ဒေသအချို့မိုးဖွဲများရွာနိုင်သကဲ့သို့ နံနက်ပိုင်း မြူထူထပ်စွာ ကျဆင်းနိုင်ဟုခန့်မှန်း

Published on Dec 18, 2023

ယခုတစ်ပတ်(ဒီဇင်ဘာလ ၁၈ မှ ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ)အတွင်း မြန်မာနိုင်ငံ ဒေသအချို့ တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးဖွဲများရွာနိုင်ပြီး မြန်နိုင်ငံအထက်ပိုင်းဒေသများတွင် နံနက်ပိုင်း မြူထူများ ကျဆင်းနိုင်ကြောင်း NUG လက်အောက်ခံ ဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

ယခုတစ်ပတ်တွင်လည်း ဒီဇင်ဘာလ ၁၈ ၊ ၁၉ ၊ ၂၀ ၊ ၂၁ ရက်များတွင် အဆိုပါ ပူနွေးသော ပင်လယ်ရေငွေ့များကြောင့် လည်းကောင်း၊ အီကွေတာလေပွေလှိုင်းနှင့်  ဒီဇင်ဘာ ၂၃ ၊ ၂၄ ရက်များတွင် အရှေ့လေပွေလှိုင်းများ ဖြစ်ပေါ်စေသော ဖြစ်စဉ်များကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံအပေါ်သို့ တိုက်ရိုက်ပြင်းပြင်းထန်ထန် မထိခိုက်နိုင်သော်လည်း ဒေသအချို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးသေးမိုးဖွဲများရွာနိုင်ပြီး မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် နံနက်ပိုင်း မြူထူများလည်း ကျဆင်းနိုင်ကြောင်း အထက်ပါ၀န်ကြီးဌာနက ခန့်မှန်းထုတ်ပြန်သည်။

 

ယခုတစ်ပတ်အတွင်း ထူးခြားချက်အနေဖြင့် လာမည့်ရက်သတ္တပတ်တွင် တောင်ဘက်ပင်လယ်ပြင်မှ ပူနွေးသော ပင်လယ်ရေငွေ့ပို့လွှတ်မှုကို မကြာမကြာရနိုင်သဖြင့် ဆောင်းကာလသည် တိမ်ရိပ်တိမ်လိပ်များဖြင့် အုံ့မှိုင်းလျက် အအေးဓာတ်လျော့ကျပြီး မကြာမကြာပြန်နွေးလာသဖြင့် သီးနှံဖျက် ပိုးမွှားများ ပေါက်ပွားနှုန်းများစေနိုင်သည့်အတွက် ဆောင်းသီးနှံ စိုက်တောင်သူများ သတိပြုစေလိုကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာနက ထုတ်ပြန်သည်။