ရက္ခိုင်ပြည်တွင် တစ်ပတ်အတွင်း အရပ်သားပြည်သူ (၉၀) ဦးထက်မနည်း စစ်ကောင်စီက ဖမ်းဆီး

Author အဂ္ဂ
Categories
Published on Dec 19, 2023

ရက္ခိုင်ပြည်တွင် နိုဝင်ဘာ (၁၃) ရက်မှ စတင်ကာ ၁၀၂၇ စစ်ဆင်ရေးဟုဆိုကာ ရက္ခိုင့်တပ်တော်(AA) က တကျော့ပြန်စစ်ပွဲများ ပြန်လည်စတင်ပြီးနောက်ပိုင်း ရက္ခိုင်ပြည် အနှံ့အပြားတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး အထိနာနေသည့် စစ်ကောင်စီကလည်း ယခုရက်ပိုင်းတွင် စစ်ရေးပစ်မှတ်များ မဟုတ်သည့် အရပ်သားများကို ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာသည်ကို ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

 

ယမန်နေ့ (ဒီဇင်ဘာ ၁၇ ရက်) တွင် မြောက်ဦးဒေသခံ နှစ်ဦး၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ ဂုံးချွိန်ကျေးရွာမှ စျေးရောင်းချနေသူ ဒေသခံ ခြောက်ဦးနှင့် ကျောက်တလုံး ကယ်ဆယ်ရေးစခန်းမှ စျေးရောင်းချနေသူ (၁၃) ဦး စုစုပေါင်း (၁၉)  ဦး၊ ရမ်းဗြဲမြို့နယ်၊ သံချောင်း တိုက်နယ်၊ သရက်ချောင်း‌‌ကျေးရွာမှ ဆေးကုသပြီး ပြန်လာသည့် အသက် (၃၇) နှစ်အရွယ် ဒေသခံအမျိုးသား တစ်ဦးနှင့် အဖော်အဖြစ် ခေါ်လာသူ (၁၉) နှစ် အရွယ် ဒေသခံတစ်ဦး စုစုပေါင်း နှစ်ဦးတို့ကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးခဲ့သဖြင့် တစ်ရက်တည်းမှာပင် မြို့နယ်သုံးမြို့နယ်တွင် အရပ်သား (၂၃) ဦးတိတိ ဖမ်းဆီးခံရခြင်း ဖြစ်သည်ကို ညီနောင်သုံးဖွဲ့ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

 

ဒီဇင်ဘာ (၁၅) ရက်‌နေ့တွင်လည်း စစ်တွေမြို့နယ်၊ နာဇီရပ်ကွက်နေ ဒေသခံ (၃) ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး သံတွဲမြို့နယ်၊ ငပလီမြို့  မြပြင်ရပ်ကွက်၊ ကွက်သစ်ရှိ ဒေသခံ (၂) ဦး၏ နေအိမ်ကို ကားကြီး (၁) စီး၊ အိမ်စီးကား (၁) စီးဖြင့် လာရောက်ကာ  အိမ်တွင်းဝင်ရောက်ပြီး  အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

 

ထို့ပြင် မောင်တောမြို့ရှိ သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဌာနတွင် တာဝန် ထမ်းဆောင်နေသော ဒု-ဦးစီး (၁) ဦးနှင့် အထက်တန်းစာရေး (၂) ဦးတို့အား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရုံးအတွင်း ဝင်ရောက် ဖမ်းဆီးခဲ့သေးသဖြင့် ထိုနေ့တစ်ရက်အတွင်း မြို့နယ်သုံးမြို့နယ်ရှိ အရပ်သား ခုနစ်ဦး မတရား ဖမ်ဆီးခံခဲ့ရသည်ဟု ဆိုသည်။

 

ထို့အပြင် ဒီဇင်ဘာ (၁၂) ရက်နေ့တွင်  စစ်တွေမြို့  ကိုးရီးယားဆိပ်ကမ်းအောက်၌ ရပ်နားထားသော စက်လှေ၊ သမ္ဗာန်လှေ များမှ အမျိုးသမီး၊ အမျိုးသားများပါဝင်သော အရပ်သားပြည်သူစုစုပေါင်း (၅၃) ယောက်ကို စစ်ကောင်စီတပ်က အဓမ္မဖမ်းဆီးခေါ်ဆောင် သွားခဲ့သေးသည်ဟု သိရသည်။ ထိုနေ့ နံနက်ပိုင်းအချိန်တွင် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာအနီးရှိ တောင်ဖြူတောင်နှင့် အောင်မင်္ဂလာတောင်ထိပ်တို၌ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲဝင်များသည် ကျေးရွာမှ ဒေသခံ အချိုအား လူသားဒိုင်းကာအဖြစ် ဖမ်ဆီး ခေါ်ဆောင်သွားခဲ့သေးသည်ဟုလည်း သိရသည်။

 

အလားတူပင် ဒီဇင်ဘာ (၁၁) ရက်နေ့ ညနေပိုင်းကလည်း မင်းပြားမြို့နယ်၊ ပန်းမြောက်ကျေးရွာ ဒေသခံ အမျိုးသမီး၊ အမျိုးသားစုစုပေါင်း (၇) ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အကြောင်းကိုလည်း ညီနောင်သုံးဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထို့‌ကြောင့် ဒီဇင်ဘာ (၁၁) ရက်နေ့မှ ဒီဇင်ဘာ (၁၇) ရက်နေ့အထိ တစ်ပတ်တာအတွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသည့် အရပ်သားပြည်သူပေါင်း (၉၀) ဦးထက်မနည်းရှိပြီး ဖမ်းဆီးခေါ်ဆောင်ခံရသူများ၏ အခြေအနေ အသေးစိတ်ကို မသိရသေးဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

၁၀၂၇ စစ်ဆင်ရေး စတင်သည့် အောက်တိုဘာ (၂၇) မှ ဒီဇင်ဘာ (၁၀)ရက်အထိ စစ်ဆင်ရေး ရက်ပေါင်း (၄၅) ရက်တာအတွင်း ရက္ခိုင့်တပ်တော်သည် ရက္ခိုင်ပြည်ရှိ စစ်ကောင်စီ၏ စခန်းပေါင်း (၁၄၂) ခုသိမ်းယူထားနိုင်ပြီဟု ရက္ခိုင့်တပ်တော်က ဒီဇင်ဘာ (၁၄) ရက်နေ့တွင် စခန်းများ၏ နာမည်စာရင်းအတိအကျနှင့် တကွထုတ်ပြန်ခဲ့ပြီး အထိနာနေသည့် စစ်ကောင်စီဘက်မှလည်း စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားမြို့ရွာများကို လေကြောင်း၊ ရေကြောင်းနှင့်သာမက လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်လိုက်ရှိသည်ဟု သိရသည်။ ရက္ခိုင်ဒေသအတွင်းတွင်လည်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ဖြစ်ပွားခဲ့သည့် ယခင် တိုက်ပွဲများမှသည် တကျော့ပြန် တိုက်ပွဲ ယနေ့ကာလအထိ  စစ်ကောင်စီဘက်မှ စွပ်စွဲသံသယများဖြင့် မတရားသဖြင့် ဖမ်းဆီးထားသော အရပ်သားပြည်သူ ဦးရေ (၄၃၀) ကျော်အထိ ရှိလာပြီ ဖြစ်သည်ဟုလည်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်ကြေညာထားသည်။