ရှေ့နေမှ တော်လှန်ရေးရဲဘော်ဖြစ်လာသူ ဗိုလ်သူရိန်နှင့် တွေ့ဆုံခြင်း

Author မင်းထက်
Categories
Published on Dec 27, 2023

ရှေ့နေ တော်လှန်ရေး ရဲဘော်တစ်ဦးရဲ့ အကြောင်း၊ ရှေ့နေဘဝကနေ တော်လှန်ရေးရဲဘော်အဖြစ် Career အပြောင်းအလဲ၊ တော်လှန်ရေးအပေါ် သူ့ရဲ့ခံယူချက်၊ ဘယ်လို အခက်အခဲတွေရှိခဲ့ပုံ၊ အခု သူ့အဖွဲ့အနေအထား၊ လိုအပ်ချက်၊ ဘယ်လိုတွေ ရှေ့ဆက်နေကြပုံ စတာတွေနဲ့ပတ်သက်လို့ CJ Platform သတင်းဌာနနဲ့ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်သူရိန်နဲ့ တွေ့ဆုံမေးမြန်းထားတာတွေကို ကောက်နုတ်ဖော်ပြအပ်ပါတယ်။

 

CJ Platform   – အဖွဲ့နဲ့ပတ်သက်တဲ့ အကြောင်းရာတွေ မမေးခင် ဆရာ့အနေနဲ့  နေထိုင်ဖြတ်သန်းခဲ့ရမှု အနေထားလေးတွေ မိတ်ဆက်ပေးပါဦး။

 

ဗိုလ်သူရိန် – ဟုတ်ကဲ့။ ကျွန်တော်အရင်က ရှေ့နေတစ်ယောက်အဖြစ် အသက်မွေး ဝမ်းကျောင်းပြုခဲ့တယ်။ အဲဒီကနေ ကျွန်တော်တို့မြို့နယ်မှာ စစ်အာဏာရှင်တော်လှန်ရေးမှာ ဆန္ဒပြပွဲတွေ ဦးဆောင် ပါဝင်ခဲ့တယ်။ နောက်မှာ လက်နက်ကိုင် တော်လှန်ရေးစပြီးတော့ မြို့နယ် ပကဖမှာ ဒုတာဝန်ခံအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး အခုတော့ မြို့နယ်ပကဖ တာဝန်ခံအနေနဲ့ တာဝန်ထမ်းဆောင် နေပါတယ်ဗျ။

 

CJ Platform   – အာဏာသိမ်းဖြစ်စဉ် ဖြစ်ပေါ်ပြီးနောက် နိုင်ငံရေးတက်ကြွလှုပ်ရှားမှုအပိုင်းတွေမှာ ဘယ်လိုခံစားချက်တွေနဲ့ စတင်ပါဝင်ဖြစ်ခဲ့တယ်။ ဘယ်လိုမျိုးဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့လဲ သိချင်ပါတယ်။

 

ဗိုလ်သူရိန် – ကျွန်တော့် အသက် ၄၀ နီးပါးရှိပါပြီ။ ကျွန်တော်တို့ ငယ်စဉ်ကလေးဘဝတည်းက ဒီစစ်အာဏာရှင်ရဲ့ သူတို့ပေးတဲ့ ပညာပေါ့။ သူတို့တွေရဲ့ ရက်ရက်စက်စက် အုပ်ချုပ်မှုပေါ့။ ပညာရေးစနစ်တွေ၊ လုပ်အားတွေ၊ နောက် သိလိုတဲ့ သတင်းအချက်အလက်တွေ၊ သတင်းအမှောင်ချထားတာတွေ ဒီလို သူတို့အာဏာတည်မြဲရေးအတွက် ကျွန်တော်တို့ပြည်သူအပေါ် ဖိနှပ်ပြီး အုပ်ချုပ်လာတဲ့အပေါ် နှစ်ပေါင်းများစွာ ခံစားခဲ့ကြတယ်။ ကျွန်တော်တို့ အရွယ်ရောက်လာတဲ့အခါမှာလည်း ဒီတက္ကသိုလ်ပညာရေးစနစ်မှာလည်း ပညာရေးစနစ်ကို နိမ့်ကျအောင် ဖန်တီးပြီး ဆောင်ရွက်ခဲ့တာတွေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက် တည်ဆောက်ဆောင်ရွက်ခဲ့တာတွေ  ဒါတွေအပေါ်ဖြတ်သန်းလာတဲ့ စစ်အာရှင်ရဲ့ရက်စက်မှု၊ မတရား ဖိနှိပ်အုပ်ချုပ်မှုတွေကို သိရှိပြီးဖြစ်တဲ့အတွက်ကြောင့် နောင်မျိုးဆက်တွေအနေနဲ့ ဒီလိုမျိုးမခံစားစေချင်လို့ ဆန္ဒပြခဲ့တယ်။ မရှိစေရေးအတွက် လက်နက်ကိုင်လမ်းစဉ်နဲ့ အမြစ်ပြတ် တော်လှန်နေတာပါ။

 

CJ Platform  – ဆရာ့အနေနဲ့ ဒီလက်နက်ကိုင်လမ်းစဉ်ကို စတင်မဝင်ရောက်ခင်မှာ ဘယ်လိုအခက်ခဲတွေများ ရင်ဆိုင်ခဲ့ရပါသလဲ။ ဘယ်လိုအနေထားကြောင့် ရှေ့ဆက်ခဲ့ပါသလဲ။ ဆုံးဖြတ်ချက်ကို ခေတ္တအမျှ ကြန့်ကြာစေတဲ့ အရာမျိုးတွေရော ရှိခဲ့ဖူးပါသလား။

 

ဗိုလ်သူရိန် – ကျွန်တော်တို့ လက်နက်ကိုင်လမ်းစဉ်ကို မဝင်ရောက်ခင်မှာ ဆန္ဒပြစဉ်ကတည်းက ဝရမ်းထုတ်ခံထားရတယ်။ နောက်ပိုင်းမှာ နေအိမ်ချိတ်ပိတ်ခံရတယ်။ မိဘတွေအကုန်လုံးလည်း တိမ်းရှောင်နေကြရပြီး တကွဲတပြားစီ ဖြစ်သွားတယ်ပေါ့။ အနေအထားအရ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ရွေးဖို့အတွက် ကျွန်တော့်အနေနဲ့ အကောင်းဆုံးဖြစ်မယ်လို့ တွေးမိတယ်။ မိဘတွေ အနေထားကတော့ စိတ်ပူပန်မှုတွေရှိတယ်။ သို့သော်လည်းပဲ ပြည်သူ့အတွက် ဒီလိုဆောင်ရွက်မှပဲ စစ်အာဏာရှင်ပြတ်လိမ့်မယ် ဆိုတဲ့ပုံစံနဲ့ပဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်ဗျ။

 

CJ Platform   – ဒီလိုဆိုတော့ အခုလို တွန်းအားတွေကြောင့်ပဲ တော်လှန်ရေး ရဲဘော်တစ်ဦး ဖြစ်စေခဲ့တယ်ပေါ့နော်။ တော်လှန်ရေး ရဲဘော်တစ်ယောက်အဖြစ် ဖြစ်တည်လာခဲ့ချိန်မှာ ရင်ဆိုင်ရတဲ့ အခက်ခဲလေးတွေ ရှိခဲ့လား။ ဘယ်လိုခံယူမှုတွေ ကိန်းအောင်းနေခဲ့လဲ။

 

ဗိုလ်သူရိန် – ဟုတ်ပါတယ်။ ဒီတွန်းအားတွေကြောင့်ပဲ တော်လှန်ရေးရဲဘော်တစ်ဦး ဖြစ်စေခဲ့တာပါ။ တော်လှန်ရေး လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လုပ်ဆောင်ရာမှာ စစ်ပညာတွေ သင်ရတယ်။ ပြီးတော့ ဘဝနေထိုင်မှု ပုံစံတွေက အရင်လို မဟုတ်တော့ဘူး။ လုံးဝပြောင်းလဲသွားပြီး အခက်အခဲတွေ အများကြီး ကြုံခဲ့ကြရတယ်။ ဒါကတော့ ရဲဘော်တွေအားလုံး ကြုံခဲ့ကြရတယ်။ ဒီလိုဆက်သွားလာခဲ့တဲ့အခါ ကျွန်တော်နဲ့ အတူတူ ရုန်းကန်ခဲ့ကြတဲ့ ရဲဘော်တွေ ကျဆုံးခဲ့တာတွေ ရှိတယ်။ ဒီတော့ စိတ်ထဲမှာ အများကြီး ဝမ်းနည်းတယ်ပေါ့နော်။  တူတူနေ၊ တူတူထိုင်၊ တူတူစား ရုန်းကန်နေကြရတဲ့ ရဲဘော်တွေ တိုက်ပွဲတွင်း ကျဆုံးသွားကြရတာတွေ ဒီလိုမျိုး အခက်အခဲတွေ ကြုံကြရတယ်။ အထူးသဖြင့် အမိန့်ပြန်တမ်း ပေးရတဲ့ အခါမျိုးတွေမှာ စိတ်ခံစားကြရတယ်။ နောက်ဆုံး ရဲဘော်တွေ၊ မိဘတွေနဲ့ ပြန်တွေ့တဲ့အခါ သူတို့ငိုကြွေးလို့ ကျတဲ့မျက်ရည်တွေက ရင်နဲ့အမျှ ခံစားခဲ့ရတယ်။ အဲဒီတော့ ဒါတွေအားလုံးဟာ စစ်အာဏာရှင်ကြောင့် ဖြစ်ရတာ။ စစ်အာဏာရှင်ကြောင့် ဒီလို အခက်ခဲတွေကြုံရတာဖြစ်တဲ့အတွက်ကြောင့် ဒီအာဏာရှင်ကို အမြစ်ဖြတ်မှ ဖြစ်မယ်ဆိုတဲ့ယုံကြည်မှုနဲ့ ဒီတော်လှန်ရေးကို ပိုပိုပြီး ရုန်းကန်ဖြတ်သန်းလာခဲ့ခြင်းဖြစ်တယ်။

 

CJ Platform   – အခုအချိန်မှာ တဖြည်းဖြည်းတာဝန်ခံအနေနဲ့ တာဝန်တွေ ပိုပြီး ရလာတယ်။ တာဝန်ပိုကြီးလာတယ်ဆိုရမှာပေါ့။ ဒီပကဖအဖွဲ့ရဲ့ တာဝန်ခံအနေနဲ့ အဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေ၊ ရဲဘော်တွေအတွက် တာဝန်ယူဆောင်ရွက်ရတဲ့ကိစ္စတွေ ရှိလာမယ်ပေါ့။ ဒီအဖွဲ့အပေါ်မှာ လက်ရှိ ဆရာ့အနေနဲ့ ဘယ်လို မျိုးစီမံဆောင်ရွက်နေ၊ ကြိုးစားနေလဲဆိုတာရယ်၊ အဖွဲ့အနေနဲ့ အခုအခြေနေမှာ ဘာတွေလိုအပ်ချက်တွေရှိနေလဲ၊ ဘာတွေခက်ခဲမှုမျိုးတွေရှိနေလဲဆိုတာလေး ပြောပြပေးပါဦး။

 

ဗိုလ်သူရိန် – ပကဖ တာဝန်ခံတစ်ယောက်အနေနဲ့ တာဝန်များတဲ့အနေအထားမှာ အခက်ခဲများစွာရုန်းကန်ခဲ့ရတယ်။ ဖြတ်သန်းရင်းနဲ့လည်း ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေရှိတယ်။ ပြီးတော့ ရဲဘော်အင်အားတွေလည်း တဖြည်းဖြည်းချင်းများလာတယ်။ လိုအပ်ချက်ကတော့ အများကြီးပဲပေါ့။ ယူနီဖောင်း၊ ဖိနပ်ကအစ မရှိဘူးပေါ့။ ရိက္ခာအခက်အခဲပိုင်းတွေမှာလည်း ဖြတ်သန်းရတဲ့အပိုင်းတွေမှာ သင့်သလို စိုက်ပျိုးစားရတာမျိုးတွေ၊ အလှူခံလို့ရတာလေးနဲ့ စားရတာမျိုးရှိတယ်။ ပကဖဆိုတဲ့အနေထားမှာ ပြည်သူ့စစ်မဟာဗျူဟာကို ပုံဖော်ရတဲ့အနေထားတစ်ခုမှာ ပြည်သူ့ထောက်ပံ့မှုအပေါ်မှာပဲ ရပ်တည်ရတာမျိုးဖြစ်တဲ့အတွက် အခက်အခဲတွေကတော့ မျိုးစုံပေါ့နော်။ ကျွန်တော်တို့အဖွဲ့အနေနဲ့ လိုအပ်နေတာတွေရှိတယ်။ လက်နက်ခဲယမ်းမပြည့်စုံဘူး။ ဒီပေါ်မှာ ပြည့်စုံတဲ့အနေအထားဆို ဆောင်ရွက်ရတဲ့လုပ်ငန်းတွေ၊ တော်လှန်ရေးလုပ်ငန်းစဉ်တွေ ပိုပြီးအဆင်ပြေစေနိုင်မှာပေါ့။ လောလောဆယ် ကျွန်တော်တို့ ငါန်းဇွန်ပကဖအနေနဲ့ အခက်ခဲတွေကြားမှာ ရုန်းကန်ရင်းနဲ့ တော်လှန်ရေးကို ရှေ့တစ်ဆင့်ပြီး တစ်ဆင့်လှမ်းနေတယ်လို့ ပြောရမယ်ဗျ။

 

CJ Platform   –  လက်နက်ခဲယမ်းလိုအပ်ချက်တွေလည်း ရှိနေတော့ ဒီလိုတွေကြောင့် တိုက်ပွဲဖော်ဆောင်ရာမှာ ဘယ်လိုအခက်ခဲမျိုးတွေ ဖြစ်ပေါ်ခဲ့ရပါသလဲ။

 

ဗိုလ်သူရိန် – လက်နက်ခဲယမ်းလိုအပ်ချက်က ကျွန်တော်တို့မှာ ရှိနေတာ။ အဓိက ကျွန်တော်တို့ ပြည်သူ့ထောက်ပံ့မှုတွေနဲ့ ရပ်တည်တဲ့အခါမှာ ကျွန်တော်တို့ ရအောင်ရုန်းကန်နေရတယ်။ လက်နက်ခဲယမ်းမပြည့်စုံတော့ တချို့အနေထားမှာ အခွင့်ရေးရနေပေမယ့်လည်း ထိန်းလိုက်ရတာမျိုး၊ ရှောင်လိုက်ရတာမျိုးရှိတယ်။ ဒါတွေသာပြည့်စုံနေရင် ကျွန်တော်တို့တွေ စိတ်ထဲမှာ ရည်မှန်းထားတဲ့အတိုင်း စစ်က စားသာမယ်လို့မျှော်လင့်တယ်။ ဒီလက်နက်ခဲယမ်းတွေ ပြည့်စုံမှပဲ အဆင်ပြေမှာဖြစ်တဲ့အတွက် လိုအပ်ချက်ကတော့ မြန်မြန်ကြီးပြည့်လိုပါတယ်လို့ ပြောချင်ပါတယ်။

 

CJ Platform   – ဆရာတို့အဖွဲ့ရဲ့ အခုလို လိုအပ်ချက်တွေအတွက် ပြည်သူတွေရဲ့ထောက်ပံ့မှုအင်အား လျော့နည်းလာတာမျိုးရှိလား။

 

ဗိုလ်သူရိန် – လျော့နည်းသွားတာမျိုး မရှိပါဘူးဗျ။ ပြည်သူတွေအနေနဲ့လည်း ကျွန်တော်တို့အပေါ် ထောက်ပံ့မှု  ရနိုင်သလောက် ထောက်ပံ့ကူညီပေးတာမျိုးရှိပါတယ်။

 

CJ Platform   – ဆရာတို့အဖွဲ့ အနေနဲ့က NUG ရဲ့ COC အောက်မှာ သွားနေတာဆိုတော့ NUG ဆိုင်ရာအဖွဲ့တွေ ကနေ ထောက်ပံ့မှုတွေရခဲ့တာမျိုးရှိလား။ ရခဲ့ဖူးလား။ တောင်းဆိုခဲ့ဖူးလားဆိုတာ သိချင်ပါတယ်။

 

ဗိုလ်သူရိန် –  ပကဖဆိုတာတော့ NUG ရဲ့ မူဘောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ မြို့နယ်နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းပါဗျ။ NUG ရဲ့ COC အောက်မှာသွားနေပါတယ်။ NUG က ကျွန်တော်တို့ မြို့နယ်နဲ့ဆိုင်တဲ့ လက်နက်ခဲယမ်း ထောက်ပံ့မှုတွေ အကုန်ရရှိပါတယ်။ ကျွန်တော်တို့ တောင်းဆိုတဲ့အနေထားတွေကိုလည်း မူဘောင်နဲ့အညီ ဖြည့်ဆည်းပေးပါတယ်။

 

CJ Platform   – ဆရာတို့ အဖွဲ့အနေနဲ့ လက်နက်ခဲယမ်းလိုအပ်ချက်တွေရှိနေတာ သိရတယ်။ ဒါ့အပြင် အဖွဲ့ရဲ့ လိုအပ်ချက်တွေ ဘာတွေရှိနေသေးသလဲ။

 

ဗိုလ်သူရိန် – ကျွန်တော်တို့မှာ ပကဖအင်အားများနေပေမယ့် လက်နက်အင်အားလိုအပ်ချက်ရှိတယ်။ နောက်တစ်ချက် ဒရုန်းမစ်ရှင်တွေကောင်းကောင်း ကစားချင်တယ်။ စစ်ကြောင်းတွေ အထိုင်နေရာတွေ ဒရုန်းကောင်းကောင်း ကစားချင်တယ်။ နောက် ရဲဘော်တွေရဲ့အခြေခံ စစ်ဖိနပ်တွေ၊ နောက် အခွင့်ရေးရမယ်ဆို ယူနီဖောင်းလိုအပ်ချက်တွေရှိမယ်။ မိုင်းကွင်းတွေလည်း များများဖြစ်မှ ဖြစ်မယ်။ ဒါ့ကြောင့် မိုင်းအတွက် ခဲယမ်းတွေလိုအပ်နေတဲ့ အနေထားတွေရှိမယ်။

 

CJ Platform  – ဒီလိုလိုအပ်ချက်တွေအတွက် ဘယ်လိုဆောင်ရွက်ချက်တွေ ထပ်မံလုပ်ဆောင်နေပါသလဲ။

 

ဗိုလ်သူရိန် – လိုအပ်ချက်အတွက်ကတော့ ကမ်ပိန်းလေးလုပ်ဆောင်နေတာမျိုးရှိပါတယ်ဗျ။ “အောင်ပန်းဝေဝေငါန်းဇွန်မြေ” သိန်း ၂၅၀ဝ ပရောဂျက်ပေါ့ဗျာ။ ဒီကမ်ပိန်းလေး လုပ်ဆောင်နေတာရှိပါတယ်။

 

CJ Platform – ဒီကမ်ပိန်းအောင်မြင်ရင် ဘယ်လိုအကျိုးဖြစ်စေမလဲ။ ဘယ်လိုဆောင်ရွက်မှုတွေမှာ ထောက်ပံ့မှုမျိုး ဖြစ်စေမလဲ။

 

ဗိုလ်သူရိန်- ဒီကမ်ပိန်းသာ အောင်မြင်ခဲ့ရင် ကျွန်တော်တို့ ပကဖလုပ်ငန်းစဉ်တွေက များစွာရှေ့ရောက်ပြီးတော့ ပြည်သူလူထုအတွက် အကျိုးအများကြီးပြုမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ပြည်သူရဲ့ ရနိုင်တဲ့အခွင့်အရေးတွေ ပြည်သူ့ရဲ့ ဆုံးရှုံးနစ်နာထိခိုက်မှုမရှိအောင် ဆောင်ရွက်ပါ့မယ်လို့လည်း ကတိပြုပါတယ်။ အဓိကရည်ရွယ်ချက်က ငါန်းဇွန်မြေမှာ အောင်ပန်းတွေစိုက်နိုင်ဖို့ ငါန်းဇွန်ပြည်သူတွေ စစ်အာဏာရှင်အောက်ကနေ လွတ်မြောက်ဖို့ လိုအပ်တဲ့စစ်ရေးပစ်မှတ်တွေကို ဖော်ဆောင်ဖို့ရာ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါတယ် ။ဒီအတွက် ပြည်တွင်း၊ ပြည်ပက မိဘပြည်သူတွေ ကျွန်တော်တို့ ငါန်းဇွန်ပကဖကို ကူညီဖေးမပေးဖို့တောင်းဆိုအပ်ပါတယ်ဗျ။

 

CJ Platform – ပြီးတော့ဆရာ ဘယ်လိုသက်ရောက်မှု၊ အရွေ့တခုကို ဖန်တီးနိုင်မလဲ။

 

ဗိုလ်သူရိန်- ဒီကမ်ပိန်းသာအောင်မြင်ခဲ့ရင် ကျွန်တော်တို့ ငါန်းဇွန်ဒေသမှာ စိုးမိုးနယ်မြေတွေ ပိုအားကောင်းလာမယ်။ စစ်ရေးပစ်မှတ်တွေ ချေမှုန်းသုတ်သင်မှာဖြစ်တဲ့အတွက် မန္တလေးတိုင်းအတွက်တော့ တော်လှန်ရေးအရွေ့တစ်ခု ဖြစ်နိုင်မယ်လို့ ယုံကြည်ပါတယ်။

 

CJ Platform – တော်လှန်ရေးအပေါ် လက်ရှိ ဘယ်လိုမျိုးစိတ်ဓာတ်နဲ့ ရှေ့ဆက်နေမယ်ဆိုတာ ဆရာ့အနေနဲ့ရော၊ တပ်ဖွဲ့ကိုယ်စားပြုအနေနဲ့ရော ပြောပေးပါဦး။

 

ဗိုလ်သူရိန် – လက်ရှိတော်လှန်ရေးအနေအထားမှာ တော်လှန်ရေးအင်အားစုတွေဟာ တဖြည်းဖြည်းနဲ့ ပန်းတိုင်နဲ့နီးကပ်လာပြီဖြစ်တယ်။ မကြာမီမှာ စစ်အာဏာရှင်ကလည်း အမြစ်ပြတ်ကျဆုံးသွားမှာလို့ ကျွန်တော်ယုံကြည်တယ်။ ဒီအတွက် ကျွန်တော်တို့ပြည်သူအားလုံး၊ တော်လှန်ရေးရဲဘော်အားလုံး အထူးကြိုးစားလိုက်မယ်ဆိုရင် စစ်အာဏာရှင်က ကျွန်တော်တို့ ခြေဖဝါးအောက်မှာ ပြားပြားဝပ်နေမှာဖြစ်ပါတယ်လို့ ယုံကြည်ပါတယ်ဗျ။

 

CJ Platform – နောက်ဆုံးမေးခွန်းအနေနဲ့ ပြည်သူတွေကို ပြောချင်တဲ့ စကားများရှိပါက ပြောပေးပါဦး။

 

ဗိုလ်သူရိန် – ပြည်သူတွေအနေနဲ့ သွားတာ၊ လာတာ၊ နေတာ၊ ထိုင်တာ သတိရှိရှိနေပြီးတော့ စကစတွေနဲ့ စစ်ခွေးတွေနဲ့ ဝေးရာအခြေနေတွေမှာ လုံခြုံရေးအနေအထအရ သတိနဲ့ နေထိုင်ဖို့။ နောက်တစ်ခုကတော့ တော်လှန်ရေးမြန်မြန်ပြီးမြောက်အောင်မြင်ဖို့ ဝိုင်းဝန်းအားဖြည့်ပေးကျဖို့တောင်းဆိုလိုပါတယ်ခင်ဗျ။