ရခိုင် မြောက်ပိုင်းမြို့နယ်များ ဖုန်းနှင့် အင်တာနက်လိုင်းပြတ်တောက်နေ၍ Kpay၊ Wave Money အပါအဝင် ဒစ်ဂျစ်တယ်ငွေကြေးစီးဆင်းမှုရပ်တန့်လုနီးပါးဖြစ်

Author လင်းနွေဦး
Categories
Published on Jan 09, 2024

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်များတွင် ဖုန်းလိုင်းအချို့နှင့် အင်တာနက်လိုင်းပြတ်တောက်မှုများဖြစ်ပေါ်နေသဖြင့် Kpay အပါအဝင် ဒစ်ဂျစ်တယ်ငွေကြေးစီးဆင်းမှုများ ရပ်တန့်လုနီးပါးဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

 

ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး စသည့်မြို့နယ်များတွင် လွန်ခဲ့သည့် ၅ ရက်(ဇန်နဝါရီ ၄)ခန့်မှစတင်ကာ ဖုန်းအင်တာနက်လိုင်းများ ပြတ်တောက်နေသကဲ့သို့ Mytel ဆင်းကဒ်နှင့် WiFi ကေဘယ်လိုင်း တပ်ဆင်ထားသူများသာ အင်တာနက်လိုင်းအသုံးပြုနိုင်ပြီး ကျန်အော်ပရေတာများအသုံးပြု၍မရကြောင်း ရခိုင်ပြည်နယ်ရှိ အသက် ၄၀ ဝန်းကျင် ဒေသခံအမျိုးသမီးတစ်ဦးက CJ Platform သို့ ပြောကြားသည်။

 

“ကျွန်မတို့ဘက်မှာတော့ အင်တာနက်ရတယ်။ မရတာက ပေါက်တော၊ ကျောက်တော်နဲ့    မြောက်ဦးဘက်တွေမှာပါ။ ကျွန်မတို့မြို့ဆီလည်း ဖုန်းလိုင်းတွေ ဖွင့်လိုက်၊ ပိတ်လိုက်ပဲ။ နယ်ရွာတွေဘက်ဆို Mytel ကလွဲပြီး ကျန်တာသုံးမရဘူး။ ခုတောင် Wifi နဲ့မလို့ သုံးရနေတာ” ဟု ၎င်းက ပြောသည်။

 

ရခိုင်မြောက်ပိုင်းသည် စစ်ကောင်စီတပ်များနှင့် ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲများပြင်းထန်‌နေသည့်အတွက် နှစ်ဖက်တပ်များ၏ လုံခြုံရေးဆိုင်ရာ တားဆီးစစ်ဆေးမှုများကြောင့် မြို့တွင်းမှ မြို့ပြင်သို့ထွက်ရန် ခက်ခဲခြင်းမှာလည်း ငွေကြေးသွားရောက် ထုတ်ယူ/လွှဲပြောင်းမှုကို အခက်တွေ့စေကြောင်း၊ ယခုကဲ့သို့ အင်တာနက်လိုင်းပြတ်တောက်ခြင်းကြောင့် ပိုမိုအခက်တွေ့စေကြောင်း အမည်နှင့် လိပ်စာ မဖော်လိုသည့် အဆိုပါအမျိုးသမီးက ဆိုသည်။

 

ဆက်သွယ်ရေးတာဝါတိုင်များလည်ပတ်ရန် ထားရှိသော မီးစက်များအတွက် စက်သုံးဆီမလုံလောက်မှုကြောင့် အင်တာနက်လိုင်းပြတ်တောက်ရခြင်းဖြစ်သည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသော်လည်း  ဒေသအခြေစိုက် ဆက်သွယ်ရေး တာဝန်ခံများထံသို့ အတည်ပြုမေးမြန်းနိုင်ရန် CJ Platform က ကြိုးပမ်းလျက်ရှိသည်။

 

ထိုသို့ ဆက်သွယ်ရေးပြတ်တောက်မှုများကြောင့် အွန်လိုင်းမှ ငွေကြေးစီးဆင်းမှုများ ရှားပါးခက်ခဲလာပြီး ငွေထုတ်/ငွေသွင်းလုပ်ကိုင်သူများနှင့် ဒေသခံများပါ အခက်အခဲကြုံတွေ့နေရသောကြောင့် ပြည်တွင်း/ပြည်ပအဝေးရောက် မိသားစုဝင်များထံမှ လွှဲပေးသော ငွေကြေးများကို လည်း ထုတ်ယူရန် အခက်အခဲရှိနေကြောင်း အသက် ၃၀ အရွယ် ရခိုင်ဒေသခံ အမျိုးသားတစ်ဦးက ပြောကြားသည်။

 

“Kpay က ငွေလွှဲလွယ်တယ်။ ထုတ်ရတာကျ ပမာဏနည်းရင်ရတယ်။ တစ်သိန်း၊ နှစ်သိန်းရတယ်။ များရင် ခွဲထုတ်ရ။ ‌အကောင့်ချင်းဆို အများရတယ်။ ကိုယ်က ငွေသားပေးရင် လိုသူက တစ်သိန်းဆို ရှစ်ရာကျပ်ပြန်ပေးတယ်။ ငွေသားစီးဆင်းမှုကြပ်တဲ့သဘောပေါ့။ Wave ဆို အကောင့်ထဲက ငွေထုတ်ရင်ခက်တယ်။ Password နဲ့ လွှဲတာကျရတယ်။ လေးငါးသိန်းထုတ်ရင် အဆင်မပြေဘူး။ တစ်သိန်းနှစ်သိန်းဆိုထုတ်ရလွယ်တယ်။ ဆိုင်တိုင်းလည်း ထုတ်မပေးနိုင်ကြဘူး” ဟု ၎င်းက ပြောသည်။

 

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသောကြောင့် ဆက်သွယ်ရေးလမ်းမကြီးများအားလုံးကဲ့သို့ ပိတ်ထား၍ မြို့နယ်များအတွင်းသို့ ကုန်စည်များ၊ စက်သုံးဆီများနှင့် အခြားသော အထွေထွေ စားနပ်ရိက္ခာများ ဝင်ရောက်မှုရှားပါးမှုများအပြင် ယခုကဲ့သို့ အင်တာနက်ခက်ခဲမှုများကြောင့် ဒေသခံများအတွက် ကြပ်တည်းမှုများစွာ ဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။