ယူကရိန်းအားထောက်ပံ့မည့် ကန်ဒေါ်လာ ၅၅ ဘီလီယံ အစီအစဉ်အား ပယ်ဖျက်ခဲ့သော်လည်း EU အဖွဲ့ဝင် လောင်းအဖြစ် သတ်မှတ်ကြောင်း EU ပါလီမန်ကြေညာ

Author လင်းနွေဦး
Categories
Published on Dec 15, 2023

ပြီးခဲ့သည့် ယမန်နေ့ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ဘယ်ဂျီယံနိုင်ငံ ဘရူဆဲလ် မြို့တော်တွင် ပြုလုပ်လျက်ရှိသော European Union(EU) ဥရောပအစည်းအရုံး ဆွေးနွေးပွဲတွင် ယူကရိန်းအား ထောက်ပံ့မည့် ကန်ဒေါ်လာ(၅၅)ဘီလီယံ အစီအစဉ်အား ပယ်ဖျက်ခဲ့ပြီးနောက် ယူကရိန်းအား  EU အဖွဲ့ဝင်လောင်းအဖြစ် EU အဖွဲ့ဝင် ခေါင်းဆောင်များမှ ဆွေးနွေးသတ်မှတ်ခဲ့ကြကြောင်း BBC မှ ဖော်ပြသည်။

 

ထိုထောက်ပံ့ရေးအစီအစဉ်အား EU အဖွဲ့​ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဟန်ဂေရီနိုင်ငံမှ ကန့်ကွက်ခြင်းကြောင့် ပယ်ဖျက်ခဲ့ရခြင်းဖြစ်ပြီး ယူကရိန်း၏ EU အဖွဲ့ဝင် ဖြစ်စေရေး ဆွေးနွေးမှုတွင် မပါဝင်နိုင်သေးကြောင်း ဟန်ဂေရီဝန်ကြီးချုပ် Viktor Orban (ဗစ်တာ အော်ဘန်)မှ ယမန်နေ့ ကြာသပတေးနေ့ ဆွေးနွေးပွဲအပြီးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

“ဟန်ဂေရီရဲ့ ရပ်တည်မှုက ရှင်းပါတယ်။ ယူကရိန်းဟာ EU အဖွဲ့ဝင်ဖြစ်ဖို့ ဆွေးနွေးမှုအတွက် မပြင်ဆင်ရသေးပါဘူး။ တခြားတစ်ဖက်မှာတော့ ကျန် အဖွဲ့ဝင် ၂၆ နိုင်ငံက ဆုံးဖြတ်ချဖို့ ပြင်ဆင်နေခဲ့တာကြောင့် ဟန်ဂေရီနိုင်ငံအနေနဲ့ မကောင်းတဲ့ဆုံးဖြတ်ချက်မှာ မပါဝင်လိုတဲ့ အတွက် သူတို့နည်း သူတို့ဟန်နဲ့ ပြုလုပ်သင့်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ဟန်ဂေရီ ဝန်ကြီးချုပ်မှ ၎င်း၏ လူမှုကွန်ယက် X(ယခင် Twitter) တွင်ရေးသားခဲ့သည်။

 

ယူကရိန်းနှင့်အတူ အိမ်နီးချင်းနိုင်ငံဖြစ်သော Moldova(မိုဒိုဗာ)နိုင်ငံသည်လည်း EU အဖွဲ့ဝင်နိုင်ငံ ဖြစ်ရေးကြိုးပမ်းနေပြီး ယူကရိန်းနည်းတူ အဖွဲ့ဝင်လောင်း နိုင်ငံအဖြစ် ယမန်နေ့ ဆွေးနွေးပွဲ အပြီးတွင် သတ်မှတ်ခြင်း ခံခဲ့ရသည်။

 

ယူကရိန်း သမ္မတ ဇလန်စကီ မှလည်း EU အဖွဲ့ဝင်လောင်းအဖြစ် သတ်မှတ်ခံရခြင်းနှင့်ပတ်သတ်၍ “ဒါဟာ ယူကရိန်းအတွက် အောင်မြင်မှုတစ်ခု ဖြစ်သလို ဥရောပ အတွက်လည်းအောင်မြင်မှု တစ်ခုပါ။ဒီအောင်မြင်မှုဟာ စိတ်အားတက်ကြွစေသလို ရှေ့ဆက်ဖို့ ခွန်အားနဲ့ အရှိန်တွေတိုးလာစေတယ်”လို့ ကြေညာမှုအပြီး ၎င်း၏ လူမှုကွန်ယက် X တွင် ရေးသားခဲ့သည်။

 

ယူကရိန်းသည် EUအဖွဲ့ဝင် ဖြစ်လာပါက ရရှိနိုင်သော အကျိုးခံစားခွင့်များ ပိုမိုများပြားလာမည်ဖြစ်ကာ လုပ်ပိုင်ခွင့်များနှင့် တောင်းဆိုနိုင်မှုများ ရရှိနိုင်မည် ဖြစ်သော်လည်း အဖွဲ့ဝင်လောင်းအဖြစ်မှ အဖွဲ့ဝင် စစ်စစ်ဖြစ်လာရန် EU မှ သတ်မှတ်ထားသော လိုအပ်ချက်များဖြစ်သည့် စီးပွားအရ လွပ်လပ်မှု၊EU မှ ချမှတ်ထားသော စည်းမျဉ်းများလိုက်နာနိုင်ခြင်း ၊ဒီမိုကရေစီ ရရှိထားခြင်းနှင့် လူ့အခွင့်အရေးအလေးထားမှု စသည်ဖြင့်  ကျော်ဖြတ်ရမည့် အဆင့်များ ကျန်ရှိနေသေးပြီး ကြာမြင့်နိုင်ကြောင်း BBC မှ ဖော်ပြသည်။

 

ထိုမျှမကသေးဘဲ ယင်းအဆင့်များကျော်လွန်ပြီးပါက ရှိနှင့်ပြီးသော EU အဖွဲ့ဝင်နိုင်ငံတိုင်းမှ လက်မှတ်ထိုး၍ EU ပါလီမန်၏ တရားဝင်အသိအမှတ်ပြု ကြေညာခံပြီးမှသာ EU အဖွဲ့ဝင် စစ်စစ်ဖြစ်လာမည် ဖြစ်ကြောင်းလည်း BBC ၏ ဖော်ပြချက်အရ သိရသည်။

 

ယူကရိန်းအနေဖြင့် ၎င်းအား ထောက်ပံ့မည့် အစီအစဉ်အား ပယ်ဖျက်ခံရသော်လည်း EU အဖွဲ့ဝင်လောင်းအဖြစ် ကြေညာခြင်းခံရရုံသာမက လာမည့်နှစ်အတွင်းတွင် ယူကရိန်းကို ထောက်ပံရေးအတွက် EU မှ ဆက်လက်ဆွေးနွေးမှုများ ရှိလာမည်ဖြစ်ကြောင်း ဒတ်ချ်ဝန်ကြီးချုပ် မတ် ရုထ်တီ မှ ယခုလိုပြောကြားသည်။

 

“၂၇ နိုင်ငံထဲမှာမှ ဟန်ဂေရီရဲ့ ပယ်ချမှုကြောင့် အစီအစဉ်မဖြစ်မြောက်ပေမဲ့လည်း နောက်နှစ် အစောပိုင်းကာလထဲမှာ ဆက်လက်ဆွေးနွေးမှုတွေနဲ့ ရလဒ်ကောင်းတွေရှိလာပါလိမ့်မယ် အာမခံချက်လို့ ပြောတာတော့မဟုတ်ပါဘူး”ဟု ၎င်းမှ BBC သို့​​ပြောကြားသည်။

 

ဒတ်ချ်ဝန်ကြီးချုပ် မှ ဆက်လက်၍ EU အနေဖြင့် ဆုံးဖြတ်ရန် အချိန်အချို့ ကျန်ရှိသေးကာ ယူကရိန်း၌လည်း လာမည့် ရက်သတ္တပတ်များအထိ အသုံးစရိတ်ပြတ်လတ်ဦးမည် မဟုတ်ကြောင်း၊ ထို့ကြောင့် ၎င်းအချိန်များအတွင်း စဉ်းစားဆုံးဖြတ်ကာ အပြုသဘောဆောင်သော ရလဒ်ကောင်းများ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ယခု EU မှ ယူကရိန်းနိုင်ငံသို့ထောက်ပံ့ပေးမည့် အစီအစဉ် ပယ်ဖျက်ခံရခြင်းသည် ယူကရိန်း အတွက် ပထမဆုံး အကြိမ်မဟုတ်တော့ဘဲ ရှေ့တွင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်မှ ယူကရိန်းနှင့် အစ္စရေးတို့အတွက် လိုအပ်သည်များ ထောက်ပံ့ရန် ကန်ဒေါ်လာ ၁၀၀ ဘီလီယံကျော် ချပေးရန်အတွက် အထက်လွှတ်တော်သို့ တောင်းဆိုထားမှု မှာ လည်း ရီပက်ဘလစ်ကန် အမတ်များ၏ ယူကရိန်းကို ကူညီမှု ရေချိန်အား တိုင်းတာရန်နှင့် အမေရိကန်-မက္ကဆီကို နယ်စပ် မူဝါဒပြောင်းလဲမှု ပြဿနာများအား ဦးစားပေးရန် တင်ပြမှုများကြောင့် ပယ်ချခံခဲ့ရသည်။