စစ်ကောင်စီတပ်သား ၂၀၀ခန့် AA ထံ လက်နက်ချအညံ့ခံ၊ လက်နက်များ ရာနှင့်ချီ သိမ်းဆည်းရမိ

Author အဂ္ဂ
Categories
Published on Jan 08, 2024

စစ်ကောင်စီတပ်သား အင်အား (၂၀၀) ခန့်ရှိသည့် ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်ရှိ တောင်ရှည်တောင် ဗျူဟာစခန်းကုန်းသည် ဇန်နဝါရီလ ၆ ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA) ထံ လက်နက်ချ အညံ့ခံခဲ့ပြီး ရက္ခိုင်ပြည်မြောက်ဦး သင်းကျစ်တော်တောင်စခန်းကို ဇန်နဝါရီလ (၇) ရက်နေ့ ညနေ (၄) နာရီတွင် ရက္ခိုင့်တပ်တော် က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ အဆိုပါ စခန်းနှစ်ခုမှ သိမ်းဆည်းရမိသည့် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်း အမြောက်အမြားကို ယနေ့ (ဇန်နဝါရီ ၈ ရက်) ည ၇ နာရီခန့်တွင် ရက္ခိုင့်တပ်တော် (AA)က ထုတ်ပြန်ပြသခဲ့သည်။

တောင်ရှည်တောင် ဗျူဟာစခန်းကုန်းမှ ဟောင်ဝှစ်ဇာ အမြောက်အပါအဝင် လက်နက်ကြီး လက်နက်ငယ်မျိးစုံနှင့် စစ်အသုံးအဆောင် အမြောက်အမြားကို သိမ်းပိုက်နိုင်ခဲ့ပြီး မြောက်ဦး သင်းကျစ်တော်တောင်စခန်းမှလည်း လက်နက်ကြီး လက်နက်ငယ်မျိုးစုံနှင့် စစ်အသုံးအဆောင်များကို သိမ်းဆည်းရမိခဲ့သည်ကို ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားသည့် ပုံများတွင် မြင်တွေ့ရသည်။

ထို့အပြင် ပလက်ဝဒေသတစ်ခုလုံးကို စစ်ကောင်စီကင်းစင်သည့် နယ်မြေဖြစ်လာရန် ဇန်နဝါရီလ ၇ ရက်နေ့မှ စတင်ကာ ရက္ခိုင့်တပ်တော်က ကြိုးပမ်းနေပြီး လက်ရှိတွင် ပလက်ဝအနောက်ဘက်ခြမ်းရှိ စစ်ကောင်စီတပ်စခန်းတိုင်းကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး ကျန်ရှိနေသေးသည့်  စစ်ကောင်စီစခန်းများကိုလည်း ယခုရက်များအတွင်း အပြီးသတ် ချေမှုန်းတိုက်ခိုက်သွားမည်ဟုလည်း ဖော်ပြထားသည်။

 

ရက္ခိုင့်တပ်တော်၏ တိုက်ခိုက်မှုကြောင့် ပလက်ဝဒေသရှိ ချင်းလက်ဝ စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀၄) ဦးခန့်သည် အိန္ဒိယနိုင်ငံဘက်သို့ အာသံရိုင်ဖယ်၏ အကူအညီဖြင့် ထွက်ပြေးသွားကြောင်း၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့တွင်လည်း ပွိုင့် (၃၇၇) စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅၁) ဦး အိန္ဒိယထဲသို့ ထွက်ပြေးခဲ့သဖြင့် အိန္ဒိယအစိုးရမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂) ရက်နေ့တွင် စစ်ကောင်စီထံ အဆိုပါတပ်သားများကို ပြန်လည်လွှဲပေးခဲ့ကြောင်းလည်း သိရသည်။

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း အထိနာနေသည့် စစ်ကောင်စီတပ်သားများသည် တပ်ရင်းလိုက် လက်နက်ချ အညံ့ခံခြင်းများ အကြာခဏဖြစ်ပေါ်နေပြီး ဇန်နဝါရီလ ၅ ရက်နေ့တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) လောက်ကိုင်မှ အရာရှိ အပါအဝင် တပ်သား ထောင်ကျော်သည် ကိုးကန့်တပ် (MNDAA) ထံ လက်နက်ချခြင်းသည် စံချိန်တင် လက်နက်ချ အညံ့ခံမှုဖြစ်ခဲ့ပြီး လက်နက်ချ အညံ့ခံခဲ့သည့် တာဝန်ရှိသူ စစ်တပ်အရာရှိ ခြောက်ဦးကိုလည်း စစ်ကောင်စီဘက်က တရားစွဲ အရေးယူရန် ပြင်ဆင်နေသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

တောင်ရှည်တောင်ဗျဟာကုန်းမှ အင်အား (၂၀၀) ခန့် ရက္ခိုင့်တပ်တော်ထံ လက်နက်ချအညံ့ခံပြီးနောက် စစ်ကောင်စီ၏ အခြားသော တပ်စခန်းများမှလည်း လက်နက်ချအညံ့ခံရန် ရက္ခိုင့်တပ်တော်ထံ ဆက်သွယ်မှုများရှိသည်ဟု ဖော်ပြထားသည်။ ထို့အပြင် စစ်ကောင်စီတပ်သားများ၊ စစ်စခန်းများအနေဖြင့် လက်နက်ချ အညံ့ခံလိုပါက အချိန်မရွေးဆက်သွယ်နိုင်သည်ဟုလည်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားသည်။

 

လက်နက်ချအညံ့မခံသည့်သူများကို စစ်ကောင်စီတပ်များကိုရက္ခိုင့်တပ်တော်က ဆက်လက်ချေမှုန်းတိုက်ခိုက်လျက်ရှိပြီး တောင်ရှည်တောင်ဗျူဟာကုန်းတိုက်ပွဲတွင် မိတ်ဖက်အဖွဲ့အစည်းအချို့မှ ရဲဘော်များသည်လည်း စစ်ရေးအတွေ့အကြုံရရန် ပူးပေါင်း တိုက်ခိုက်လျက်ရှိသည်ဟုလည်း ဆိုသည်။

 

ရက္ခိုင့်တပ်တော်သည် လက်ရှိအချိန်တွင် ရက္ခိုင်ပြည်နှင့် ချင်းပြည် ပလက်ဝဒေသရှိ စစ်ကောင်စီတပ်စခန်းပေါင်း (၁၅၀) ဝန်းကျင်ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး အဆိုပါ စခန်းများတွင် စစ်ရေးအရအရေးပါသည့် ဗျူဟာကုန်းကြီးများလည်း ပါဝင်လျက်ရှိသည်ကို ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်များအရ သိရသည်။

 

ဓာတ်ပုံ- AA Info Desk

Related News

Depend on news