ဘော်လခဲခရိုင်ရဲစခန်းက ရဲတစ်ဦး KNDF ထံလက်နက်ဖြင့် အလင်းဝင်

Author ခေတ်နီ
Categories
Published on Jan 09, 2024

ကရင်နီ(ကယား)ပြည် ဘော်လခဲမြို့ရှိ ခရိုင်ရဲစခန်းက ရဲတပ်သားတစ်ဦး လက်နက်နှင့်တကွ အလင်းဝင်ရောက်လာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်သည်။

 

အဆိုပါ ရဲတပ်သားသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့တွင် အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်အတူ AK 22 အမျိုးအစားသေနတ်တစ်လက်ပါ ယူဆောင်လာခဲ့ကြောင်း သိရသည်။

 

အလင်းဝင်ရောက်လာသည့်ရဲတပ်သားသည် စစ်ကောင်စီတပ်၏ အမိန့်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ခြင်းကြောင့် ၎င်းတို့အနေဖြင့် သွားရောက်ခေါ်ဆောင်ခဲ့ရကြောင်း KNDF က ဆိုထားသည်။

 

လက်ရှိတွင် အဆိုပါရဲတပ်သားကို ၎င်းရရှိမည့်ဆုကြေးငွေအားပေးအပ်ပြီး လုံခြုံသည့်နေရာတွင်ထားရှိထားကြောင်း သိရသည်။

 

ထိုနည်းတူပြီးခဲ့သည့် နိုဝင်ဘာနှင့် ဒီဇင်ဘာလများကလည်း ဘော်လခဲမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ခြောက်ဦးနှင့် ၎င်းတို့၏မိသားစုဝင်တချို့ KNDF ထံ လက်နက်နှင့်တကွ ဘက်ပြောင်းခိုလှုံခဲ့ကြသည်။