စစ်ကောင်စီ နမ့်ခမ်း စခန်းသစ်ကုန်းကို TNLA အပြီးသတ်သိမ်းပိုက်၊ နမ့်ခမ်းမြို့ကို TNLA အလုံးစုံထိန်းချုပ်နိုင်ပြီ

Author ခေတ်နီ
Categories
Published on Dec 19, 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း)နမ့်ခမ်းမြို့အနီးက စစ်ကောင်စီ၏ နောက်ဆုံးခံတပ် စခန်းသစ်ကုန်းကို တအောင်းတပ် TNLA က သိမ်းပိုက်လိုက်နိုင်ပြီဖြစ်သည့်အတွက် နမ့်ခမ်းမြို့ကို TNLA အနေဖြင့် အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း CJ Platform ၏ သတင်းရင်းမြစ်များထံမှ သိရသည်။

 

စစ်ကောင်စီတပ်ဘက်က အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့သည့် စခန်းသစ်ကုန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညပိုင်းတွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သုံ့ပန်းအချို့ဖမ်းဆီးရမိခဲ့ကြောင်း အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်များထံမှ CJ Platform သတင်းဌာနက စုံစမ်းသိရှိရသည်။

 

“စခန်းကိုတော့ သိမ်းလိုက်ပြီ။ အပြီးသတ်သိမ်းတာ။ အခုကတော့ ရှင်းလင်းရေးတွေလုပ်နေတယ်” ဟု CJ Platform ၏ ရှေ့တန်းသတင်းရင်းမြစ်က ဆိုသည်။

 

လတ်တလော ထိုအခြေအနေများနှင့်ပတ်သက်ပြီး TNLA ဘက်က တစ်စုံတရာထုတ်ပြန်ခြင်းမရှိသေးဘဲ ပြန်ကြားရေးဌာနထံဆက်သွယ်ခဲ့ရာတွင် ၎င်းတို့ထံ သတင်းဝင်ရောက်မှုမရှိသေးဟုသာ CJ Platform ထံသို့ ပြန်လည်ဖြေကြားသည်။

 

အဆိုပါစခန်းသစ်ကုန်းကို ၁၀၂၇ စစ်ဆင်ရေးစတင်သည့်အချိန်မှစတင်ကာ TNLA က တိုက်ခိုက်နေခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ အရေးပါသည့် စစ်စခန်းတစ်ခုဖြစ်ခြင်းကြောင့် ဓာတုဗုံးအသုံးပြုတိုက်ခိုက်မှုများအပါအဝင် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ဝ ကျော်အထိ အသုံးပြုခုခံခဲ့ရသည့်စခန်းတစ်ခုဖြစ်သည်ဟု သိရသည်။

 

အဆိုပါစခန်းကုန်းသိမ်းပိုက်ခံရမှုကြောင့် နမ့်ခမ်းမြို့သည်လည်း TNLA ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပြီဖြစ်သည်။