မင်းလှမှာ ပြည်သူတစ်ဦးကို PDFတွေက သေနတ်နဲ့ ပစ်သတ်တယ်ဆိုတဲ့ လုပ်ကြံသတင်း

Author မင်းထက်
Categories
Published on Dec 21, 2023

Snow Queen ဆိုတဲ့ စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်ကနေ မင်းလှမြို့နယ်မှာ ပြည်သူတစ်ဦး   သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်ဆိုတဲ့ သတင်းတစ်ပုဒ်ကို သတင်းအမှားတွေနဲ့ အတူတူ ရောပြွန်းပြီးတော့ ဖြန့်ဝေလာခဲ့ပါတယ်။

 

အဲ့ဒီပို့စ်ကို မနေ့က ဒီဇင်ဘာလ  ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ၀န်းကျင်မှာ စတင်ဖြန့်ဝေလာခဲ့တာပါ။ ည ၇ နာရီ၀န်းကျင်မှာတော့ Like & react ၇၀ ကျော် ၊ ပျံ့နှံ့မှုကတော့ ၁၀၀၀၀ ၀န်းကျင်အထိ ရှိနေပါတယ်။

 

” ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ ရက် ည ၈နာရီ ၄၅ မိနစ်အချိန် သာယာဝတီခရိုင် မင်းလှမြို့နယ်  စမ်းတောင်ကွေ့ကျေးရွာ ထိပ်တွင် အမျိုးသား ၁ ဦးသေဆုံးနေကြောင်းသတင်းအရ မနရမှူး(မင်းလှ)ဦးစီး ၂+၈=၁၀ ဦးအဖွဲ့မှ အခင်းဖြစ်နေရာသို့ရောက်ရှိစစ်ဆေးခဲ့ရာ ဦးတင်ဦး(၄၇)နှစ် စမ်းဘုတ်ကျေးရွာနေသူတွင် လည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ နဖူးကျည် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ပေါင်း ၂ ချက်ဖြင့်သေဆုံးနေပြီး အခင်းဖြစ်နေရာအနီးမှ  ဦးတင်ဦး စီးနင်း လာသောဆိုင်ကယ် ၁ စီး၊ WSA 380 AUTO ကျည်ခွံ ၁ ခုတို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့ကာ အလောင်းအား စစ်ကွင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့ကြောင်း သိရသည် “လို့ ဖြန့်ဝေ လာခဲ့တာပါ။

 

ကြည့်ရှုရန် – https://archive.ph/qi1Qj

 

ဒီအကြောင်းရာနဲ့ ပတ်သက်ပြီး စိစစ်စစ်ဆေးခဲ့ရာမှာ ဖြစ်စဥ်က မှန်ကန်ပေမဲ့ အကြောင်းအရာ အချက်လက်အချို့တွေ မှားယွင်းနေတာ တွေ့ရပါတယ်။ လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေမှာ   ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၇ နာရီခန့်မှာ မင်းလှမြို့နယ်၊ စမ်းတောင်ကွေ့ရွာထိပ် စမ်းဘုတ်ရွာ ယာယီအုပ်ချုပ်ရေးမှူး တာဝန်ယူထားတဲ့ ပျူစောထီးခေါင်းဆောင် ဦးတင်ဦးကို မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ၃ ချက် ပစ်ခတ် ရှင်းလင်းခဲ့တာ ဖြစ်ခဲ့ပြီး ပစ်ခတ်ခံရသူဟာ အရပ်သား ပြည်သူတစ်ဦး မဟုတ်ဘူးလို့ သိရပါတယ်။

 

သူ့ကို ပစ်ခတ်ခဲ့တဲ့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို CJ Platform က  ဆက်သွယ်မေးမြန်းခဲ့ရာမှာလည်း သူဟာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးသာဖြစ်ပြီးတော့ သစ်မှောင်ခို လုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေသူလို့ ဆိုပါတယ်။

 

သတင်းအပြည့်အစုံဖတ်ရှုရန်

မြေလတ်အသံ – https://archive.ph/r8sDP

Khit Thit Media – https://archive.ph/7Nn9n

 

စစ်ကောင်စီဝါဒဖြန့်တွေက အမှန်အကန်တင်ဆက်ချက်တစ်ခု လုပ်ဆောင်ခဲ့ပေမယ့် သတင်းမှာ လွဲမှားနေတဲ့အကြောင်းအရာတွေ ဖြည့်စွက်ကာ အများပြည်သူကို လှည့်စားပြီး ထင်ယောင်ထင်မှားဖြစ်စေဖို့  တင်ဆက်ခဲ့တာမျိုး ဖြစ်နေခဲ့ပါတယ်။ ဒီသတင်း အကြောင်းအရာကို သတင်းတု၊ သတင်းမှားစိစစ်စစ်ဆေးတဲ့ နည်းလမ်းတွေနဲ့ စိစစ်ကြည့်တဲ့အခါမှာ သတင်းဖြစ်စဥ်မှန်ကန်ပေမဲ့ လွဲမှားနေတဲ့ အကြောင်းအရာတွေနဲ့ မသက်ဆိုင်တဲ့ အခြေအနေတစ်ခုကို ဖန်တီးချိတ်ဆက်ကာ အခြေအနေ အခင်း အကျင်းအမှား (False Context) ဖြစ်နေတာ တွေ့ရပါတယ်။ ဒီအကြောင်း တင်ဆက်ချက်တွေကို တခြားစစ်ကောင်စီလော်ဘီချန်နယ် စာမျက်နှာတွေမှာလဲ မျှဝေထားတာ တွေ့ရပါတယ်။

 

ကြည့်ရှုရန် – https://archive.ph/UppyL

 

ဒါ့ပြင် Ko Thet ဆိုတဲ့ စစ်ကောင်စီ၀ါဒဖြန့် ချန်နယ်တစ်ခုကနေ အရပ်သားပြည်သူ တစ်ဦးကို PDF တွေက အကြောင်းမဲ့သတ်ဖြတ်တယ်ဆိုပြီး သတင်းအမှားတစ်ခုကို ဖြန့်ဝေလာပါတယ်။ ဒီချန်နယ်ရဲ့ဖော်ပြချက်မှာတော့ ” ဒီဇင်ဘာလ ၁၉ ရက်နေ့ ၊ ည ၈ နာရီအချိန်ခန့်တွင် ပဲခူးတိုင်းအနောက်ခြမ်း ၊မင်းလှမြိုနယ် ၊စမ်းတောင်ကွေ့ကျေးရွာနှင့် မြန်မာစီဂွကျေးရွာကြားတွင် ဦးတင်ဦး (၄၇)နှစ်အား pdf အကြမ်းဖက်သမားများမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် နဖူးဖောက်ဝင်ဒဏ်ရာ၊လည်ပင်းဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်းသတင်းရရှိတယ်လို့”ဖြန့်ဝေလာပါတယ်။ ဒီပို့စ်ကတော့ ယမန်နေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ ၁၂ နာရီ ၄၉ မိနစ်မှာ ဖြန့်ဝေလာပြီး ည ၇ နာရီ၀န်းကျင်မှာ Like & react  ၂၀၀ကျော် နဲ့ ပျံ့နှံ့မှု ၂၀၀၀၀ ရှိနေပါတယ်။

ကြည့်ရှုရန် – https://archive.ph/asL73

 

ဒီအကြောင်းအရာအချက်လက်ကို စိစစ်ကြည့်ရာမှာ ဖြစ်စဥ်တစ်ခုကို ကိုယ်လိုသလိုဘောင်ခတ်ပုံသွင်းပြီး လှည့်ဖြားလိုသော သဘောဖြင့် တင်ဆက်ထားခြင်းမျိုး ဖြစ်တဲ့ လှည့်ဖြားမှားယွင်းသော တင်ဆက်ချက် ( Misleading Content) ဖြစ်နေတာ တွေ့ရပါတယ်။

 

အခုလိုမျိုး ပြည်သူတွေအကြား လုပ်ကြံဖန်တီးထားတဲ့ သတင်းမှား ပျံ့နှံ့နေတာတွေ ရှိတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသင့်တဲ့အတွက် CJ Platform ရဲ့ “အလွယ်မယုံနဲ့” ကဏ္ဍကနေ စိစစ်ဖော်ပြလိုက်ရပါတယ်။

ပြည်သူတွေအနေနဲ့ မှန်လား/မှားလားဆိုပြီး ဇဝေဇဝါ ဖြစ်နေတဲ့ သတင်းမျိူးတွေ တွေ့ခဲ့ရင်လည်း CJ Platform Facebook Page မှာ လာရောက် မေးမြန်းထားလို့ ရပါတယ်။

အလွယ်မယုံလိုက်ကြနဲ့နော်။

Related News

Depend on news