ဒေါ်လာစျေး ဂယက်နဲ့ အိမ်သုံးဆေးဝါးဝယ်ဖို့တောင် ခက်နေတဲ့ မြန်မာပြည်

Author ကိုထားဝယ်၊ ခေတ်နီ
Categories
Published on Dec 30, 2023

စစ်ကောင်စီရဲ့ အမျှော်မြင်မဲ့မှုတွေကြောင့် နိုင်ငံ့စီးပွားကျဆင်းသွားချိန်မှာ ဖြစ်ပေါ်လာတဲ့ နောက်ထပ် ဂယက်တစ်ခုကတော့ အိမ်သုံးဆေးဝါးတွေပါ မြန်မာနိုင်ငံအတွင်းမှာ ဆေးဝါးထုတ်လုပ်နိုင်မှုဟာ အကန့်အသတ်နဲ့သာရှိနေပြီး ဆေးဝါးအများစုဟာ နိုင်ငံခြားကနေ တင်သွင်းနေရတာပါ။ အခုချိန်ကာလမှာတော့ အိမ်သုံးဆေးဝါးတွေဟာ ပြည်တွင်းမှာ လိုအပ်သလောက် ဝယ်ယူလို့ မရနိုင်တော့ဘဲ ဆေးစွဲသောက်နေရတဲ့ နာတာရှည်ဝေဒနာသည်များဟာလည်း အခက်အခဲများစွာနဲ့ ကြုံတွေ့နေရပါတယ်။ မြန်မာနိုင်ငံတွင်းမှာ အိမ်သုံးဆေးဝါးတွေ ဝယ်ယူနိုင်မှု အခြေအနေဟာ ဘယ်လိုရှိနေသလဲဆိုတာကို ဒီတစ်ပတ်မှာတော့ CJ Platform ရဲ့ “ဒုက္ခအတိတွေ့နေသူများ၏ တီးတိုးသံ”ကဏ္ဍကနေ ဖော်ပြလိုက်ပါတယ်။

****************************************

 

“အဲဒီလိုဈေးတက်လို့ ပစ္စည်းစုံရတယ်လို့မထင်နဲ့။ မရတဲ့ဆေးပစ္စည်းတွေမှ အများကြီးပဲ။”

 

ရန်ကုန်မြို့မှ ဆေးဆိုင်ပိုင်ရှင်တစ်ဦးရဲ့ တီးတိုးသံ

 

“အမလေး ဆေးဈေးတွေတက်ချက်ကတော့ ပြောမနေပါနဲ့။ မြန်မာကထုတ်တဲ့ BPI ပါရာစီတမော့ တစ်ဘူးတောင် အရင်က သုံးထောင်လောက်ပဲရှိတာ။ အခု တစ်ဘူး ရှစ်ထောင်တဲ့။ AirX(လေထိုးလေအောင့်နဲ့ အစာကြေဆေး)တစ်ကတ်တောင် အရင်က လေးငါးခြောက်ရာကနေ အခုတော့ သုံးလေးထောင်ဖြစ်နေပြီ။ အဲဒီလို ဈေးတက်လို့ ပစ္စည်းစုံရတယ်လို့မထင်နဲ့။ မရတဲ့ဆေးပစ္စည်းတွေမှ အများကြီးပဲ။ ဈေးရောင်းစားရတာလည်း တော်တော်လေး ဒုက္ခရောက်ပါတယ်။ သူများတွေကတော့ ဆေးရောင်းစားတာ အရမ်းမြတ်တယ်။ စီးပွားဖြစ်တယ်လို့ ထင်နေကြတာ။ အခုကာလကြီးမှာ တကယ်လုပ်ကြည့်လိုက်တော့ တော်တော်ကို ခက်ခဲပါတယ်။ တချို့ဆို မရင်းနိုင်တော့လို့ ပိတ်တာကတစ်မျိုး၊ ဈေးတွေ တက်လွန်းအားကြီးပြီး ဆေးတွေ မရလွန်းလို့ ပိတ်ကြတာလည်း ရှိကြတယ်။ ကျွန်မတို့ကတော့ ဒါလေးပဲ လုပ်တတ်တော့ ဒါလေးပဲလုပ်စားနေရတာပဲပေါ့နော်။ ဘယ်တော့ သူများနောက် လိုက်ရမလဲတော့ မသိသေးဘူး။”

****************************************

 

“ဆေးစွဲသောက်နေရတဲ့ ဆီးချိုကျဆေး သွေးတိုးကျဆေးလိုမျိုး သောက်ရတဲ့ လူတွေအတွက် အဆင်မပြေဘူးပေါ့”

 

ရန်ကုန်မြို့မှ ဆီးချိုဝေဒနာရှင်တစ်ဦးရဲ့ တီးတိုးသံ

 

“ဈေးကွက်‌ကတော့ မငြိမ်ဘူး ဒေါ်လာဈေးမငြိမ်‌တာရော သယ်ယူရတဲ့ အခြေနေတွေပေါ် မူတည်ပြီး တက်တယ်၊ ခုလထဲတော့ နှစ်ရာခိုင်နှုန်း ဝန်းကျင်လောက် တက်တယ် ပစ္စည်းတိုင်းနီးပါး၊ ပစ္စည်းကတော့ အပြတ်များတယ်၊ ဆေးတွေက ဆီးချိုကျဆေးနဲ့ သွေးတိုးကျဆေးလိုမျိုး ဆေးတွေက အပြတ်များတယ်၊ အဲ့ဆေးတွေကြရင် ဈေးကပုံမှန်မဟုတ်တဲ့ ဈေးတွေဖြစ်သွားရော ပါးစပ်ဈေးပေါ့ ရာခိုင်နှုန်း အတိကျ မဟုတ်တော့ဘဲ ပုံမှန်ဆေးတကဒ်ကို ၁၅၀၀တန်လောက်ကို ပစ္စည်းပြတ်ရင် ၂၅၀၀၊ ၃၀၀၀ လောက် ဖြစ်သွားရော၊ ဘာတွေအဆင်မပြေလဲ ဆိုတော့ ဆေးစွဲသောက်နေရတဲ့ ဆီးချိုကျဆေး သွေးတိုးကျဆေးလိုမျိုး သောက်ရတဲ့ လူတွေအတွက် အဆင်မပြေဘူးပေါ့ ဝယ်လို့လည်းမရဘူး ရပြန်တော့လည်း ဈေးက အရမ်းများနေတာမျိုး ရောင်းတဲ့လူတွေအနေနဲ့ ဈေးကွက်မငြိမ်တော့ ဒီနေ့ရောင်းကုန်သွားတဲ့ပစ္စည်းက နောက်နေ့ပြန်ဝယ်ရင်တောင် ရောင်းဈေးနဲ့တောင် ပြန်ဝယ်မရတာမျိုးတွေ ဖြစ်တယ် ၊ဒါတွေပါပဲ စိတ်ကုန်တာတွေပြောရင် ပြောကုန်မှာ မဟုတ်ဘူး”