဆန်၊ နမ္မတူ၊ သီပေါ၊ ကျောက်မဲ၊ လာရှိုးနှင့်  မိုးကုတ်မြို့နယ်တို့ရှိ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးဖြင့် အကြိမ်ရေ(၃၀)နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် စာသင်ကျောင်းအပါအဝင် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရသည်ဟု ညီနောင်သုံးဖွဲ့က ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။

 

ညီနောင်သုံးဖွဲနှင့် စစ်ကောင်စီကိုယ်စားလှယ်များ တရုတ်နိုင်ငံ ကူမင်းမြို့တွင် နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးပြီးနောက် အဓိက အချက်သုံးချက်ပါဝင်သည့် “ဟိုင်ဂင်သဘောတူညီမှုများ” သဘောတူညီမှုရရှိရန်အတွက် ရှမ်းမြောက်ရှိ စစ်ကောင်စီစခန်းများ ဗျူဟာကုန်းများကို ညီနောင်သုံးဖွဲ့မှ ထိုးစစ်ဆင်စတင်မပြုလုပ်ရန်သဘောတူညီပေးခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ရှမ်းမြောက်ဒေသရှိ ညီနောင်မဟာမိတ်သုံးဖွဲ့ထိန်းချုပ်ထားသည့်နေရာများသို့ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုမလုပ်ရန် သဘောတူညီခဲ့သည်ဟု ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

 

သို့သော်လည်း သဘောတူညီမှု အသက်ဝင်သည့်နေ့မှာပင် စစ်ကောင်စီဘက်က လေကြောင်းနှင့် လက်နက်ကြီးများဖြင် ပစ်ခတ်တိုက်ခိုက်မှုများလုပ်နေပြီဖြစ်ပြီး ယခုဆိုလျှင် စစ်ကောင်စီဘက်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်မှုများကိုလည်း ပေါ်ပေါ်တင်တင်ပြုလုပ်နေပြီဖြစ်သည်။

 

“ဟိုင်ဂင်သဘောတူညီချက်များ”

 

(၁) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁၁) ရက်၊ ညနေ (၉) နာရီခန့်မှစတင်၍ နှစ်ဖက်တပ်များ ချက်ချင်းအပစ်ရပ်စဲရေး၊

 

(၂) နှစ်ဖက်တပ်ဖွဲ့ဝင်အချင်းချင်းကြားတွင် ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရေး၊

 

(၃) အကယ်၍ အငြင်းပွားဖွယ်ရာများနှင့် လိုလားချက်များ (ပစ်ခတ်မှုများ) ဖြစ်ပေါ်လာခဲ့ပါက တွေ့ဆုံဆွေးနွေးမှုလမ်းစဉ် ဖြင့်ဖြေရှင်းရေး

စသည့်အဓိကအချက်သုံးချက်ပါဝင်ကြောင်း ညီနောင်သုံးဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး  ယာယီအပစ်ရပ်စဲရေး သဘောတူညီမှု အချိန်ကာလ မည်မျှကြာသည်အထိ အပစ်အခတ်ရပ်စဲမည်ကိုမူ မသိရှိရသေးကြောင်း တအာင်းတပ်မတော် (PSLF/TNLA) ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောထားသည်။