ရန်ကုန်တွင် ဝိုင်ဖိုင်ဘက်ထရီများ နေ့စဉ်နီးပါး ဖြုတ်ခိုးခံနေရဟုဆို

Author ကိုထက်
Categories
Published on Jan 08, 2024

ရန်ကုန်တိုင်း၊ ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလနှောင်းပိုင်းမှစတင်၍ ယခုရက်ပိုင်းအထိ ပုဂ္ဂလိက အင်တာနက်ကုမ္ပဏီများ၏ Wifi ကွန်ရက်ဆက်သွယ်မှုအတွက် တပ်ဆင်ထားသည့် Wifi စက်ဘက်ထရီများ နေ့စဉ်နီးပါး ခိုးယူခံနေရကြောင်း ကုမ္ပဏီဝန်ထမ်းများနှင့် မြို့ခံများထံမှ သိရသည်။

 

ထိုသို့ ခိုးယူမှုများကို လူအုပ်စုလိုက်ဖြင့် ညပိုင်း လူခြေတိတ်ချိန်များတွင် ကျူးလွန်ကြခြင်းဖြစ်ပြီး လူသွားလူလာနည်းပါးသည့်လမ်းများတွင် အများဆုံးဖြစ်ပေါ် နေသည်ဟု ၎င်းတို့က ဆိုသည်။

 

“သူတို့က အုပ်စုလိုက်လုပ်ကြတာ။ လူသွားလူလာမရှိတော့တဲ့အချိန် လှေကားတွေ၊ ဘာတွေနဲ့ အသေအချာကို ဖြုတ်ယူကြတာဗျ” ဟု အမည်နှင့် နေရပ်မဖော်လိုသူ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

 

ရန်ကုန်ရှိ တာမွေ၊ တောင်ဥက္ကလာ၊ ရန်ကင်း စသည့်မြို့နယ်များတွင် အများဆုံးဖြစ်ပွားပြီး ထိုကဲ့သို့ Wifi ပြတ်တောက်မှုများကို ယင်းမြို့နယ်များတွင် အများဆုံးဖြေရှင်းပေးရကြောင်း Wifi ပြုပြင်ရေး ဝန်ထမ်းတစ်ဦးက ပြောသည်။

 

” Complain တွေက တာမွေဘက်တွေများတယ်။ ဝိုင်ဖိုင်မရလို့ သွားစစ်လိုက်ရင် တိုင်တွေက ဘက်ထရီတွေ မရှိတော့ဘူးဖြစ်နေတယ်။ နေ့စဉ်နီးပါးလောက်ကိုဖြစ်နေတာ။ တာမွေတို့၊ ရန်ကင်းတို့၊တောင်ဥက္ကလာဘက်တွေတော်တော်ဆိုးတယ်” ဟု အဆိုပါဝန်ထမ်းက ပြောသည်။

 

ထို့ပြင် ရန်ကုန်တွင် ညအိပ်ရပ်နားထားသည့်ကားများမှ မီးလုံးများ၊ နောက်ကြည့်မှန် အခိုးခံရမှုများ ခပ်စိတ်စိတ်ဖြစ်လာနေသည်ဟု သိရသည်။

 

နိုင်ငံရေးမတည်ငြိမ်မှု၊ အလုပ်အကိုင်ရှားပါးမှုများကြောင့် ရန်ကုန်တွင် ၂၀၂၁ ခုနှစ်၊‌ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဒုစရိုက်မှုများ ပိုမိုများလာနေသည်။