ရက္ခိုင့်တပ်တော်ရဲ့ လက်နက်ကြီးကျည် မြောက်ဦးယဉ်ကျေးမှုပြတိုက်ပေါ် ကျရောက်ပေါက်ကွဲတယ်ဆိုတဲ့ လုပ်ကြံသတင်း

Author မင်းထက်
Categories
Published on Dec 25, 2023

စစ်ကောင်စီလော်ဘီ Telegram Channel တစ်ခုဖြစ်တဲ့ Myanmar Hard Talk ဆိုတဲ့ Channel ကနေ ရက္ခိုင့်တပ်တော်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ မြောက်ဦးယဉ်ကျေးမှုပြတိုက်ပေါ် ကျရောက်ပေါက်ကွဲတာကြောင့် ပျက်စီးမှုအချို့  ဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ လုပ်ကြံသတင်းတစ်ခုကို ဖြန့်ဝေလာတာ တွေ့ရပါတယ်။

 

အဲ့ဒီပို့စ်ကို  ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ ၂၉ မိနစ်မှာ စတင်ဖြန့်ဝေခဲ့ပြီးတော့  ၁၂ နာရီခွဲ ၀န်းကျင်အချိန်မှာ Like & react ၅၆ ခု ၊ မှတ်ချက် ၄ ခု နဲ့  ပျံ့နှံ့မှုကတော့ ၄၇၀၀ ကျော် ရှိနေတာ တွေ့ရပါတယ်။

 

စစ်ကောင်စီလော်ဘီ ချန်နယ်ရဲ့ ဖော်ပြချက်မှာတော့ ရခိုင်ပြည်နယ်မှာ ဒီကနေ့ ဒီဇင်ဘာ ၂၅ ရက်၊ မနက် ၅ နာရီခန့်က ရက္ခိုင့်တပ်တော်က ပစ်ခတ်လိုက်တဲ့ လက်နက်ကျည်ဟာ မြောက်ဦးယဉ်ကျေးမှုနယ်မြေထဲက ရှေးဟောင်းအမွေအနှစ်တွေကို စုစည်းထားတဲ့ ယဉ်ကျေးမှုပြတိုက်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ပြတိုက်အဆောင်တစ်ခုလုံး ပြိုပျက်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီအကြောင်းအရာတွေနဲ့ ပက်သက်ပြီး အခြားသော စစ်ကောင်စီလော်ဘီ ချန်နယ်တွေနဲ့ Facebook စာမျက်နှာတွေမှာ ဖြန့်ဝေလာတာမျိုးလဲ တွေ့ရပါတယ်။

 

ကြည့်ရှုရန် – https://archive.ph/CKZYZ

 

ဒီအကြောင်းရာတွေနဲ့ ပက်သက်ပြီး CJ Platform မှ  စုံစမ်း စစ်ဆေးကြည့်ရာမှာတော့ အကြောင်းအရာတွေ လွဲမှားနေတာ တွေ့ရပါတယ်။  လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်မှာလည်း မနေ့က ဒီဇင်ဘာလ (၂၅)ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ် ခမရ(၅၄၀)နှင့် ခမရ(၃၇၇)တပ်တို့က ပစ်ခတ်တဲ့ လက်နက်ကြီးတွေ နေအိမ်တွေနဲ့ မြောက်ဦး ယဉ်ကျေးမှုပြတိုက်အတွင်းကို ကျရောက်ပေါက်ကွဲခဲ့တာကို ဖော်ပြထားပါတယ်။

 

သတင်းအပြည့်အစုံ ကြည့်ရှုရန် –

 

Tachileik News Agency – https://bitly.ws/379wj

Narinjara – https://bitly.ws/379wq

 

ဒီသတင်းကို သတင်းတု၊ သတင်းမှား စစ်ဆေးတဲ့နည်းတွေနဲ့ စိစစ်ကြည့်တဲ့အခါမှာ သူတို့ဖန်တီးထားတဲ့  သတင်း အမျိုးအစားဟာ သတင်းဖြစ်စဥ် မှန်ကန်ပေမယ့် သတင်းမှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေက လွဲမှားနေတဲ့ အကြောင်းအရာတွေဖြစ်နေတာ ၊ မသက်ဆိုင်တဲ့ အခြေနေတစ်ခုကို ဖန်တီးချိတ်ဆက်ပြီးတော့ လှည့်စားလိုတဲ့ သဘောနဲ့ တင်ဆက်ထားတဲ့ လုပ်ကြံသတင်း အမျိုးအစားတစ်ခု ဖြစ်နေတာကို တွေ့ရပါတယ်။

 

အကြောင်းအရာ အချက်အလက်တွေကိုလည်း လိုသလို ပြောင်းလဲ အသုံးပြုထားပြီးတော့ မသက်ဆိုင်တဲ့ အခြေအနေအခင်းအကျင်းနဲ့ လှည့်စားကာ ပြည်သူတွေကို ထင်ယောင်ထင်မှားဖြစ်အောင် ရေးသားထားတာ တွေ့ရပါတယ်။

 

အခုလိုမျိုး ပြည်သူတွေအကြား လုပ်ကြံဖန်တီးထားတဲ့ သတင်းမှား ပျံ့နှံ့နေတာတွေ ရှိတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသင့်တဲ့အတွက် CJ Platform ရဲ့ “အလွယ်မယုံနဲ့” ကဏ္ဍကနေ စိစစ် ဖော်ပြလိုက်ရပါတယ်။

 

ပြည်သူတွေအနေနဲ့ မှန်လား/မှားလားဆိုပြီး ဇဝေဇဝါ ဖြစ်နေတဲ့ သတင်းမျိူးတွေ တွေ့ခဲ့ရင်လည်း CJ Platform Facebook Page မှာ လာရောက် မေးမြန်းထားလို့ ရပါတယ်။

 

အလွယ်မယုံလိုက်ကြနဲ့နော်။

Related News

Depend on news