ချောင်းဦး ရဲစခန်းနှင့် ထွေအုပ်ရုံးရှိ စစ်သားများကို ဒရုန်း​ဖြင့် တိုက်ခိုက်၊ ၆ ဦးသေ၊ ၁၅ ဦးဒဏ်ရာရ

Author မင်းထက်
Categories
Published on Dec 20, 2023

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို ဒီဇင်ဘာလ ၁၈ ရက်နေ့က ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ၁၅ ဦးခန့်ဒဏ်ရာရကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့(CDSOM)မှ တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ပြောသည်။

 

“မြို့နယ်အတွင်းမှာ ကိုးရက်ကြာစစ်ကြောင်းထိုးနေတာ။ ဓားစာခံပြည်သူ ၄၀ ကျော်လောက်ကို ဖမ်းထားတဲ့စစ်ကြောင်းဖြစ်တယ်။ အဲဒီစစ်ကြောင်းကို ကူပစ်နေတဲ့ စကစတပ်သားတွေပါ ” ဟု CDSOM ၎င်းက ဆိုသည်။

 

အရပ်သားများကို ဓားစာခံအဖြစ် ဖမ်းဆီးထားသကဲ့သို့ ကျေးရွာများအတွင်းသို့ လက်နက်ကြီးပစ်ခတ်ခြင်းများပြုလုပ်နေသော ချောင်းဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ စစ်ကြောင်းသည် ချောင်းဦးရဲစခန်းနှင့် ထွေအုပ်ရုံးတို့တွင်ရောက်ရှိနေစဉ် Shar Htoo Waw နည်းပညာသုံး Fixed Wings လေယာဥ်များ၊ လေးလက်ဒရုန်းများဖြင့် စစ်ဆင်ရေးဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုစစ်ဆင်ရေးကို ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲ ၁၂ နာရီ ၄၀ မှ ညနေ  ၃ နာရီအထိ ဗုံး ၇ လုံးကြဲချတိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့ကာ ၁၅ ဦးဒဏ်ရာရရှိခဲ့သည့်အပြင် စစ်ကောင်စီဘက်မှ ၈၁ လက်နက်ကြီးတစ်ခုပျက်ဆီးခဲ့ကြောင်း CDSOM ထံမှ သိရသည်။

 

ယင်းတိုက်ခိုက်မှုကို CDSOM 001 Drone Team ၊ GTR Drone အဖွဲ့ (မြင်းမူ) ၊ Famar FRF ချောင်းဦး၊ မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ Myaung Revolution Force(MRF)တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။