ဆားတောင်မြို့၊ ကူကြီးကုန်းရွာအနီးက အကြမ်းဖက်တွေ ဆက်ကြေးကောက်နေတဲ့ဂိတ်ကို တပ်မတော်ရှင်းလင်း၊ အလောင်းအရေအတွက် ၄၀ ထက်မနည်းရှိဟုဆိုတဲ့ လုပ်ကြံသတင်း

Author မင်းထက်
Categories
Published on Dec 15, 2023

Myanmar Hard Talk ဆိုတဲ့ စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်ကနေ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၊ ရွာဝေးရပ်ကွက်၊ ကူကြီးကုန်းကျေးရွာအနီး မန္တလေး- ရွှေဘိုကားလမ်းပေါ်က အကြမ်းဖက် NUG လက်အောက်ခံ PDF များ ဓားပြတိုက်၊ ဆက်ကြေးကောက်နေတဲ့ ဂိတ်နေရာကို တပ်မတော်က ဒီဇင်ဘာ ၁၄ ရက်၊ မွန်းတည့် ၁၂ နာရီခန့်မှာ ရှင်းလင်းလိုက်တယ်ဆိုတဲ့ လုပ်ကြံသတင်းတစ်ပုဒ်ကို ဖြန့်လာခဲ့ပါတယ်။

 

အဲဒီပို့စ်ကို ယနေ့ဒီဇင်ဘာ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်ကနေ စတင်ဖြန့်ဝေလာခဲ့တာဖြစ်ပြီး နေ့လယ် ၂ နာရီဝန်းကျင်မှာတော့ ပျံ့နှံ့မှုက Like & React ၂၀ဝ ကျော်၊ ကြည့်ရှုသူ ၆၀ဝ၀ ကျော် ဝန်းကျင်နဲ့ မှတ်ချက်ပေးမှု ၁၂ ခု ရှိတာ တွေ့ရပါတယ်။ ကြည့်ရန် – https://archive.ph/3Nwke

 

ဒီပို့စ်ကို အခြား စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တွေနဲ့ ဖေ့စ်ဘွတ်ခ်တွေမှာပါ ထပ်မံမျှဝေတာတွေ ဖြန့်ဝေတာတွေလည်း တွေ့ရပါတယ်။

 

ဒီသတင်းအကြောင်းအရာနဲ့ ပက်သက်ပြီး CJ Platform က စိစစ်စုံစမ်းတဲ့အခါမှာ လွဲမှားနေတာတွေ့ရပြီး ဒေသတွင်းနဲ့ လွတ်လပ်တဲ့သတင်းမီဒီယာတွေရဲ့ဖော်ပြချက်မှာလည်း ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခန့်က စတင်ကာ စစ်ကိုင်းမြို့နယ်၊ ကူကြီးကုန်းရွာအနီးတွင် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားရာ အနီးအနားကို Mi 35 ရဟတ်ယာဉ်ဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

ဖတ်ရှုရန်သတင်းအပြည့်အစုံ – https://archive.ph/G2DgW

 

အကြောင်းအရာ အချက်အလက်တွေကိုလည်း လိုသလို ပြောင်းလဲအသုံးပြုထားပြီးတော့ မသက်ဆိုင်တဲ့ အခြေအနေအခင်းအကျင်းနဲ့ လှည့်စားကာ ပြည်သူတွေကို ထင်ယောင်ထင်မှားဖြစ်အောင် ရေးသားထားတာ တွေ့ရပြီး ဒီသတင်းကို သတင်းတု၊ သတင်းမှား စစ်ဆေးတဲ့နည်းတွေနဲ့ စိစစ်ကြည့်တဲ့အခါမှာ သူတို့ဖန်တီးထားတဲ့  သတင်း အမျိုးအစားဟာ လှည့်ဖြားမှားယွင်းသော တင်ဆက်ချက်(Misleading Content)ဖြစ်စဉ်တစ်ခု ဘောင်ခတ်ပုံသွင်းပြီး သတင်းအချက်အလက်များကို လှည့်ဖြားလိုတဲ့သဘောနဲ့ တင်ဆက်ထားခြင်းမျိုးဖြစ်နေတယ်လို့ စိစစ်တွေ့ရှိရပါတယ်။

 

အခုလိုမျိုး ပြည်သူတွေအကြား လုပ်ကြံဖန်တီးထားတဲ့ သတင်းမှား ပျံ့နှံ့နေတာတွေရှိတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသင့်တဲ့အတွက် CJ Platform ရဲ့ “အလွယ်မယုံနဲ့” ကဏ္ဍကနေ စိစစ်ဖော်ပြလိုက်ရပါတယ်။

 

ပြည်သူတွေအနေနဲ့ မှန်လား/မှားလားဆိုပြီး ဇဝေဇဝါဖြစ်နေတဲ့ သတင်းမျိူးတွေတွေ့ခဲ့ရင်လည်း CJ Platform Facebook Page မှာ လာရောက်မေးမြန်းထားလို့ ရပါတယ်။