ပန်းတောင်းတွင် စစ်ကောင်စီ ပြည်သူ့စစ်ဖွဲ့ရန် မဲနှိုက် လူစုနေ၊ မဲပေါက်ပြီး မလိုက်လိုသူများ ငွေငါးသိန်း‌တောင်း

Author ခေတ်နီ
Categories
Published on Jan 12, 2024

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်ကောင်စီက ပြည်သူ့စစ်ဖွဲ့စည်းရန်အတွက်ဟုဆိုကာ ကျေးရွာ/ရပ်ကွက်များကို မဲနှိုက်ရွေးချယ်၍ လူစုဆောင်းနေရာတွင် မဲပေါက်ပြီး မလိုက်လိုသူများ ငွေပေးရကြောင်း ပန်းတောင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။

 

စစ်ကောင်စီက ပြည်သူ့လုံခြုံရေးစနစ်တိုးမြှင့်မည်ဟု ဇန်နဝါရီ ၉ ရက်နေ့က ပြောဆိုပြီးနောက်ပိုင်း ပန်းတောင်းမြို့နယ်၌ ယခုရက်ပိုင်းအတွင်း ပြည်သူ့စစ်အဖွဲ့အတွက် လူစုဆောင်းမှုများ စတင်လာခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

 

“မဲတွေနှိုက်တဲ့ ရွာတွေနှိိုက်ပြီးကုန်ပြီ။ အစ်မတို့ ဘေးရပ်ကွက်ဆိုလည်း မနေ့(ဇန်နဝါရီ ၁၁ ရက်)က နှိုက်ရတယ်။ မလိုက်ချင်တဲ့သူတွေက ပိုက်ဆံပေးရတယ်။ အကုန်လုံးမျက်ရည်နဲ့မျက်ခွက်တွေဖြစ်နေကြတယ်။ တကယ်ကြီးကို လုပ်ပစ်နေတာ” ဟု ပန်းတောင်းဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

 

ထိုသို့ကျေးရွာများ၌ မဲနှိုက်ရာတွင် မဲပေါက်သော်လည်း ပြည်သူ့စစ်အဖြစ် မလိုက်လိုပါက စစ်ကောင်စီ လူတစ်ဦးလျှင် ငွေကျပ် ငါးသိန်းအထိ ကောက်ခံနေကြောင်း အဆိုပါဒေသခံအမျိုးသမီးက ဆိုသည်။

 

စစ်ကောင်စီသည် ရှမ်းပြည်(မြောက်ပိုင်း)တွင်ဖြစ်ပွားနေသည့် ၁၀၂၇ စစ်ဆင်ရေးအပါအဝင် လက်နက်ကိုင်တော်လှန်ရေးအားကောင်းသည့်ဒေသများအတွင်း ကျဆုံးမှုနှင့် လက်နက်ချအညံ့ခံမှုများကြောင့် စစ်အင်အားလျော့ပါးနေရာ ပြည်သူ့လုံခြုံရေးစနစ်တိုးမြှင့်ရန်ဆိုသည့်အကြောင်းပြချက်ဖြင့် လူသစ်စုဆောင်းမှုများအပြင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာမှစတင်ကာ စစ်ဥပဒေဖြင့် အကျဥ်းကျခံနေရသည့် စစ်သားများနှင့် စစ်မှုထမ်းဟောင်းများကို ရာထူးတစ်ဆင့်တိုးပေးကာ ပြန်လည်ခေါ်ယူမှုများလုပ်ဆောင်ခဲ့သည်။

 

ထိုနည်းတူပြီးခဲ့သည်နှစ် နိုဝင်ဘာလအတွင်းကလည်း ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင်ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ပြည်သူ့စစ်အဖွဲ့များအတွက် တစ်ရပ်ကွက်လျှင် အချိုးကျနှုန်းဖြင့် လူဖမ်းဆီးပေးရန် ခိုင်းစေမှုများရှိခဲ့သေးသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်