မိုလိုကျိုးစခန်း သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၇၀ ဝန်းကျင် သေဟု KNUဆို

Author ခေတ်နီ
Categories
Published on Dec 20, 2023

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ မဆုတ်တမ်းခံစစ်စခန်း တစ်ခုဖြစ်သည့် မိုလိုကျိုး ခေါ် ဖဲထာ စခန်းသိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၇၀ ဦး သေဆုံးကြောင်း KNU မူတြော် မှ ထုတ်ပြန်ထားသည်။

 

ကရင် နှင့် ကရင်နီဒေသ အစပ်ရှိ အဆိုပါ မိုလိုကျိုးစခန်းကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် KNLA တပ်မဟာ ၅ တပ်ဖွဲ့များနှင့် အတူ ကရင်နီအမျိုးသား တိုးတက်ရေးတပ်မတော် (KNPP) ၊ကရင်နီပြည်သူ လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (KNPLF)တို့မှ  ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စခန်းသိမ်းမှုအတွင်း စစ်ကောင်စီတပ်သား အလောင်း ၇၀ အထိ တွေ့ရှိခဲ့ပြီး ၈၁ မမ စိန်ပြောင်းတစ်လက်နှင့် RPGတစ်လက်အပါအဝင် လက်နက်ငယ် ၂၀ ကျော်နှင့် ခဲယမ်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

၁၉၉၂ ခုနှစ်မှစတင်ကာ  တပ်စွဲထားသည့် အဆိုပါ မိုလိုကျိုးစခန်းတွင် စစ်ကောင်စီတပ်၏ ခလရ ၅၇ မှ အင်အား ၁၀၀ ဝန်းကျင်အထိ ရှိနေပြီး စခန်းသိမ်းပိုက်မှုအတွင်း ထွက်ပြေးလွတ်မြောက်သွားသည့် စစ်ကောင်စီတပ်သားများသည်လည်း ကော်ဝေကျိုးတွင် တပ်စွဲထားသည် ခမရ ၄၄၀ ထံ ပူးပေါင်းသွားခဲ့ကြောင်း သိရသည်။

 

ထိုနည်းတူ မိုလိုကျိုးစခန်း မှ ၅ ကီလိုမီတာ အကျော်ရှိ စစ်ကောင်စီတပ်၏ စောထာစခန်းမှ စစ်ကောင်စီတပ်သားများသည်လည်း မိုလိုကျိုးစခန်း သိမ်းပိုက်ခံရပြီးနောက် စခန်းအား စွန့်ခွာသွားကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။