“ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ” (ဒီဇင်ဘာ ၁၀ မှ ၁၆ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Dec 16, 2023

ယခုရက်သတ္တပတ် (ဒီဇင်ဘာ ၁၀ မှ ၁၆ ရက်အထိ)အတွင်း လူထုစိတ်ဝင်စားမှု မြင့်တက်ခဲ့တာကတော့ တရုတ်အကူအညီနဲ့ မြောက်ပိုင်းအဖွဲ့-စစ်ကောင်စီ ဆွေးနွေးပွဲအကြောင်းပါ။ ဒီသတင်းနဲ့ပတ်သက်လို့ “မြန်မာ့နွေဦးတော်လှန်ရေးအောင်ပွဲနှင့် ကြားဝင်နေဆဲ တရုတ်” ခေါင်းစဉ်နဲ့ ဖော်ပြထားသလို ဖြူးက ညောင်ပင်သာရဲစခန်းသိမ်းတဲ့အကြောင်း၊ ရခိုင်က နှံးဘူးမဟာဗျူဟာကုန်းသိမ်းတဲ့သတင်းတွေအပါအဝင် ထိပ်တန်းရောက် သတင်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။

****************************************

 

“မြန်မာ့နွေဦးတော်လှန်ရေးအောင်ပွဲနှင့် ကြားဝင်နေဆဲ တရုတ်”

 

ရှမ်းမြောက် ၁၀၂၇ စစ်တင်ရေးကြောင့် မျှော်လင့်ချက်မဲ့နေတဲ့ မြန်မာပြည်သူ/ပြည်သားတွေရဲ့ နွေဦးတော်လှန်ရေးအိပ်မက် ပြန်လည် နိုးထလာခဲ့ပါတယ်။

 

ရုတ်တရက် “ဆိုင်းမဆင့်၊ ဗုံမဆင့်” ဆိုသလို အောက်တိုဘာ ၂၇ ရက် နံနက်အစောပိုင်းကနေ ပေါ်ထွက်လာတဲ့ ၁၀၂၇ အမည်ရ စစ်တင်ရေးလို့ခေါင်းစဉ်တပ်ပြီး မြောက်ပိုင်းညီနောင်က ဆင်နွှဲခဲ့တာပါ။

 

ဒီစစ်ဆင်‌ရေးဟာ ဒီဇင်ဘာ ၁၆ ရက်ဆို ၅၁ ရက်မြောက်ခဲ့ပြီဖြစ်ပါတယ်။

 

စတင်ချိန်က အခုလောက်ထိ အားကောင်းမယ်လို့ ဘယ်သူ့မှ မမျှော်လင့်ခဲ့ကြပေမယ့် တမဟုတ်ချင်းဆိုသလို စစ်‌ကောင်စီရဲ့ စခန်းများစွာ၊ မြို့များစွာကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့အထိ အောင်မြင်မှုတွေ ရခဲ့တဲ့အခါမှာတော့ ပြည်သူတွေရဲ့ နွေဦးအောင်ပန်းဟာ ပြန်လည်လန်းဆန်းလို့လာခဲ့ပါတယ်။

 

ပြည်သူတွေရဲ့ မျှော်လင့်ချက် ရုန်းထလာမယ်ဆိုလည်း ရုန်းထစရာပင်။ အဘယ့်ကြောင့်ဆိုသော် “စစ်အာဏာရှင် အမြစ်ဖြတ်ရေး” ဆိုတဲ့ ဒီမိုကရေစီလိုလားသူ ပြည်သူတွေရဲ့ သည်းခြေကြိုက်စားသားကို အမိအရ ဆွဲကိုင်ပြီး ထုတ်ပြန်ချက်တိုင်းလိုလို ထည့်သွင်းပြောဆိုခဲ့တာကြောင့် ဖြစ်ပါတယ်။

 

ဒါပေမဲ့ အဲဒီမျှော်လင့်ချက် အိပ်မက်ကို ဇဝေဇဝါဖြစ်စေမယ့် (ဝါ) ရိုက်ချိုးစေနိုင်မယ့် သတင်းဆိုးတစ်ခု ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းထွက်ပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲနေသူတွေဖြစ်တဲ့ ကိုးကန့်တပ် MNDAA၊ တအောင်းတပ် TNLA နဲ့ ရခိုင့်တပ်တော် AA တို့နဲ့အတူ အာဏာသိမ်း စစ်ကောင်စီတို့ တွေ့ဆုံခဲ့ကြတယ်ဆိုတဲ့ သတင်းပါ။

 

သူတို့တွေဟာ တရုတ်အစိုးရအကူအညီနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ကြတာလို့ သိရပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းက ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့ တွေ့ဆုံတာလို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသလို ဒီဆွေးနွေးပွဲကနေ အပြုသဘောဆောင်တဲ့ ‌ရလဒ်တွေရခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ Mao Ning က သတင်းရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

 

အဲဒီနောက် ဒီဇင်ဘာ ၁၄ ရက် သတင်းစာရှင်းလင်းပွဲမှာတော့ မြောက်ပိုင်းအဖွဲ့တွေနဲ့ အပစ်ရပ်ထားဖို့ သဘောတူမှုရခဲ့တယ်လို့ ၎င်းက ထုတ်ပြောသလို အပစ်အခတ်တွေ လျော့ပါးလာတယ်လို့ ပြောသွားပါတယ်။

 

တကယ်တော့ သူထင်သလို မဟုတ်ပါဘူး။ သူတို့တွေ့ဆုံတယ်လို့ သတင်းထွက်လာတဲ့ ဒီဇင်ဘာ ၁၁ ရက် နောက်ပိုင်းဖြစ်တဲ့ ဒီဇင်ဘာ ၁၂ ရက်မှာ စစ်ကောင်စီတပ်တွေက ကိုးကန့်ဒေသက MNDAA တပ်စခန်းကို အလစ်ဝင်တိုက်ခဲ့လို့ နှစ်ဖက်ထိတွေ့မှု ဖြစ်ခဲ့ပြီး MNDAA တပ်သား ၆ ယောက်ဒဏ်ရာရတဲ့အပြင် တစ်ဦး သေဆုံးခဲ့ရပါတယ်။

 

ဒါ့အပြင် တအောင်းဒေသဖြစ်တဲ့ နမ့်ခမ်းနဲ့ နမ့်ဆန်မြို့တွေမှာလည်း ဒီရက်ပိုင်း တအောင်းတပ် TNLA နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ဖြစ်ပါတယ်။

 

အဲဒီလိုပဲ TNLA ဘက်က စစ်ကောင်စီစခန်းတွေကို ဆက်သိမ်းနေဆဲဖြစ်သလို စစ်ကောင်စီဘက်ကလည်း လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို အရပ်ဘက်၊ စစ်ဘက်မရွေး လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

 

စစ်ကောင်စီဟာ နမ့်ဆန်မြို့နယ်အတွင်း ဒီဇင်ဘာ ၁၄ နဲ့ ၁၅ ရက်တွေမှာ  လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့တဲ့အတွက် အရပ်သားတစ်ဦး သေဆုံးပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ်တွေ ပျက်ဆီးခဲ့တယ်လို့ TNLA က ဆိုသလို ကိုးကန့်ဒေသဘက်မှာလည်း လက်နက်ကြီးပစ်ခတ်မှုနဲ့ လေယာဉ်‌ဗုံးကြဲမှုတွေ ပြုလုပ်ရာမှာ အရပ်သားတွေကို ပစ်မှတ်ထားပြုလုပ်ခဲ့တယ်လို့ ညီနောင်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။

 

ဒီရက်ပိုင်းထဲ TNLA ဟာ နမ့်ခမ်းမြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေသလို နမ့်ဆန်မြို့ကိုလည်း သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းတိုက်ခိုက်နေတာပါ။ တစ်ဖန် ၁၀၅ မိုင်လို နိုင်ငံ့အဓိက ကုန်သွယ်ရေးဇုန်ကိုလည်း ထိန်းချုပ်နိုင်လုဆဲဆဲ အခြေအနေမှာ ရှိနေပြန်ပါတယ်။

 

ဒီလို စစ်ရေးအရှိန်အားကောင်းနေတဲ့ကာလမှာ တရုတ်နိုင်ငံက ကြားဝင်ပြီး နိုင်ငံရေးနည်းအရ လို့ဆိုပြီး ဆွေးနွေးဖို့ကြားဝင်လာတာပါ။

 

အဲဒီ စစ်ကောင်စီ-မြောက်ပိုင်းအဖွဲ့ ဆွေးနွေးပွဲအပြီး ဒီဇင်ဘာ ၁၄ ကြာသာပတေးနေ့မှာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန(MoD)ပြည်ထောင်စုဝန်ကြီး ဦး‌ရည်မွန်က တိုင်းရင်းသားလက်နက်ကိုင်(EROs)တွေနဲ့ သူတို့ရဲ့ကြားမှာ ဘုံသဘောတူညီချက် ရှိတဲ့အကြောင်း ထုတ်ပြောလာပါတယ်။

 

“လတ်တလော ဘုံရည်မှန်းချက်က စစ်အာဏာရှင်အမြစ်ဖြတ်ဖို့ပဲ” လို့ NUG နဲ့ EROs ကြားက ဘုံသဘောတူညီချက်ကို သူက ထည့်သွင်းပြောပါတယ်။

 

အဲဒီနောက် တော်လှန်ရေးအောင်တဲ့အခါ တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်ယူနစ်ကိစ္စ၊ ဖက်ဒရယ်ယူနစ်တစ်ခုချင်းရဲ့ နယ်မြေ၊ နယ်နိမိတ်သတ်မှတ်ရေးကိစ္စ စတာတွေကို ကိုယ့်အချင်းချင်းကြား ပြောစရာတွေ အများကြီး ရှိပါလိမ့်မယ်လို့ ဦးရည်မွန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

“အဲဒီကိစ္စတွေ ကိုင်တွယ်တဲ့အခါ အင်အားအသုံးမပြုဘဲ စားပွဲဝိုင်းမှာပဲ ကျေလည်အောင် ပြောကြမယ်ဆိုတာလည်း အားလုံးသံန္နိဋ္ဌာန်ချပြီးဖြစ်တယ်” လို့ ပြည်သူ့ ကာကွယ်ရေးဝန်ကြီးက ထုတ်ပြောပါတယ်။

 

NuG ကာကွယ်ရေးဝန်ကြီးဟာ တရုတ်အကူအညီနဲ့ စစ်ကောင်စီ-မြောက်ပိုင်းအဖွဲ့တွေ့ဆုံမှုနဲ့ ပတ်သက်လို့တော့ ဘာမှထည့်သွင်းပြောကြားခဲ့တာ မရှိပါဘူး။

 

စစ်ကောင်စီ-မြောက်ပိုင်းသုံးဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ အသေးစိတ်ကို ဘယ်သူမှ ထုတ်မပြော၊ မထုတ်ပြန်ပေမယ့် ယာယီအပစ်အခတ် ရပ်စဲဖို့အပါအဝင် ဆက်လက်တွေ့ဆုံဆွေးနွေးဖို့ သဘောတူခဲ့တဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Mao Ning က ဒီဇင်ဘာ ၁၄ ရက်က ကြေညာချက် ထုတ်ပြန်ပါတယ်။ မြောက်ပိုင်းသုံးဖွဲ့ဘက်ကတော့ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ရေငုံနှုတ်ပိတ်နေဆဲ ဖြစ်ပါတယ်။

 

အရေးနိမ့်နေတဲ့ စစ်ကောင်စီနဲ့ ကြားဝင်တရုတ်တို့ကတော့ ငြိမ်းချမ်းရေးခေါင်းစဉ်တပ်လို့ အပစ်အခတ်ရပ်ဆဲရေးလို့ဆိုပေမယ့် ညီနောင်မဟာမိတ်သုံးဖွဲ့ကတော့ ၁၀၂၇ စစ်ဆင်ရေးအတွက် ပေးခဲ့တဲ့ သူတို့ရဲ့ ကတိကဝတ် စစ်အာဏာသိမ်းမှု အဆုံးသတ်ရေးကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ထုတ်ပြန်ပြောကြားနေဆဲ ဖြစ်ပါတယ်။

****************************************

 

“ရခိုင်က အရေးကြီး ဗျူဟာကုန်းနှစ်ခုလုံးကို သိမ်းပိုက်လိုက်နိုင်ပြီဖြစ်တဲ့ AA”

 

ဒီဇင်ဘာလ နှစ်ပတ်အတွင်း ရခိုင်ပြည်က စစ်ကောင်စီ လက်မလွှတ်ချင်ဆုံး ဗျူဟာကုန်းကြီးနှစ်ခုစလုံးကို ရခိုင့်တပ်တော် AA က သိမ်းပိုက်နိုင်ခဲ့ပါပြီ။ ထရွတ်အိုင်နဲ့ နှုံးဘူးလို့အမည်ရတဲ့ စစ်ရေးအရ အလွန်အရေးပါတဲ့ ဗျူဟာကုန်းကြီးတွေ ဖြစ်ပါတယ်။

 

ဒီဗျူဟာကုန်ကြီးတွေ မဆုံးရှုံးရေး စစ်ကောင်စီတို့ တတ်စွမ်းသလောက် ကြိုးစားခဲ့ပေမယ့် အားမတန် မာန်လျှော့ခဲ့ရပါတယ်။ ရဟတ်ယာဉ်ကွင်း နှစ်ခုပါတဲ့ ထရွန်အိုင်ဗျူဟာကုန်းကို ဒီဇင်ဘာ ၄  ရက်နဲ့ နှံးဘူးဗျူဟာကုန်းကိုတော့ အခုအပတ် ဒီဇင်ဘာ ၁၀ ရက် တနင်္ဂ‌နွေနေ့ ညပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာပါ။

 

စခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီဟာ ဂျက်လေယာဉ်တစ်စီးနဲ့ နှုံးဘူးဗျူဟာကုန်းကို ဗုံးကြဲတာတွေ လာလုပ်ခဲ့ပါတယ်။

 

စစ်ကောင်စီက အခိုင်အမာ အထိုင်ချထားတဲ့ ပလက်ဝမြို့နယ်ထဲက နှုံးဘူးဗျူဟာကုန်းကို နိုဝင်ဘာ ၁၄ ရက်ကတည်းက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် တစ်လနီးပါးအကြာ ဒီဇင်ဘာ ၁၀ ရက် ညပိုင်းမှာ AA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာပါ။

 

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗျူဟာမှူးတစ်ဦး အပါအဝင် စစ်ကောင်စီတပ်သား အလောင်းအချို့နဲ့  လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့တဲ့အ‌ကြောင်း ဒီဇင်ဘာလ ၁၂ ရက် ညပိုင်းမှာ AA က ထုတ်ပြန်ခဲ့ပါတယ်။

 

စစ်ကောင်စီဟာ နှုံးဘူးဗျူဟာကုန်းကို လက်မလွှတ်ရဖို့ လေယာဉ်ပစ်ကူ၊ လက်နက်ကြီး ပစ်ကူ စတဲ့ သာလွန်လက်နက်အင်အားတွေနဲ့ ခုခံကာကွယ်ခဲ့ပေမယ့် လက်လွှတ်ဆုံးရှုံးခဲ့ရတာပါ။

 

ရခိုင့်တပ်တော် AA ဟာ ရခိုင်ပြည်မှာ ၁၀၂၇ စတင်တဲ့ အောက်တိုဘာ ၂၇ ကနေ ဒီဇင်ဘာ ၁၀ ရက်အထိ ၄၅ ရက်အတွင်း စစ်ကောင်စီစခန်းကြီး/ငယ် ၁၄၂ ခုအထိ သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်တယ်တယ်လို့ ထုတ်ပြန်ပါတယ်။

 

လတ်တလော ရခိုင်ဒေသ တကြော့ပြန်တိုက်ပွဲတွေကြောင့် ဒေသခံ စစ်ဘေးရှောင် တစ်သိန်းနီးပါးအထိ ရှိလာခဲ့ပြီလို့ ဒီတစ်ပတ်ထဲမှာ သိရပါတယ်။

****************************************

 

“ဖြူးက ညောင်ပင်သာရဲစခန်းကို သိမ်းလိုက်ပြန်တဲ့ တော်လှန်ရဲဘော်များ”

 

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းပေါ်က စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ညောင်ပင်သာ ရဲစခန်းကို ဒီဇင်ဘာ ၁၃ ရက် ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းက တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

 

ကရင်အမျိုးသားများလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက  (၄၅)မိနစ်အတွင်း တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာပါ။

 

စစ်ကောင်စီ အင်အား (၆၀)ခန့်ရှိတဲ့အနက် တစ်ဝက်ဖြစ်တဲ့ ၃၀ လောက်ကို တော်လှန်ရဲဘော်တွေ ချေမှုန်းနိုင်ခဲ့တာဖြစ်ပေမယ့် တော်လှန်ရေး မဟာမိတ်များဘက်ကတော့ အထိအခိုက်အကျအဆုံး မရှိခဲ့ပါဘူး။

 

အဲဒီစခန်းကနေ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းနိုင်ခဲ့တဲ့အတွက် လူမှုကွန်ရက်ပေါ်ပြန့်နှံ့လာတဲ့ ဗီဒီယိုဖိုင်ထဲ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က “ဘဘကြီး မင်းအောင်လှိုင် ကျေးဇူးတင်ပါတယ်” လို့ အငေါ်တူးထားတာကို့ တွေ့မြင်ခဲ့ရပါတယ်။

 

အဲဒီ ညောင်ပင်သာရဲစခန်းကနေ RPG ထိပ်ဖူး၂၁ လုံး၊ RPG ပို့ယမ်း ၁၇ ခု၊ ၉ မမကျည် ၈၀ တောင့် ၆၀ မမ ဗုံးသီး ၂၇ ခု၊ G2 ၁ လက်၊ G3 ၂ လက်၊ ပြောင်းချော ၄ လက်၊ BA 94 ၂ ခု၊ MA-13 ၁ လက်၊ Tear Gas Gun ၂ ခု၊ လက်ပစ်ဗုံး  ၆ လုံး၊ G3 ကျည် ၂၃၁ တောင့်၊ 5.56 ကျည် ၁၄၃ တောင့်၊ လက်ထပ် ၄ ခု၊ လက်တော့ ၁ လုံး၊ မျက်ရည်ယိုဗုံး ၄၆ လုံး၊ အသံဗုံး ၁လုံး၊ ကျည်ကာ ၂ ခု၊ ဦးထုပ် ၅ လုံး၊ G3 ကျည်ဘောက် ၆ ခုနှင့် ၉ လုံးကျည် ၂၀၁ တောင့်တို့ကို သိမ်းဆည်းရမိခဲ့တဲ့အကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်ထားပါတယ်။

 

နေပြည်တော်အနီးက ဖြူးမြို့ ညောင်ပင်သာ စခန်းသိမ်းစစ်ဆင်ရေးကို KNLA၊ တော်ဝင်ဒေါင်းစစ်ကြောင်း၊ ဗမာ့ပြည်သူ လွတ်မြောက်ရေးတပ်မတော်(BPLA )၊ ရိုးမစစ်ကြောင်း (၁)၊ အာဠာဝက စစ်ကြောင်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

****************************************

 

“စစ်ကိုင်းမှာ နောက်တစ်မြို့ ထပ်သိမ်း”

 

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တိုက်ပွဲဝင် စိတ်ဓာတ် အမြင့်ဆုံးကို ရောက်နေတဲ့ တော်လှန်ရေးရဲဘော်တွေဟာ အခုအပတ်ထဲ စစ်ကိုင်းတိုင်းက မော်လူးမြို့ကို ထပ်သိမ်းလိုက်ပြန်ပါတယ်။

 

ဒါကြောင့် စစ်ကိုင်းတိုင်းထဲ အခု မော်လူးမြို့အပါအဝင် ကောလင်း၊ ခမ်းပတ်နှင့် ရွှေပြည်အေး မြို့တို့ကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။

 

တော်လှန်ရေးပူးပေါင်းအဖွဲ့များရဲ့ ဒီဇင်ဘာ ၁၃ ရက်က မော်လူးမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၄ ဦး သေဆုံးပြီး စစ်သုံ့ပန်း ခုနစ်ဦးအပြင် လက်နက်ငယ်၂၁ လက်၊ ခြောက်လုံးပြူး တစ်လက်၊ နင်းမိုင်း  ငါးလုံး၊ လက်ပစ်ဗုံး၂၄ လုံး၊ G3 ကျည် ၃၀၀၀ ကျော်၊ MA ကျည် ၃၀၀ ကျော်၊ ၉ မမ ကျည် ၂၀၀ ကျော်၊ ရာဘာကျည်  ၃၀ တောင့် ၊ G3 ကျည်ဘောက် ၄၂ ဘောက်၊ MA ကျည်ဘောက်  ခြောက်ဘောက်၊ အူဇီကျည်ဘောက် ၆ ဘောက်၊ ကွန်ပျူတာ တစ်လုံး၊ ဖုန်းနှစ်လုံး၊ ဆက်သွယ်ရေးစက် တစ်လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ပူးပေါင်းတပ်ဘက်က ရဲဘော် နှစ်ဦးကျဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

 

ကသာခရိုင်ရှိ မော်လူးမြို့ကို အမှတ်(၁)စစ်ဒေသ ABSDF စစ်ကြောင်း (၁)နဲ့ မဟာမိတ်တပ်ပေါင်းစုများဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA/KIO၊  KPDF ၊ ဒေသခံ ပကဖ၊ ပအဖ၊ ပလဖ ရဲဘော်များပူးပေါင်းပြီး ဒီဇင်ဘာလ ၁၃ ရက် သန်းခေါင်ယံ ၂ နာရီခွဲ အချိန်ကစတိုက်ခဲ့ပြီးနောက် နံနက် ၆ နာရီခွဲ အချိန်မှာ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။