သစ်မှောင်ခိုကူးနေသည်ဟုဆိုသော စစ်ကောင်စီခန့် ယာယီအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် အပစ်ခံရ

Author မင်းထက်
Categories
Published on Dec 20, 2023

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာတွင် သစ်မှောင်ခိုလုပ်ဆောင်နေသည်ဟုဆိုသော စစ်ကောင်စီခန့် ယာယီအုပ်ချုပ်ရေးမှူး ဦးတင်ဦးကို တော်လှန်ရေးတပ်သားများမှ အနီးကပ် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်မိုးထက်က CJ Platform သို့ ပြောသည်။

 

ယမန်နေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၇ နာရီခန့်တွင် မင်းလှမြို့နယ်၊ စမ်းတောင်ကွေ့ရွာထိပ် စမ်းဘုတ်ရွာ ယာယီအုပ်ချုပ်ရေးမှူး တာဝန်ယူထားသော ပျူစောထီးခေါင်းဆောင် ဦးတင်ဦးကို မင်းလှမြို့နယ်ပြည်သူ့ ကာ ကွယ် ရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

 

“ခုသေတဲ့တင်ဦးက သစ်သူခိုး  သစ်ကုန်သည် ၊ တောထဲက သူဝယ်ထားတဲ့သစ်တွေကို ဆိုင်ကယ်နဲ့သယ်သူတွေကို စောင့်နေတာ။ အဲ့ဘက်ကို ကျွန်တော်တို့ကိစ္စတခုနဲ့သွားရင်း သူ့ကိုရှင်းလိုက်တာ” ဟု ရဲဘော်မိုးထက်က ပြောသည်။

 

သေဆုံးသူ ဦးတင်ဦးသည် စစ်တပ်ထံ တော်လှန်ရေးရဲဘော်များ၏ လှုပ်ရှားသွား လာမှုများကို   သတင်းပေး တိုင်ကြားခြင်း၊ ရိုးသားစွာ လုပ်ကိုင်စားသောက်နေကြသည့် ပြည်သူများကို မမှန်မကန် တိုင်တန်းကာ ဖမ်းဆီးခိုင်းခြင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ စခန်းကို သတင်းပေးခြင်းလုပ်ဆောင်ခဲ့သောကြောင့် အကြိမ်ကြိမ်သတိပေးတားမြစ်သော်လည်း လိုက်နာခြင်းမရှိသဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဓာတ်ပုံ – မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့