လောက်ကိုင်တွင် ပိတ်မိ စစ်ကောင်စီတပ်သားများက အရပ်သားများကို ပစ်ခတ်၍ (၃)ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရဟု MNDAA ဆို

Author လင်းနွေဦး
Categories
Published on Dec 12, 2023

ရှမ်းပြည်(မြောက်ပိုင်း)၊ ကိုးကန့်ဒေသ၊ လောက်ကိုင်နယ်မြေအတွင်း ကိုးကန့်တပ်မတော်(MNDAA)၏ ပိတ်ဆို့ခြင်းခံထားရသော စစ်ကောင်စီတပ်သားများ ထွက်ပေါက်ရရှိရေးအတွက် ပြည်သူများကို ဦးတည်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် အရပ်သား(၃)ဦး သေဆုံးကာ (၁)ဦးဒဏ်ရာရရှိခဲ့ကြောင်း MNDAA က ထုတ်ပြန်သည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာ (၁၀)ရက်နေ့ ညနေ(၃)နာရီခန့်တွင် လောက်ကိုင်ဒေသ ပေါက်ပေါက်ကျိုင့်ရွာအတွင်း စစ်ကောင်စီတပ်သားများ ထွက်ပေါက်ရရှိရေး လက်နက်ကြီးများကို အရပ်သားများနေထိုင်ရာ အိမ်များအတွင်းသို့ ပစ်ခတ်ခဲ့သဖြင့် အရပ်သားနှစ်ဦး လက်နက်ကြီးစထိမှန်၍ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ရပြီး အမျိုးသားတစ်ဦး လက်နက်ကြီးစထိမှန်၍ ဘယ်လက်မောင်းတွင် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း MNDAA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 

ဒဏ်ရာရ အမျိုးသားကို လောက်ကိုင် မီရှင့်ကုတ်ဒေသရှိ စစ်ကောင်စီလက်အောက်ခံဆေးရုံသို့ ပို့ဆောင်သော်လည်း ဆေးရုံမှ ကုသပေးရန် ငြင်းဆိုကာ မျက်ကွယ်ပြုခဲ့၍ ဒဏ်ရာအခြေအနေပိုဆိုးလာခဲ့ကြောင်း သိရသည်။

 

ထို့ကြောင့် ဒေသခံများက MNDAA သို့ ဆက်သွယ်အကူအညီတောင်းလာသည့်အတွက် MNDAA  က အဆိုပါအမျိုးသားကို နောက်တန်းရှိ ဆေးရုံသို့ ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် သွားရောက်ခေါ်ယူပြီး ပို့ဆောင်ပေးခဲ့သည့်အတွက် ယခုအခါ ဒဏ်ရာအခြေအနေ ကောင်းမွန်သက်သာ လာပြီဖြစ်သည်ဟု MNDAA က ဆိုထားသည်။

 

အလားတူ ဒီဇင်ဘာ (၁၀)ရက် တစ်ရက်တည်းတွင်ပင် စစ်ကောင်စီတပ်သားများက ကိုးကန့်နယ်စပ်နေရာတစ်ခုဖြစ်သော ရန်လုံကျိုင့်နေရာကို လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် (၃၁)နှစ်အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီးစထိမှန် သေဆုံးခဲ့ကြောင်း MNDAA က ထုတ်ပြန်ချက်အတွင်း ဖော်ပြသည်။

 

ရှမ်းပြည်မြောက်ပိုင်းတွင် ညီနောင် သုံးဖွဲ့ ၏ “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်မှုကြောင့် စစ်ကောင်စီ တပ်စခန်းပေါင်း (၂၆၀) ကျော်နှင့်အတူ သံချပ်ကာ ကား(၈)စီး ၊ လက်နက်ခဲယမ်းအမြောက်အမြား ဆုံးရှုံးထားရသော စစ်ကောင်စီသည် ၎င်းတို့ ထွက်ပေါက်ရရှိရေးအတွက် ပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်လျက်ရှိနေသည်။

Related News

Depend on news