“ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ” (ဒီဇင်ဘာ ၂၄ မှ ၃၀ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Dec 30, 2023

ဒီတစ်ပတ်(ဒီဇင်ဘာ ၂၄ မှ ၃၀ ရက်အထိ)ထဲ ရှမ်းမြောက်မှာ လောက်ကိုင်၊ နမ္မတူတို့လို မြို့ကြီးတွေကို သိမ်းနိုင်ခဲ့သလို စစ်ကိုင်းဘက်မှာ ကာကွယ်ရေးအဖွဲ့တွေ ပျူစောထီးရွာတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီလို မြို့သိမ်း၊ စခန်းတိုက်ပွဲတွေအပြင် စစ်ကောင်စီ ပါရဂူကြီးတစ်ဦးက ကိုယ့်မိန်းမကိုယ် နှစ်ပိုင်းဖြတ်သတ်ခဲ့တဲ့ သတင်းလည်း ရှေ့ရောက်ခဲ့သလို စီးပွားရေးသတင်းဘက်မှာတော့ အွန်လိုင်းစနစ်နဲ့ ရောင်းချတဲ့ လုပ်ငန်းတွေကို အခွန်ကောက်တော့မယ့် သတင်းတွေ ထူးခြားခဲ့ပါတယ်။

****************************************

 

“သိမ်းလုနီးနီး ကိုးကန့်ရဲ့ နောက်ဆုံးမြို့ လောက်ကိုင်”

 

ကိုးကန့်တပ်မတော် MNDAA ရဲ့ ကိုးကန့်ဒေသမှာ နောက်ဆုံးကျန်တာက လောက်ကိုင်ပါ။ အခုတော့ အဲဒီမြို့ကိုလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သိမ်းပိုက်လုနီးနီး အခြေအနေကို ရောက်ရှိနေပါပြီ။

 

လောက်ကိုင်မြို့ဟာ ကိုးကန့်ဒေသ မြို့တော်ဖြစ်ပြီး အဲဒီမြို့ထဲက စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေ လက်နက်ချလိုက်ကြတဲ့အတွက် တစ်မြို့လုံးနီးပါးကို ဒီဇင်ဘာ ၂၅ ရက်နေ့မှာ MNDAA နဲ့ မဟာမိတ်တပ်တွေရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားပြီ ဖြစ်ပါတယ်။

 

ဒီဇင်ဘာ ၂၅ ရက်နေ့က ဆိုရှယ်မီဒီယာတွေအပေါ် ပျံ့နှံ့လာတဲ့ ရုပ်သံတွေထဲ MNDAA ယူနီဖောင်းဝတ်ထားသူတွေ လောက်ကိုင်မြို့ထဲ ကင်းလှည့်တဲ့ပုံစံနဲ့ လှည့်ပတ်နေကြတာကို မြင်တွေ့ခဲ့ရသလို လူသူကင်းမဲ့နေတဲ့ စစ်ကောင်စီ ရဲစခန်းထဲက အဆောက်အအုံတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါ့ပြင် အညံ့ခံနေကြတဲ့ စစ်ကောင်စီတပ်နဲ့ လောက်ကိုင်မြို့ထဲက ပြည်သူ့စစ်တွေရဲ့ လက်နက်တွေကို MNDAA က စိစစ်သိမ်းဆည်းနေတာကိုလည်း တွေ့မြင်ရပါတယ်။

 

လောက်ကိုင်မြို့ထဲ စစ်ကောင်စီတပ်တွေ တပ်စွဲထားနိုင်တဲ့နေရာကတော့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) စခန်းနဲ့ မြို့အရှေ့မြောက်ဘက်က နယ်စပ်စခန်းတစ်ခုသာ ကျန်ရှိပါတော့တယ်။

 

လောက်ကိုင်မြို့သိမ်းတိုက်ပွဲ အခြေအနေများနှင့် ပတ်သက်ပြီး ပိုမို သိရှိနိုင်ရန် MNDAA ပြောခွင့်ရသူ လီကျားဝင်းကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

 

စစ်ကောင်စီတပ်ဟာ တရုတ်ရဲ့ကြားဝင်စေ့စပ်မှုနဲ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ဒီဇင်ဘာ ၇၊ ၈ နေ့တွေမှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူတို့ဟာ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ရှေ့ဆင့်၊ နောက်ဆင့်ဆိုသလို ထုတ်ပြောခဲ့ကြပါတယ်။

 

ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆွေးနွေးပွဲအကြောင်းအရာကို မပြောပေမယ့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ အမျိုးသမီးကတော့ ဆွေးနွေးပွဲမှာ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ရရှိခဲ့တယ်လို့ ထုတ်ပြောသွားခဲ့ပါတယ်။

 

အဲဒီနောက်ပိုင်း လောက်ကိုင်မြို့က စစ်ကောင်စီတပ်တွေ ဆုတ်ခွာပေးမယ်ဆိုပြီး ဒီဇင်ဘာလကုန်အထိ အပစ်ရပ်ထားကြဖို့ သဘောတူခဲ့ကြတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပေမယ့် လက်တွေ့မှာတော့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် တိုက်ပွဲတွေက ရပ်မသွားဘဲ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။ အဲဒီအတောအတွင်း MNDAA က လောက်ကိုင်မြို့၊ TNLA က နမ့်ဆန်၊ မန်တုံနဲ့ နမ္မတူမြို့တွေကို သိမ်းပိုက်ခဲ့သလို ရက္ခိုင့်တပ်တော် AA ကလည်း ရခိုင်မှာ တိုက်ပွဲတွေ ဆက်လက်ဆင်နွှဲနေခဲ့ပါတယ်။

****************************************

 

“တစ်မြို့ပြီး တစ်မြို့ သိမ်းနေတဲ့ တအာင်းတပ်”

 

ဟိုးရှေ့ ဒီဇင်ဘာ ဒုတိယပတ်က နမ့်ခမ်း၊ တတိယပတ်မှာတော့ နမ့်ဆမ်၊ အခု စတုတ္ထပတ်မှာဆိုရင် နမ္မတူ စသဖြင့် တစ်မြို့ပြီး တစ်မြို့သိမ်းလို့နေပါတယ်။ အဲဒီလို သုံးပတ်ဆက်တိုက်ဆိုသလို စစ်ကောင်စီထိန်းချုပ်ရာ မြို့တွေ၊ တပ်စခန်းတွေကို သိမ်းပိုက်နေတာကတော့ ရှမ်းပြည်နယ်(မြောက်ပိုင်း) ညီနောင်မဟာမိတ်သုံးဖွဲ့ထဲက တအာင်းတပ်မတော် TNLA ပဲဖြစ်ပါတယ်။

 

သတ္တုတွင်းတွေနဲ့ ကမ္ဘာက သိတဲ့ နမ္မတူမြို့ကို TNLA တပ်တွေက ဒီဇင်ဘာ ၂၈ ရက် မနက်အစောပိုင်းမှာ သိမ်းပိုက် ထိန်းချုပ်လိုက်တာပါ။ အဲဒီတိုက်ပွဲထဲကနေ စစ်ကောင်စီထံမှ ဟောင်ဝစ်ဇာအမြှောက် အပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းပိုက်ရရှိခဲ့တာကို TNLA ရဲ့ ထုတ်ပြန်လာတဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ တွေ့မြင်ခဲ့ရပါတယ်။

 

ဒါ့အပြင် အဲဒီ ဘော်တွင်းမြို့သိမ်းတိုက်ပွဲမှာ ခမရ (၃၂၄)တပ်ရင်းရဲ့ ဗျူဟာကုန်းအပါအဝင် မြို့ပေါ် ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေအပြင် မြို့အနီးက စစ်ကောင်စီတပ်ရဲ့ မန်စံ၊ ပန်သပြေ၊ နောင်ဆိုင် တို့လို စခန်းတွေကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က Mi17 ထောက်ပို့ယာဉ်နဲ့ စစ်ကူနဲ့ လက်နက်ခဲယမ်းတွေ(၂)ကြိမ် အထိ နမ္မတူတပ်စခန်းကုန်းကို ထောက်ပံ့ပေးခဲ့တဲ့အပြင် ဟောင်ဝစ်ဇာ လက်နက်ကြီးနဲ့ အကြိမ် ၉၀ ကျော်ထက် မနည်း နမ္မတူမြို့တွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို Jet  Fighter နဲ့ (၂၅)ကြိမ် ၊ Y12 လေယာဉ်နဲ့ (၂၇)ကြိမ်နဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi35 နဲ့ (၉)ကြိမ်အထိ လာရောက် ပစ်ကူပေးခဲ့ပေမယ့် လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

 

ဒါ့အပြင် လက်နက်ကြီး ပစ်ခတ်မှု အကြိမ် ၉၀ ကျော်ထက်မနည်း ရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု စုစုပေါင်းအကြိမ် ၃၀ဝ လောက် အသုံးပြုတိုက်ခိုက်ခဲ့တဲ့အထဲ အရပ်ဘက်ကို ဦးတည်တိုက်ခိုက်မှုတွေကြောင့် နမ္မတူ ဒေသခံ (၂)ဦး သေဆုံးခဲ့ပြီး (၈)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် ဗလီကျောင်း၊ ဘာသာရေး အဆောက်အဦး ဘုရားကျောင်းကန်တွေ၊ လူနေအိမ်(၇)လုံး ထိခိုက်ခဲ့သလို လူနေအိမ်(၁)လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ TNLA တိုက်ပွဲအပြီး ထုတ်ပြန်ချက်အရ သိရပါတယ်။

 

အဲဒီမှာ အဓိက တပ်ရင်းဖြစ်တဲ့ စစ်ဗျူဟာ(၂)လက်အောက်ခံ ခမရ(၃၂၄)စခန်းကုန်းမှာ ခလရ (၂၅၆)တပ်တွေလည်း ပူးပေါင်းထားတဲ့အတွက် ဗျူဟာမှူး အပါအဝင် အင်အား ၂၀ဝ လောက် ရှိနေတာပါ။ ဒါပေမဲ့ ရာချီတဲ့ စစ်သားတွေဟာ တိုက်ပွဲအတွင်း စခန်းကို စွန့်ခွာထွက်ပြေးခဲ့ကြပါတယ်။

 

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုနဲ့ စစ်သုံ့ပန်းဖမ်းဆီးရရှိမှုအခြေအနေတွေကိုတော့ TNLA ဘက်ကလည်း မထုတ်ပြန်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ခုထုတ်ပြန်တာမျိုးမရှိသေးတဲ့အတွက် အခုထိ မသိရသေးပါဘူး။

 

ထွက်ပြေးသွားတဲ့ စစ်ကောင်စီဗျူဟာမှူးနဲ့ တပ်သားတွေကတော့ နမ္မတူမြို့ရဲ့ တောင်ဘက် ၁၀ မိုင်ကျော်ခန့်အကွာက နမ့်ပိုင်ရွာဘက်သို့ ဆုတ်သွားပြီး လားရှိုးမြို့ဘက်သို့ ဦးတည်နေတယ်လို့ ကနဦး သတင်းရခဲ့ပြီးနောက်မှာတော့ နောက်ထပ် သတင်းထပ်ရတာမျိုး မတွေ့ရတော့ပါဘူး။

 

လတ်တလောတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်အပြင် နမ္မတူမြို့ရဲ့ အဝင်အထွက်လမ်းတွေကို TNLA တပ်တွေဘက်ကလည်း ပိတ်ဆို့ထားတဲ့အတွက် ဒေသခံအများစု နေရပ်တိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။

****************************************

 

“ကိုယ့်မိန်းမကို နှစ်ပိုင်းဖြတ်သတ်တဲ့ စစ်ဆရာဝန်ကြီး”

 

ဒီတစ်ပတ်ထဲ စစ်ကောင်စီအသိုင်းအဝန်းအပါအဝင် မြန်မာလူထုကြား ထိတ်လန့်ဖွယ် သတင်းတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ နေပြည်တော်က စစ်ဘက်ဆိုင်ရာ ဆရာဝန် ဗိုလ်မှူးကြီးက ကိုယ့်မိန်းမကို နှစ်ပိုင်းဖြတ် သတ်ခဲ့တယ်ဆိုတဲ့ သတင်းပါ။

 

ကနဦး နေပြည်တော်မှာ ခန္ဓာကိုယ်နှစ်ပိုင်းပြတ်နေတဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းကို စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ ဒီဇင်ဘာ ၂၆ ရက် အင်္ဂါနေ့ နံနက်ပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ခင်ပွန်းဖြစ်သူ စစ်ဘက်ဆိုင်ရာ ဆရာဝန် ဗိုလ်မှူးကြီး ဇေယျာလင်းကို ရဲများက ဖမ်းဆီးထားတဲ့အကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

 

သေဆုံးသူ အမျိုးသမီးဟာ နေပြည်တော်ကောင်စီနယ်မြေက အင်တာနက် နည်းပညာကုမ္ပဏီတစ်ခုက မန်နေဂျာဖြစ်ပြီး ခါးကနေ လှီးဖြတ်သတ်ဖြတ်ခံထားရတဲ့ သူမရဲ့ရုပ်အလောင်းကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ဝဏ္ဏဒီပရပ်ကွက်၊ ပုဗ္ဗသီရိမြို့သစ်ပတ်လမ်းနဲ့ ပိတောက်လမ်းထောင့်မှာ အင်္ဂါနေ့မနက်အစောပိုင်းက တွေ့ရှိခဲ့ရတာပါ။

 

နေပြည်တော်မှာ တာဝန်ကျတဲ့ အလယ်အလတ်အစိုးရဝန်ထမ်းတွေနေရတဲ့ အဲဒီနေရာဟာ ဟိုတယ်ဇုန်နဲ့ ကျည်တောင်ကန်ရွာသို့သွားတဲ့ လမ်းပေါ်မှာရှိပြီး လူပြတ်တဲ့ နေရာဖြစ်ပါတယ်။ ဒီလို အမျိုးသမီးအလောင်းတွေ့ပြီးနောက် အင်္ဂါနေ့ ညနေပိုင်းမှာပဲ နေအိမ်မှာ နေပြည်တော် ကုတင် ၃၀၀ သားဖွားမီးယပ်နဲ့ ကလေးဆေးရုံက အသက် ၅၀ အရွယ် ပါရဂူကြီး ဗိုလ်မှူးကြီး ဇေယျာလင်းကို စစ်ကောင်စီရဲတွေက ဖမ်းခေါ်သွားခဲ့တာဖြစ်ပါတယ်။

 

ဘာကြောင့် ဒီလိုသတ်ဖြတ်တာလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ဓာတ်ပုံတွေအရ ဗိုလ်မှူးကြီးတို့ ဇနီးမောင်နှံဟာ အသက်ကွာဟသလို ရုပ်ရည်လည်း ကွာဟတာကို တွေ့မြင်ရပါတယ်။

****************************************

 

“အွန်လိုင်းလုပ်ငန်းတွေကို နှစ်သစ်မှာ အခွန်ကောက်ပြီ”

 

လာမယ့်နှစ်သစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်ကစလို့ အွန်လိုင်းလုပ်ငန်းတွေကို အခွန်ကောက်တော့မယ့် အကြောင်း စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်က ကုန်သွယ်ရေးဦးစီးဌာနက ဒီဇင်ဘာ ၂၈ ရက် ကြာသာပတေးနေ့က တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။

 

မှတ်ပုံတင်ကြေးလို့ဆိုထားတဲ့ အခွန်ကို အွန်လိုင်းစနစ်နဲ့ ရောင်းချတဲ့(Online Sales)လုပ်ငန်းတွေ အားလုံးကို ဇန်နဝါရီ ၁ ရက်နေ့မှာ ကောက်ခံမယ်ဆိုတာ ကြိုထုတ်ပြန်ထားပြီးဖြစ်သလို အောက်တိုဘာ ၂ ရက်ကနေ ဒီဇင်ဘာ ၃၁ အထိ အခွန်ကင်းလွတ်ခွင့်ပေးခဲ့ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အခွန်တရားဝင် ကောက်ခံတော့မယ်ဆိုတဲ့ သဘောသက်ရောက်တဲ့စာကို ထုတ်ပြန်ချက်ထဲ ရေးထားတာကို တွေ့မြင်ရပါတယ်။

 

စစ်ကောင်စီ စီးပွား/ကူးသန်းဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲ “အွန်လိုင်းလုပ်ငန်း မှတ်ပုံတင်စနစ်အတွက် အောက်တိုဘာ ၂ ရက်မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ  အခွန်ကင်းလွတ်ခွင့်ပေးခဲ့ပြီးနောက် ဇန်နဝါရီ ၁ ရက်မှစတင်၍ ကောက်ခံမည်ဖြစ်ပြီး သက်တမ်း ၂ နှစ်ခွင့်ပြုမည်ဟု” ဖော်ပြပါရှိပါတယ်။

 

သူတို့ရဲ့မှတ်ပုံတင်ကြေးနှုန်းထားတွေကတော့ ကုမ္ပဏီ(သို့)စီးပွားရေးအဖွဲ့အစည်းဆိုရင် မှတ်ပုံတင်ကြေး ၇၀,ဝ၀ဝ ကျပ်၊ သက်တမ်းတိုးကြေး ၇၀,ဝ၀ဝ ကျပ်၊ SME ဆိုင်ရာ အသိအမှတ်ပြုအထောက်အထားရှိတဲ့ ကုမ္ပဏီ (ဒါမှမဟုတ်) စီးပွားရေးအဖွဲ့အစည်းဆိုရင် မှတ်ပုံတင်ကြေး ၅၀,ဝ၀ဝ ကျပ်၊ သက်တမ်းတိုးကြေး ၅၀,ဝ၀ဝ ကျပ်နဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းဆိုရင်တော့ မှတ်ပုံတင်ကြေး ၃၀,ဝ၀ဝ ကျပ်နဲ့ သက်တမ်းတိုးကြေး ၃၀,ဝ၀ဝ ကျပ် သတ်မှတ်ထားပါတယ်။ ပြင်ဆင်လိုသူတွေအနေနဲ့ ပြင်ဆင်ချက်တစ်ချက်ကို ကျပ် ၃၀ဝ၀ သတ်မှတ်ထားတယ်လို့ ထုတ်ပြန်ပါတယ်။

 

ဒါပေမဲ့ စစ်ကောင်စီ ဝန်ကြီးဌာနရဲ့ အွန်လိုင်းလုပ်ငန်းတွေအပေါ် အခွန်ကောက်မယ်ဆိုတဲ့ သတင်းကို စတင်ထုတ်ပြန်တဲ့ အောက်တိုဘာလထဲကစလို့ အွန်လိုင်းလုပ်ငန်းလုပ်သူတွေက သဘောမကျလို့ ကန့်ကွက်ပြောဆိုမှုတွေ ရှိခဲ့တာပါ။

 

အခုလို အခွန်တကယ်ကို ကောက်တော့မယ်ဆိုပြီး သတ်မှတ်ရက် ထွက်လာချိန်မှာလည်း အွန်လိုင်းအသုံးပြု စီးပွားရှာသူအသိုင်းအဝိုင်းက လက်မခံဘဲ တတ်နိုင်သမျှ ရှောင်တိမ်းပြီး မဖြစ်မနေမှပဲ ပေးဆောင်မယ်လို့ ပြောဆိုကြသူတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံအသိုင်းအဝိုင်းနဲ့ မဆက်ဆံလိုသူ အွန်လိုင်းပေါ်က စီးပွားရှာဖွေသူ လူငယ်အချို့ကတော့ အလုပ်မလုပ်တော့ဘဲ ရုပ်သိမ်းလိုက်တာမျိုးတွေ ရှိနေပြန်ပါတယ်။

 

အဲဒီထဲက လက်ရှိ အွန်လိုင်းလုပ်ငန်းလုပ်နေသူ လုပ်ငန်းရှင်တစ်ဦးကတော့ “အခုကတော့ Facebook ကလည်း သူတို့(စစ်ကောင်စီ)နဲ့ အလိုတူအလိုပါလားမသိဘူး။ အခုရက်ပိုင်း ကျွန်မ Page မှာ တင်တဲ့ဓာတ်ပုံတွေကို Auto ကြီး ဖျက်ချနေတယ်။ အခွန်ကတော့ ဖြစ်နိုင်ရင် မဆောင်ချင်ဘူး။ နောက်ဆုံးမဖြစ်မနေမှပဲ လုပ်ဖို့ရှိပါတယ်” လို့ မှတ်ချက်ပေးပါတယ်။

 

စစ်ကောင်စီ ပြည်သူ့အာဏာကို လုယူထားတာ ၂ နှစ်ကျော်၊ သုံးနှစ်နီးပါးကို ရောက်လာပေမယ့် သူတို့ရဲ့ အာဏာဟာ မတည်တံ့နေဘဲ တော်လှန်သူတွေကြောင့် သူတို့အစိုးရရဲ့ လုပ်ငန်းတွေဟာလည်း လည်ပတ်နိုင်ခြင်း မရှိပါဘူး။ အခုလို အခွန်စည်းကြပ်မယ့် လုပ်ငန်းတွေကိုလည်း ဒီမိုကရေစီလိုလားသူ ပြည်သူတွေက ရသလို တိမ်းရှောင်ကြသလို စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းတွေရဲ့ လာဘ်စားမှုတွေကြောင့် သူတို့ထင်သလောက် ခရီးမပေါက် ဖြစ်လို့နေပါတယ်။

 

အခု သုံးနှစ်နီးပါးကာလထဲ စစ်ကောင်စီယန္တရားကြောင့် အခက်အခဲအကြပ်အတည်းတွေ့နေတဲ့ ပြည်သူတွေကို အခွန်နဲ့ထပ်ဖိဖို့ ကြိုးစားလာနေပြီး အဲဒီထဲ ပြည်ပကို အဓိကထွက်လုပ်နေကြတဲ့ လုပ်သားတွေကို စည်းကြပ်ဖို့လုပ်ဆောင်နေသလို အခုလို အွန်လိုင်းလုပ်ငန်းတွေလည်း အပါအဝင်ဖြစ်ပါတယ်။