ယာယီအပစ်ခတ်ရပ်စဲရေး အချိန်ကာလ မည်မျှကြာမည်ကို မသိရသေး 

Author လဂွန်းအိမ်
Categories
Published on Jan 12, 2024

တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် (၃)ဖွဲ့ ဆွေးနွေးပွဲ၌ ရှမ်းမြောက်ဒေသတွင် ယာယီအပစ်ခတ်ရပ်စဲအား သဘောတူညီခဲ့ကြသော်လည်း အချိန်ကာလ မည်မျှကြာသည်အထိ အပစ်အခတ် ရပ်စဲမည်ကိုမူ မသိရှိရသေးကြောင်း တအာင်းတပ်မတော် PSLF / TNLA မှ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောသည်။

 

ယာယီအပစ်ခတ်ရပ်စဲရေးအတွက် ဆွေးနွေးခဲ့မှု အခြေအနေများအား တအာင်းတပ်မတော် PSLF / TNLA မှ ပြန်ကြားရေးဌာနသို့ CJ Platform မှ ဆက်သွယ်မေးမြန်းရာတွင် “ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့ မသိရသေးဘူး၊ အထက်ကလည်း ဘာမှ ညွှန်ကြားထားတာ မရှိသေးဘူး”ဟု ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးမှ ဇန်နဝါရီ ၁၁ရက်နေ့ ညနေပိုင်းတွင် ဖြေကြားထားသည်။

 

ကူမင်းမြို့မှာ ပြုလုပ်ခဲ့သည့် ယင်းဆွေးနွေးပွဲကို MNDAAမှ ဖုန်ခွန်း၊ကျင်းရှင်နဲ့ အဖွဲ့ဝင်ငါးဦး၊ ULA/AAမှ ဒေါက်တာညိုထွန်းအောင်နှင့် အဖွဲ့ဝင် ခုနစ်ဦး၊ PSLF/TNLAမှ ဗိုလ်မှူးချုပ် တာဘုန်းကျော်နှင့် အဖွဲ့ဝင် ခုနစ်ဦး တက်ရောက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဒုဗိုလ်ချုပ်ကြီး မင်းနိုင်နှင့်အဖွဲ့ တက်ရောက်ခဲ့ကြောင်း၊  ယာယီအပစ်ခတ်ရပ်စဲရေးမှာ ဇန်နဝါရီ ၁၁ရက်နေ့ ည ၁၀နာရီတွင် စတင်အသက်ဝင်နေပြီဖြစ်ကြောင်း RFA၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

 

ယာယီအပစ်ခတ်ရပ်စဲရေး သဘောတူညီချက်အား ရက္ခိုင့်တပ်တော် AA ကမူ လက်ခံခဲ့ခြင်း မရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေခဲ့သော်လည်း CJ Platform အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

 

စစ်ကောင်စီ၏ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်း ကမူ တရုတ်နိုင်ငံအကူအညီဖြင့် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် တွေ့ဆုံညှိနှိုင်းခဲ့ပြီး ယာယီအပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ကြောင်း၊ ဆက်လက်ဆွေးနွေးရန်များရှိနေပြီး သဘောတူညီချက် ခိုင်မာစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တရုတ်မြန်မာ နှစ်နိုင်ငံ ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းတို့၏ ဝါဒဖြန့်ချိရေး သတင်းဌာနများတွင် ဖော်ပြထားသည်။

 

ညီနောင်မဟာမိတ်သုံးဖွဲ့ကမူ ဇန်နဝါရီ ၁၂ရက်နေ့ ည ၉နာရီခွဲတွင် ဟိုင်ဂင်သဘောတူညီမှု ဆွေးနွေးပွဲ နောက်ဆက်တွဲရလဒ်အဖြစ် ယာယီအပစ်ရပ်စဲရေး သဘောတူညီချက်တွင် ပါဝင်သည့် အချက်အလက်များအား ဖော်ပြလာခဲ့ပြီး  (၁) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁၁) ရက်၊ ညနေ (၉) နာရီခန့်မှစတင်၍ နှစ်ဖက်တပ်များ ချက်ချင်းအပစ်ရပ်စဲရေး၊  (၂) နှစ်ဖက်တပ်ဖွဲ့ဝင်အချင်းချင်းကြားတွင် ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရေး၊ (၃) အကယ်၍ အငြင်းပွားဖွယ်ရာများနှင့် လိုလားချက်များ (ပစ်ခတ်မှုများ) ဖြစ်ပေါ်လာခဲ့ပါက တွေ့ဆုံဆွေးနွေးမှုလမ်းစဉ် ဖြင့်ဖြေရှင်းရေး စသည့် အချက်များအား သဘောတူညီချက်များ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။ 

 

သဘောတူညီမှုများရရှိရေးအတွက် ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ရှမ်းမြောက်ရှိ စစ်ကောင်စီ၏ စခန်းများ၊ ဗျူဟာကုန်း များအား ထိုးစစ်ဆင်တိုက်ခိုက်မှုများကို စတင်မပြုလုပ်ရန် သဘောတူခဲ့ပြီး စစ်ကောင်စီဘက်မှလည်း ရှမ်းမြောက်ဒေသရှိ ၎င်းတို့ ထိန်းချုပ်၊ သိမ်းပိုက်ထားသောနေရာများအားလုံးသို့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု မလုပ်ရန် သဘောတူခဲ့ကြသည်။