“ကျောကွဲအောင် အေးတဲ့ အညာဆောင်းမှာ စစ်ဘေးရှောင်တွေ ဘယ်လို နေထိုင်နေရသလဲ”

Author မင်းထက်
Categories
Published on Dec 23, 2023

“ငွေနှင်းငယ်မှုန်

လေညင်းရယ် တသုန်သုန်နှင့်

ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့

မန်းတုန်အောင် လမ်းဆုံကဟစ်ချင်တော့

သည်ခေတ်မှာ သည်လိုဟာဖြင့်

သည်ကိုယ်မှာ သေသေလုပါပေါ့

ကမ္ဘာကို ဗြဟ္မာတို့ ပြုခဲ့တယ်

ဆောင်းရတုပွဲ။”

 

ဒီကဗျာလေးကို ကလေး၊ လူကြီး၊ လူလတ်မရွေး ကြားဖူး၊ သင်ဖူးကြမယ်ထင်ပါတယ်။ အညာဆောင်း ဘယ်လောက်အေးကြောင်း သက်သေတည်နေတဲ့ အချုပ်တန်း ဆရာ ဖေရဲ့ လေးချိုးကဗျာလေးထဲက နောက်ဆုံးပိုဒ်လေးပဲဖြစ်ပါတယ်။ အညာဆောင်းလို့ အသံကြားလိုက်တာနဲ့ ကျောကွဲအောင် အေးတယ်လို့ လူသိများကြတာ။ အဲဒီလို ချမ်းအေးတဲ့ရာသီမှာ နေအိမ်ထဲနေရုံအနွေးဓာတ်ရနိုင်ပေမယ့် နေအိမ်စွန့်ခွာနေရတဲ့ အညာသူ/အညာသားတွေဟာတော့ သုံးကြိမ်မြောက်အဖြစ် ဆောင်းရဲ့ အအေးဒဏ်ကို ခံစားနေကြရပါပြီ။ စောင်/အနွေးထည် ပြည့်ပြည့်စုံစုံ၊ အမိုးအကာ ပြည့်ပြည့်စုံစုံ၊ အစားအသောက် ပြည့်ပြည့်ဝဝမရှိဘဲ အသက်လွတ်ရာပြေးနေကြရတဲ့ အညာသူ/အညာသားတွေဟာ ဆောင်းရဲ့အအေးဒဏ်ကို စတင်ခံစားနေကြရပါပြီ။ “ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့” ဆိုတဲ့စာသားအတိုင်း ကမ်းကုန်အောင် အအေးဒဏ်တွေ ခံစားနေကြရပါပြီ။ ဒါကြောင့် သူတို့ရဲ့ တီးတိုးသံတွေကို CJ Platform ရဲ့ စာဖတ်ပရိသတ်ကြီးအတွက် ဒီတစ်ပတ်ရဲ့ “ဒုက္ခအတိတွေ့နေသူများရဲ့ တီးတိုးသံ” ကဏ္ဍကနေ ဖော်ပြပေးလိုက်ပါရစေ။

****************************************

 

 

“နေရတာလည်း တောထဲက တဲဆိုတော့လည်း ရွာထဲက ကိုယ့်အိမ်လိုတော့ နွေးနွေးထွေးထွေးမရှိဘူးပေါ့။”

 

ရွှေဘိုမြို့နယ်မှ စစ်ဘေးရှောင် ဒေသခံတစ်ဦး

 

“ခုက ကိုယ့်ရွာ ကိုယ်ပြန်နေလို့လည်းမရတော့ ကိုယ့်လယ်ထဲမှာ ကိုယ်တဲထိုး နေနေကြရတာ။ အမိုးအကာအစုံအလင်ရှိတော့ ရှိပါတယ်။ နေရတာလည်း တောထဲက တဲဆိုတော့လည်း ရွာထဲက ကိုယ့်အိမ်လိုတော့ နွေးနွေးထွေးထွေးမရှိဘူးပေါ့။ လေကလည်း ဖြူးသေး အေးကလည်း အေးသေး။ ဒီရက်ပိုင်းက အရမ်းတော့ အေးလာတယ်။ အရမ်းအေးလာတာနဲ့အမျှလည်း နေမကောင်းတာတွေဖြစ်တယ်။ ဒီမှာက တစိမ့်စိမ့်နဲ့ကိုအေးတာ။ ညနက်လေ ပိုအေးလေပေါ့။ ပြီးတော့ မနက်ခင်းပိုင်းတွေဆိုလည်း တော်တော်လေးကို အေးတယ်။ အဲဒီလို အေးတာကြောင့်လည်း အအေးပတ်တာကနေ နေမကောင်းတာ၊ နှာစေးတာတွေဖြစ်တယ်။”

****************************************

 

“ကိုယ့်အိမ်မှာဆိုရင်တော့ အိမ်တံခါးအလုံပိတ်ပြီး အတွင်းမှာနေရင် လေလုံပြီးနွေးတာပေါ့။ ခုကတော့ တောထဲတဲမှာ ထွက်နေနေရတာ။”

 

စစ်ကိုင်းမြို့နယ်မှ စစ်ဘေးရှောင်ဒေသခံတစ်ဦး

 

“ရွာမှာက တော်တော်အေးလို့ ညနေမှောင်ရင်အေးလာပြီ။ တခြားနေရာတွေနဲ့ကို မတူဘူး။ တစ်ခါတလေ ခရီးသွားရတာမျိုးရှိလို့ မန္တလေး၊ စစ်ကိုင်းသွားရင်ကို ရွာလောက်မအေးဘူး။ ခုက ကိုယ့်အိမ်မှာ ကိုယ်နေနေတာမဟုတ်ဘူး။ တောထဲမှာ ထန်းရွက်တဲလေးထိုး၊ ဘေးက မိုးကာကြီးပတ်ကာပြီးနေရတာ။  အအေးဒဏ်ကြီး တအားကာနေတာမျိုးမရှိဘူး။

အိမ်မှာလည်း လူကြီးပိုင်း အသက် ၈၀ ကျော် အသက်ကြီးပိုင်းတွေရှိတော့ လူကြီးတွေအတွက်လည်း ပိုဂရုစိုက်ပေးရတယ်။ အသက်ကြီးပိုင်းတွေ အစကမှ အလှုပ်အလှည့်မခံတာ ရာသီဥတုအေးတော့ နည်းနည်းလေအေးမိရင်ကို နေမကောင်းဖြစ်နေတာ။ လူငယ်က ဒဏ်တော့နည်းနည်းခံတယ်လေ။ သူတို့ကျ မရဘူး။ ကိုယ့်အိမ်မှာဆိုရင်တော့ အိမ်တံခါးအလုံပိတ်ပြီး အတွင်းမှာနေရင် လေလုံပြီးနွေးတာပေါ့။ ခုကတော့ တောထဲတဲမှာ ထွက်နေနေရတာ။ နည်းနည်းငြိမ်နေတာမျိုးရှိလည်း တော်ကြာ အုန်းဒိုင်းအုန်းဒိုင်းဆို ညကြီးပြေးရလွှားရ လူကြီးတွေနဲ့။ သူတို့ကျ ပြေးရလွှားရမလွယ်ကူဘူး။ ရွာထဲက မလုံခြုံတော့ တောထဲမှာပဲ ထွက်နေနေရတာ။ ခုလိုနေနေရတာလည်း နှစ်ချီနေပြီ။ ခိုင်ခိုင်မာမာဆောက်ထားရင်လည်း ဘယ်ချိန်ဘာဖြစ်မယ်မသိဘူး။ စိတ်မချရတော့ ဖြစ်သလိုလေး နေနေရတယ်။ ဒုက္ခတွေလည်း များပါတယ်ဗျာ။