မကွေးတိုင်း၊ အမှတ် (၂၅) လုံခြုံရေးတပ်ဖွဲ့ခွဲမှ CDM ရဲတပ်သား ကိုအောင်ဝေယံဟိန်းနှင့်တွေ့ဆုံခြင်း

Author အဂ္ဂ
Categories
Published on Dec 20, 2023

စစ်တပ်က အာဏာသိမ်းအပြီး ၂၀၂၁ မတ်၊ ဧပြီ၊ မေလတွေမှာ ဘက်ပေါင်းစုံက CDM အားကောင်းချိန် ဖြစ်ခဲ့တာပါ။ အဲဒီလိုအချိန်မှာပဲ ခက်ခက်ခဲခဲ CDM စတင်ဝင်ရောက်ခဲ့တဲ့ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့တဲ့ ရဲတပ်သားတစ်ဦးရဲ့ သူ ဘယ်လို CDM လုပ်ခဲ့ရပုံ၊ ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေ၊ ဖြတ်သန်းခဲ့ရပုံတွေအကြောင်း၊ သူရှိစဉ် ရဲတပ်ဖွဲ့အခြေအ‌နေနဲ့ လက်ရှိအခြေအနေ ကွာခြားပုံတွေအကြောင်း CJ Platform က တွေ့ဆုံမေးမြန်းထားတာတွေကို ကောက်နုတ်ဖော်ပြအပ်ပါတယ်။

 

CJ – ဘာကြောင့် CDM လုပ်ဖြစ်ခဲ့တာပါလဲ။

 

AWYH – စစ်တပ်က မတရား အာဏာသိမ်းသွားတယ်။ ၂၀၂၁ မှာ လူစုလူဝေးတွေကို ဖြိုခွဲတဲ့အခါမှာ ရက်ရက်စက်စက်ဖြိုခွဲတာတွေက မဖြစ်သင့်ဘူးလေ။ အဲဒီလိုလုပ်တာတွေက မတရားမှန်းသိလို့ CDM စလုပ်ဖြစ်ခဲ့တာပါ။

 

CJ – CDM လုပ်ဖို့ကြိုးစားတဲ့အခါမှာရော ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ခဲ့ရလဲ။

 

AWYH – ကျွန်‌တော်တို့ CDM စလုပ်မယ်ဆိုတော့ ၂ ရက်နေ့ ညပိုင်းမှာ သူငယ်ချင်းငါးယောက်တိုင်ပင်ကြတယ်။ တိုင်ပင်တဲ့အခါမှာ သုံးရက်နေ့ထွက်ကြမယ်ပေါ့။ အဲဒီတုန်းက ကျွန်တော်တို့ စခန်းချတာက သုဝဏ္ဏဘောလုံးကွင်းထဲမှာ စခန်းချနေကြတာ။ မနက်သုံးနာရီလောက် ထွက်ကြတော့ ကင်းသမားတွေလည်း ရှိနေတော့ သုဝဏ္ဏကွင်းထဲကနေ တော်တော်ခဲရာခဲဆစ် ထွက်ရတယ်။ ခြုံတွေထဲကလည်း ထွက်ရတယ်။ ခြုံအောက်က ခွေးတိုးပေါက်ထဲကနေတောင် တိုးပြီးထွက်ရတယ်။ ဘာလို့လဲဆို တံခါးပေါက်တွေကနေ သွားထွက်လို့မရဘူးလေ။ ထွက်တဲ့အခါကျရင် ကင်းသမားတွေ ရှိနေတော့ သိကုန်မှာစိုးတာနဲ့။ သုဝဏ္ဏကွင်းကနေ ထွက်ပြီးတော့ ကျွန်‌တော်တို့ ကားငှားသွားတယ်ပေါ့။ ကားငှားပြီးတော့ မြောက်ဥက္ကလာက သူငယ်ချင်းအိမ်မှာ သွားတည်းကြတယ်။ ပထမ ကျွန်တော်တို့ စီစဉ်ထားတာကတော့ ကျွန်တော်တို့ CDM လုပ်မယ်။ တစ်ပတ်လောက် မြောက်ဥက္ကလာက သူ့အိမ်မှာ အိမ်ထဲက အိမ်ပြင်မထွက်ဘဲ နေမယ်။ နေပြီးမှ ကျန်တဲ့ဟာ ဆက်လုပ်မယ်ဆိုပြီး သူငယ်ချင်းတွေ တိုင်ပင်ပြီး လုပ်ကြတယ်။ တကယ်လက်တွေ့မှာတော့ အဲဒီလိုဖြစ်မလာခဲ့ဘူး။ ကျွန်တော်တို့ သုဝဏ္ဏကွင်းကနေထွက်ပြီး မြောက်ဥက္ကလာက သူငယ်ချင်းအိမ်ရောက်တော့ ကျွန်တော်တို့ ရောက်ပြီးသိပ်မကြာဘူး။ မိနစ်ပိုင်းအတွင်းမှာ သူတို့ရပ်ကွက်က လူစိမ်းဝင်တယ်ဆိုပြီး ဆူပူမှုတွေ ဖြစ်လာရော။ ဆူပူမှုတွေဖြစ်လာတော့ ကျွန်တော်တို့ အစီအစဉ်နောက်တစ်ခု ထပ်ဆွဲလိုက်ရတာပေါ့။ ကျွန်တော်တို့ ဟင်္သာတက ဟိုးနယ်အစွန်လေးမှာ သွားနေလိုက်ရတာပေ့ါ။

 

CJ – မဲဆောက်ကိုရောက်တာက ၂၀၂၃ အောက်တိုဘာလထဲမှာမှ ဆိုတော့ CDM စလုပ်ခဲ့တဲ့ အချိန်နဲ့ ၂ နှစ်ကျော်လောက်ကွာနေတယ်။ အဲဒီ ၂ နှစ်ကျော်မှာရော ဘယ်လိုအခက်အခဲတွေကြုံခဲ့ရလဲ။

 

AWYH – ကျွန်တော်တို့ နယ်မှာသွားနေတယ်။ နယ်မှာနေပြီးတော့ ကျွန်တော် ရန်ကုန်ပြန်ဆင်းတယ်။ ရန်ကုန်ကို ဆင်းပြီးတော့ ကျွန်တော့်အမျိုးအိမ်မှာပဲ အိမ်ထဲက အိမ်ပြင်မထွက်ဘဲ သွားပြီးခိုလှုံတာပေ့ါ။ ဒီဘက် အမျိုးအိမ်မှာ တစ်လ၊ နှစ်လလောက်နေ၊ နေပြီး နောက်တစ်အိမ်ပြန်ကူး၊ အဲဒီလိုပဲ ဟိုကူးလိုက် ဒီကူးလိုက်နေခဲ့ရတာပေါ့။

 

CJ – လက်ရှိ CDM မဝင်ကြသေးတဲ့ စစ်သားနဲ့ ရဲတွေကိုရော ဘယ်လိုတိုက်တွန်းချင်ပါသလဲ။

 

AWYH – သူတို့ကို ဘယ်လိုတိုက်တွန်းချင်လဲဆိုတော့ အခုကာလဆိုရင် နိုင်ငံရေးက ပိုမိုပြင်းထန်လာပြီ။ တိုက်ပွဲတွေလည်း တော်တော်ပြင်းထန်လာပြီ။ သူတို့ဘက်ကလည်း အကျအဆုံးတွေ တော်တော်လေးများလာတဲ့အခါကျတော့ သူတို့ကို ပြောချင်တာက သေချာစဉ်းစားပေါ့ဗျာ။ ကိုယ်က ဒီအချိန်မှာ အလင်းဝင်လို့လည်း ရ‌သေးတာပေါ့။ ကိုယ်က ပြည်သူ့ဘက်ကို အလင်းဝင်မလား။ မင်းအောင်လှိုင်ကိုပဲ ကာကွယ်ပြီး အသက်ပေးသွားမလား။ သေချာတာကတော့ သူတို့ကို စဉ်းစားစေချင်တယ်။ အလင်းဝင်လာတဲ့အခါကျရင် သူတို့ မိသားစုအတွက်လည်း ကောင်းတာပေါ့။ ရေရှည် ကိုယ့်ရဲ့သားတွေ၊ သမီးတွေအတွက်လည်း မျက်နှာပန်းလှတာပေါ့။ ဒီဘက်ကို အလင်းဝင်လာတဲ့အခါကျရင်လည်း ဒီဘက်က လူတွေက နွေးနွေးထွေးထွေးကြိုဆိုသွားမှာပါ။

 

CJ – ကြားဖြတ်အနေနဲ့ မေးချင်တာက CDM လုပ်ပြီးတဲ့နောက်ပိုင်းကနေ အခုအချိန်ထိရော ဘယ်လိုအထောက်အပံ့တွေ ရခဲ့ဖူးလဲ။

 

AWYH – CDM လုပ်ပြီးနောက်ပိုင်းမှာ အထောက်အပံ့အနေနဲ့ ကျွန်တော်တို့ ဘာမှမရဘူးလေ။ ကျွန်တော်  CDM လုပ်ပြီး ၂ နှစ်ပြည့်မှ အဆက်အသွယ်ရတဲ့အခါကျမှ NUG က ချပေးတဲ့ ထောက်ပံ့ကြေး အဲဒါပဲ ရတာ။ လက်ရှိမှာ NUG က CDM ဝန်ထမ်း(ရဲနဲ့ စစ်သားတွေပဲရ)တွေကို တစ်လကို ဘတ် တစ်ထောင်နှုန်းနဲ့ ထောက်ပံ့တယ်။ ကျွန်တော် မဲဆောက်မရောက်ခင် ကြားထဲမှာ သုံးလလောက် နေမှရတာ။ ကျွန်တော် မဲဆောက်ကိုမလာခင် တောထဲကို သွားနေပြီး တစ်နှစ်ကျော်လောက်အထိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ ပွဲတွေဘာတွေ ကခဲ့သေးတယ်။ မဲဆောက်ကိုက ၂၀၂၃ အောက်တိုဘာလထဲမှပဲ ရောက်လာတာ။  မဲဆောက်မရောက်ခင် ရှေ့ပိုင်း ၂၀၂၃ ခုနှစ်ထဲ လေးလပိုင်းကမှပဲ ထောက်ပံ့ကြေးစရတာ။ အဲဒီတုန်းက ကျွန်‌တော်က တောထဲ ရောက်နေတာဆို‌တော့ ပြည်တွင်းထဲကတော့ ဘတ်တစ်ထောင်နဲ့ညီမျှတဲ့ မြန်မာငွေရတာပေ့ါ။ ဘတ်ပေါက်စျေးအတိုင်းပဲ ရတာပေ့ါ။ ဘတ်ငွေတက်ရင် တက်သလောက်၊ ဘတ်ငွေကျရင်ကျသလောက်ပေါ့။

 

CJ – CDM မဝင်ခင် ကိုယ်တိုင်ကြုံခဲ့ရတဲ့ ရဲတပ်ဖွဲ့တွင်း အခြေအနေကရော ဘယ်လိုရှိလဲ။ လက်ရှိကာလနဲ့ရော ဘယ်လိုကွာသွားလဲ‌ပေါ့။ အဲဒါလေး သိသလောက်ပြောပြပါလား။

 

AWYH – ကျွန်တော် CDM မဝင်ခင်ကာလနဲ့ အခုကဝင်ပြီးကာလက တော်တော်လေးကို ကွာခြားသွားပြီ။ ဘယ်လိုပြောရမလဲ။ ကျွန်တော်ပြောတတ်တာကတော့ တော်တော်ကြီးကို ကွာခြားနေပြီ။ သူတို့(စစ်ကောင်စီ)ရှုံးတော့မှာ  မကြာတော့ဘူး။

 

CJ – CDM လုပ်ကြတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ရော တခြားဖြည့်စွက်ပြောချင်တာများရှိဦးမလား။

 

AWYH – အဲဒါတော့ မရှိတော့ပါဘူး။ ကျွန်တော်တို့က အဓမ္မနဲ့ ဓမ္မမှာ ဓမ္မဘက်ကို ရပ်တည်လာကြတာပါ။ အဲဒါပါပဲ။