ရခိုင်တွင် စက်သုံးဆီ တစ်လီတာ ကျပ်သုံးသောင်းကျော် ဈေးပေါက် ⬛ တစ်မဲ သုံးထောင်ဖြင့် စက်သုံးဆီဘူးများ မဲဖောက် ရောင်း

Author လင်းနွေဦး
Categories
Published on Dec 12, 2023

ရခိုင်ပြည်နယ်ရှိ မြို့အများအပြားတွင် စစ်ကောင်စီက ကုန်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ထားသဖြင့် ဆီပြတ်လပ်နေပြီး လက်ကျန်ဆီများကို အရောင်းအဝယ်လုပ်နေရသည့်အတွက် အောက်တိန်း ၉၂ တစ်လီတာလျှင် ကျပ်သုံးသောင်းခန့်အထိဈေးရှိကြောင်း ဒေသခံများထံမှ သိရသည်။

 

ရခိုင်ပြည်နယ်အနှံ့ နိုဝင်ဘာ ၁၃ ရက်နေ့မှစတင်၍ ရက္ခိုင့်တပ်တော်(AA)၏ ၁၀၂၇ စစ်ဆင်ရေးစတင်ခြင်းနှင့်အတူ စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသဖြင့် စစ်ကောင်စီက အဓိကလမ်းများကို ပိတ်ဆို့ထားသဖြင့် ရခိုင်ပြည်အတွင်း စက်သုံးဆီအဝင်မရှိတော့သည်မှာ လနှင့်ချီကြာမြင့်နေပြီဖြစ်ကြောင်း အစိုးရရုံးစိုက်ရာ စစ်တွေဒေသခံများက ဆိုသည်။

 

“ရခိုင်မှာက ဆီလက်ကျန်နဲ့ပဲ သုံးနေကြရတာလေ။ အဝင်ဘာမှမရှိဘူး။ ရခိုင်ပြည်ထဲကို ဘာမှမဝင်ရဘူးလေ။ ဆိုင်ကြီးတွေလည်း မရောင်းဘူး။ လမ်းဘေးဆိုင်တွေပဲ ရောင်းတော့တာ။ ဘူးတွေနဲ့ တစ်လီတာကို ၂၅,၀၀၀ ကနေ ၃၅,၀၀၀ ထိ တင်ရောင်းကြတာ။ အခု ဆီတွေက ရှာမရတော့ဘူး။ အဲဒါကြောင့် ရှိတဲ့သူတွေက တင်ရောင်းကြတာ။ ရခိုင်တစ်ပြည်လုံးပဲ” ဟု အသက် (၂၂)အရွယ်ရှိ စစ်တွေဒေသခံတစ်ဦးက CJ Platform သို့ ပြောသည်။

 

ထိုသို့ ရခိုင်ပြည်အတွင်း စက်သုံးဆီဈေး အဆမတန် မြင့်တက်မှုကြောင့် ရခိုင်ပြည်ဒေသခံ အများစုမှာ သွားလာရေးအတွက် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ အသုံးမပြုနိုင်တော့ဘဲ စက်ဘီးများ စီးနေရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

“စစ်တွေမှာဆို ဆိုင်ကယ်တွေတောင် မရှိတော့ဘူး။ အကုန် စက်ဘီးတွေပဲ စီးနေကြတော့တာ။ တစ်လီတာ ၃၀,၀၀၀ ဘယ်သူစီးတော့မှာလဲဗျာ။ ဆိုင်ကယ်ကို” ဟု အထက်ပါ စစ်တွေဒေသခံက ဆိုသည်။

 

ယခုအခါ ရခိုင်ပြည်နယ်အတွင်း စစ်သုံးဆီ လက်လီရောင်းသူများမှ မဲစနစ်များဖြင့်ပင် စက်သုံးစီများ ရောင်းချမှုပြုလုပ်နေပြီး အောက်တိန်း ၉၂ တစ်လီတာ (၅)ဘူးစာအတွက် မဲ (၁)မဲလျှင် (၃၀၀၀)ကျပ်နှင့် မဲအရေအတွက် (၄၅)စောင်ကို ဦးရာလူ ဝယ်သူစနစ်ဖြင့် ရောင်းချပေးမှုများပင် ရှိနေသည်ဟု CJ Platform သတင်းဌာနမှ စုံစမ်းသိရှိရသည်။

 

ရခိုင်ပြည်နယ်အတွင်း ရခိုင့်တပ်တော် AA က နိုဝင်ဘာ ၁၃ ရက်မှစတင်၍ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများပြင်းထန်နေပြီး AA အနေဖြင့် ထရွန်အိုင်၊ နှုံးဘူးဗျူဟာကုန်းကြီးများအပြင် စစ်ကောင်စီ တပ်စခန်း ၄၄ ခု သိမ်းပိုက်ထားသည်။