“ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ” (ဒီဇင်ဘာ ၁၀ မှ ၁၆ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Dec 16, 2023

ယခုအပတ်(ဒီဇင်ဘာ ၁၀ မှ ၁၆ ရက်အထိ)အတွင်း ကမ္ဘာ့သတင်းတွေထဲ ယူကရိန်းကို ထောက်ပံ့မယ့် အီးယူရဲ့ ကန်ဒေါ်လာ ၅၄ ဘီလီယံ ဟန်ဂေရီကြောင့် ပျက်ပြယ်သွားရတဲ့ သတင်း၊ ဂါဇာစစ်ပွဲသတင်းနဲ့ ရည်မှန်းချက်ပြည့်မှ ယူကရိန်းစစ်ပွဲရပ်မယ်လို့ ပူတင်ပြောတဲ့သတင်းတွေကို ရွေးချယ်ဖော်ပြပေးထားပါတယ်။

****************************************

 

“ကန့်ကွက် တစ်မဲကြောင့် အသည်းကွဲရတဲ့ ယူကရိန်း”

 

ဥရောပသမဂ္ဂ (EU)အဖွဲ့ဝင်နိုင်ငံတွေဟာ ရုရှားကျူးကျော်စစ်ခံထားရတဲ့ ယူကရိန်းကို ထောက်ပံ့ပေးဖို့ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။

 

ယူကရိန်းတို့ အဖွဲ့ဝင် ၂၇ နိုင်ငံမှာ ၂၆ နိုင်ငံအထိ ထောက်ခံမဲရခဲ့ပေမယ့် နောက်ဆုံး ကန့်ကွက်တစ်မဲကြောင့် အထောက်အပံ့ရဖို့ ပယ်ချခံခဲ့ရပါတယ်။ အမေရိကန်ဒေါ်လာ ၅၄ ဘီလီယံအထိ ပေးမယ့်အစီအစဉ်ကို ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဗန် Viktor Orban က ဗီတိုအာဏာသုံး ပယ်ချလိုက်တာဖြစ်ပါတယ်။

 

အဖွဲ့ဝင်နိုင်ငံ၂၆ နိုင်ငံက သဘောတူခဲ့ပေမယ့် ဟန်ဂေရီက ဒီအစီအစဉ်ကို လက်မခံဘူးလို့ ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michel က ပြောဆိုပါတယ်။

 

EU က ထိန်းချုပ်ထားတဲ့ ဟန်ဂေရီရဲ့ ပိုင်ဆိုင်မှု ဒေါ်လာ ဘီလီယံ ၃၀ ကိုပြန်ရယူလိုတဲ့အတွက် ညှိနှိုင်းမှုတွေလုပ်ဖို့ ဟန်ဂေရီက တောင်းဆိုနေတာဖြစ်ပြီး အခု ယူကရိန်းအတွက် အကူအညီတွေ ပေးအပ်ဖို့ကို ကန့်ကွက်ခဲ့တာပါ။ ယူကရိန်းက လိုအပ်နေတဲ့ အကူအညီတွေပေးဖို့ EU အဖွဲ့ဝင်နိုင်ငံအားလုံးက အပြည့်အဝထောက်ခံမှုကို လိုအပ်ပါတယ်။

 

ဆွီဒင်ကတော့ လုပ်ထုံးလုပ်နည်းနဲ့အညီ ပါလီမန်နဲ့ တိုင်ပင်ညှိနှိုင်းဖို့ လိုတယ်လို့ ပြောပါတယ်။ ဒီအတွက် လိုအပ်တဲ့ ဆွေးနွေးမှုတွေဆက်လုပ်ဖို့ Brussels ထိပ်သီးစည်းဝေးပွဲမှာ သဘာပတိအဖြစ် ဆောင်ရွက်နေတဲ့ ဥရောပကောင်စီ ဥက္ကဋ္ဌ ချားလ်စ် မိုက်ကယ် Charles Michel က ပြောပါတယ်။

 

ဒီသီတင်းပတ်ထဲမှာပဲ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး Volodymyr Zelenskyy က အမေရိကန်ပြည်ထောင်စုဆီ လာပြီး အကူအညီတွေ တောင်းခံခဲ့သေးတာပါ။ အထူးသဖြင့် အမေရိကန်ကနေ လက်နက်တွေ ဝယ်ယူဖို့ နောက်ထပ် ကန်ဒေါ်လာ ၆၁ ဘီလီယံ အကူအညီတွေ ပေးအပ်ဖို့ လွှတ်တော် ၂ ရပ်ကြား သဘောတူညီမှု မရခဲ့ပါဘူး။

****************************************

 

“ဂါဇာစစ်ပွဲမှာ ပထမဆုံးကျတဲ့ အစ္စရေးစစ်သားများ”

 

အောက်တိုဘာ ၇ ရက် အလစ်အငိုက်ဝင်တိုက်ခံရတဲ့နေ့ကလွဲရင် ကျန်ရက်တွေမှာ အသာစီးယူထားတဲ့ အစ္စရေးတပ်တွေဟာ ဟားမက်စ်အဖွဲ့ရဲ့ တန်ပြန်တိုက်ခိုက်မှုကြောင့် ပထမဆုံး အကျအဆုံး ဖြစ်ခဲ့ရပါတယ်။

 

ဂါဇာမြောက်ပိုင်းဒေသထဲ ဟားမက်စ် စစ်သွေးကြွအဖွဲ့တွေကို ဝင်ရောက်ချေမှုန်းနေတဲ့ စစ်ဆင်ရေးအတွင်း တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။ အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဂါဇာထဲမှာရှိတဲ့ ပစ်မှတ် ၂၅၀ ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် အဲဒီစစ်ဆင်ရေးတွေထဲ အောက်တိုဘာလတုန်းက ဟားမက်စ်တွေရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူ ၂ ဦးရဲ့ ရုပ်အလောင်းတွေကို အစ္စရေး တပ်ဖွဲ့ဝင်တွေက တွေ့ရှိခဲ့တယ်လို့လည်း ဆိုထားပါတယ်။

 

ဂါဇာကမ်းမြောင်က လူစည်ကားရာအရပ်အောက်မှာရှိတဲ့ မြေအောက်လှိုင်ခေါင်းတွေမှာ ဓားစာခံတွေကို ဖမ်းဆီးထားတာဖြစ်တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

 

ဒီဓားစာခံကယ်ဆယ်ရေး လုပ်ငန်းတွေဟာ ရှုတ်ထွေးနေပေမယ့်၊ ဓားစာခံ အားလုံးကို လွတ်မြောက်ရေး အစီအစဉ်ကတော့ အဟန့်အတား ဖြစ်စေမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

****************************************

 

“ရည်မှန်းချက်ပြည့်မှ ယူကရိန်းစစ်ပွဲ ရပ်မယ်လို့ ကျူးကျော် သမ္မတပြော”

 

ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်ဟာ ဒီဇင်ဘာ ၂၄ ဆိုရင် ၁၀ လတင်းတင်း ပြည့်ပါတော့မယ်။ ကနဦး ရက်ပိုင်းအတွင်း သိမ်းနိုင်မယ်လို့ ရုရှားတွေ ထင်မှတ် ကျူးကျော်တိုက်ခိုက်ခဲ့ပေမယ့် ယူကရိန်းပြည်သူတွေရဲ့ စိတ်ဓာတ်ခွန်အား၊ နိုင်ငံတကာရဲ့ ဝိုင်းဝန်းထောက်ပံ့ပေးမှုတွေကြောင့် သမ္မတ ပူတင်တို့အုပ်စု ထင်သလောက် မလွယ်ကူခဲ့ပါဘူး။

 

အခု ၁၀ လပြည့်ခါနီးမှာတော့ သမ္မတ ပူတင်က သူ့ရည်မှန်းချက် မပြည့်မချင်း ယူကရိန်းအပေါ် ကျူးကျော်စစ်ကို မရပ်ဘူးလို့ ထုတ်ပြောလာခဲ့ပါတယ်။ ယူကရိန်းကို ရုရှားတို့ ကျူးကျော်စစ် ဝင်တိုက်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးပြန်လုပ်တဲ့ နှစ်ချုပ်သတင်းစာရှင်းပွဲမှာ သမ္မတပူတင်က ခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

ပူတင်ရဲ့ ရည်မှန်းချက်က ယူကရိန်းမှာ နာဇီဝါဒ၊ စစ်ဝါဒ ကင်းရှင်းပြီး ကြားနေ ရပ်တည်တဲ့နိုင်ငံ ဖြစ်ရမယ်ဆိုတာ ဖြစ်ပါတယ်။ အဲဒါကိုရမှ ငြိမ်းချမ်းရေးရမှာဖြစ်တယ်လို့ ရုရှား သမ္မတ ပူတင်က ပြောခဲ့ပါတယ်။

 

ယူကရိန်းမှာ ရုရှားရဲ့အထူးစစ်ဆင်ရေးလုပ်ဆောင်‌နေမှုဟာ တိုးတက်မှုရှိတယ်လို့ ပူတင်က တစ်ဆက်တည်းပြောသွားပါသေးတယ်။ မိုင်ပေါင်း ၁ ထောင့် ၂ ရာကျော်ရှည်လျားတဲ့ စစ်မျက်နှာပြင်မှာ ရုရှားတပ်ဖွဲ့ဝင်ပေါင်း ၆ သိန်းကျော် ဖြန့်ချထားတယ်လို့ ပြောပါတယ်။

 

ရုရှားမှာ ရှေ့နှစ်ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ သူထပ်ဝင်ပြိုင်မယ်လို့ သမ္မတပူတင်က ပြီးခဲ့တဲ့သီတင်းပတ်ကပဲ ကြေညာထားတာကြောင့် ၂၀၃၀ ခုနှစ်အထိ ရုရှားသမ္မတအနေနဲ့ ဆက်ပြီးရှိနေဦးမယ့်ပုံ ရပါတယ်။