စစ်အာဏာရှင်ကို တော်လှန်နေတဲ့ မြို့ပြပြောက်ကျား UG တွေ ဘာတွေရင်ဆိုင်ကြုံတွေ့နေရသလဲ

Author အိုင်လာ
Categories
Published on Dec 10, 2023

ရန်ကုန်မြို့ တာမွေမြို့နယ် သီတာလမ်းမှာ ဒီဇင်ဘာလ ၈ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့တဲ့ လူငယ်နှစ်ဦးကို စစ်ကောင်စီက အသေပစ်ခတ် ဖမ်းဆီးခဲ့တဲ့ ‌ဖြစ်စဉ်ကို မှတ်မိကြဦးမယ် ထင်ပါတယ်။ နိုင်ငံအနှံ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက မြို့သိမ်းတိုက်ပွဲတွေကို ဆင်နွှဲနေချိန်မှာ စစ်ကောင်စီရဲ့ တပ်အင်အား မစုစည်းနိုင်ရေးအတွက် မြို့ပြဒေသတွေမှာ အချိန်ကိုက် လှုပ်ရှားပေးနေတဲ့ မြောက်အောက်တော်လှန်ရေးအင်အားစုတွေဟာ ဘာတွေကို ရင်ဆိုင် ကြုံတွေ့နေရသလဲ။ လျှို့ဝှက်မင်းသားတွေဖြစ်တဲ့ UG တွေရဲ့ နေ့စဉ်ဖြတ်သန်းနေရတဲ့ ဘဝတွေဟာ ချောမွေ့ပါရဲ့လား။ ဒီတစ်ပတ် CJ Platform ရဲ့ “ဒုက္ခအတိတွေ့နေသူများ၏ တီးတိုးသံ”ကဏ္ဍမှာ ဖတ်ရှုနိုင်ပါတယ်။

****************************************

 

“ယူဂျီတယောက်ရဲ့ အခက်ခဲဆုံး အချိန်ကတော့ စိတ်ဓါတ်တွေ ပြိုလဲကျတဲ့ အချိန်ပါ”

 

ရန်ကုန်မြို့ပြ UG တစ်ဦးရဲ့ တီးတိုးသံ

 

မြို့ပေါ်အတွက်ဆို လှုပ်နေဖို့လိုတယ်လေ ၊ တပ်မကြီးတွေချီပြီးလဲ ချက်ချင်း သိမ်းနိုင်မည် မဟုတ်ဘူး၊ ကိုယ့်မြို့ကိုယ့်ဒေသမှာ ‌ေ-ွးတွေ အငြိမ်မနေနိုင်အောင် ယူဂျီအနေနဲ့ အာဏာရှင်ကို တော်လှန်ဖို့ ရွေးချယ်ခဲ့တာပါ။ အခက်အခဲကတော့ မျိုးစုံရှိကျတာပါဘဲ၊ ညည်းမပြချင်တော့ပါဘူး ကူရာ ကယ်ရာမဲ့ အခြေအနေတွေ ကြုံခဲ့ဖူးပါတယ်။ လုံခြုံရေးကတော့ နေ့စဉ် စိုးရိမ်စရာ အခြေအနေပါဘဲ။ ယူဂျီတယောက်ရဲ့ အခက်ခဲဆုံး အချိန်ကတော့ စိတ်ဓါတ်တွေ ပြိုလဲကျတဲ့ အချိန်ပါ။(စိတ်ဓါတ်တွေ မပြိုလဲအောင် အတော်ကြိုးစားထားရပါတယ်) ယူဂျီတွေလဲ PDF တွေနည်းတူ အာဏာရှင်ကိုတော်လှန်နေပါတယ်၊ ပြည်သူကို ထိခိုက်အောင် မလုပ်ဘူးဆိုတဲ့ အကြောင်းလေး ပြောပေးပါ။

 

UG တွေကို ပြည်သူတွေက သိပ်မကြည်ဘူးဆိုတဲ့ မေးခွန်းကတော့ နည်းနည်းပြောရခက်တယ်ဗျ ဘာလို့ဆို ဘယ်ဘက်ယိမ်းတဲ့ ပြည်သူတွေကို ဆိုလိုသလဲဆိုတာ ပြန်ကြည့်ရမှာပေါ့၊ ဥပမာ စကစ ဘက်ယိမ်းတဲ့ သူတွေဆို သေချာတယ် ကျွန်တော်တို့ကို မုန်းမှာပဲ။ တော်လှန်ရေးဘက် ရပ်တဲ့ ပြည်သူတွေဆိုရင်တော့ သေချာတယ် တစ်ကောင်ကောင် ကို ရှင်းလိုက်တဲ့ သတင်းကြားရင် ပျော်နေကြမှာပဲ။ အဲ့မှာ ပြောစရာတစ်ခုရှိတာက ကြားနေလူတန်းစားဆိုတဲ့ Gen Lee တွေလို့ ပဲပြောရမှာပေါ့ သူတို့ကျတော့ ချစ်တယ်လည်းမဟုတ်ဘူး မုန်းတယ်လည်း မဟုတ်ဘူး သူတို့အကျိုးစီးပွားမထိခိုက်ရင် ပြီးရော အဲလိုမျိုးလည်း ရှိတယ်ပေါ့နော်။

 

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ကျွန်တော်တို့ လုပ်နေတာက လူတွေရဲ့ ချစ်ခြင်း မုန်းခြင်းတွေကို လိုက်ခံစားနေဖို့ထက် ကိုယ်လုပ်သင့်တယ်လို့ ထင်တဲ့ လမ်းကို ရွေးချယ်ခဲ့တာဖြစ်လို့ အထွေအထူး စဥ်းစားနေချိန်လဲ မရသလို ဘာမှတော့လဲ သိပ်မခံစားရပါဘူး ဒါပေမယ့် ကိုယ့်ကို UG မှန်းမသိပဲ သူတို့ထင်ရာ မြင်ရာတွေ ကိုယ့်ရှေ့မှာ ပြောဆိုနေကြတာတွေ တစ်ခါတစ်လေ ပြန်ကြားရတော့လဲ စိတ်မကောင်းဖြစ်မိတာပေါ့။

****************************************

 

“UG ဆိုတာ အစကတည်းက ကိုယ့် ငွေနဲ့ ကိုယ်ရပ်တည်ပြီး ယုံကြည်ရတဲ့ နီးစပ်ရာလူတွေဆီကပဲ အထောက်အပံရတာဆိုတော့”

 

ရန်ကုန်မြို့ပြ UG တစ်ဦးရဲ့ တီးတိုးသံ

 

လက်ရှိရန်ကုန်မှာ ဘာအခက်အခဲရှိလဲဆိုတော့ ဖန်တရာတေ ဇာတ်လမ်းတွေပဲ ပြောရမှာပဲ နေရာထိုင်ခင်း စျေးကြီးလာပြီး အလွယ်တစ်ကူ ရွှေ့ပြောင်းလို့ မလွယ်တာတွေ ပြည်သူတွေကလည်း တိုက်ပွဲတွေ စိတ်လာပြီဆိုတော့ UG တွေထက် တောထဲက အဖွဲ့တွေကို ပိုပြီး ပံပိုးပေးကြတာမျိုးပေါ့။ ဒါကိုလည်း ကျွန်တော်တို့ လက်ခံပါတယ် UG ဆိုတာ အစကတည်းက ကိုယ့် ငွေနဲ့ ကိုယ်ရပ်တည်ပြီး ယုံကြည်ရတဲ့ နီးစပ်ရာလူတွေဆီကပဲ အထောက်အပံရတာဆိုတော့ ဒါတွေသိပြီးသားပဲ ဖြစ်မှာပါ ကျန်တဲ့ အခက်အခဲတွေလည်း ရှိတာပေါ့ ကိုယ့်အားနည်းချက်ကို သူများကို ထုတ်ပြသလို ဖြစ်မှာစိုးတာကြောင့် မပြောသင့်တာတွေကျတော့ မပြောတာကောင်းတာပေါ့နော်။

 

အခက်အခဲတွေကြုံရတာ ပြောစရာတောင်ကုန်မယ် မထင်ဘူး  relocation လုပ်ရပြီ ဆိုကတည်းက အရေးပေါ်လိုအပ်မှသာ ပြောင်းရွှေ့ရတာဆိုတော့ အဓိက က အချိန်ပေါ့ ချက်ချင်းကြီး လက်ရှိနေရာကသာ ပြောင်းလာရတယ် နောက်ထပ်နေစရာမရှိသေးတာတွေ ပြီးတော့ ဘယ်သူ့ကို တိုင်ပင်ပြီး ကိုယ့်ကို ဘယ်သူက ကူညီနိုင်မလဲဆိုတာတွေက အစပေါ့ အခက်အခဲတွေရှိပါတယ် ပြောင်းရရွှေ့ရတာတော့ ငွေကြေးအခက်အခဲလည်း ကြုံရတာပေါ့ အဲတာကတော့ ငွေကတော့ အဓိက ဇာတ်လိုက်ပဲပြောရမှာပေါ့။

 

ရန်ကုန်ကတော့ အစကတည်းက ကျပ်နေတာပါပဲ UG တစ်ယောက်အနေနဲ့ရပ်တည်ပြီဆိုကတည်းက ဒီကောင်တွေမကျပ်လဲ UG တွေရဲ့ သဘောသဘာ၀အရ အနေအထိုင် အသွားအလာဆင်ခြင်ရတဲ့ကိစ္စတွေက သာမာန်လူတွေလို လွတ်လွတ်လပ်လပ် မဟုတ်တော့ အနည်းဆုံးတော့ စိတ်ကျဥ်းကျပ်ရတယ်ပဲ ပြောရမှာပေါ့ သူတို့တင်းကျပ်တော့လဲ ကိုယ်တွေလဲ ပိပိရိရိနေရတာပေါ့ ပိုပြီးတော့ ဂရုစိုက်ရတာပေါ့။

****************************************

 

“၊ပုန်းရတဲ့အချိန် တခါတလေ ထမင်း လေးရက်လောက်မစားဘဲ ဘုံဘိုင်ရေသောက်ပြီး နေရတဲ့ ရက်တွေရှိခဲ့ဘူးတယ်”

 

ရန်ကုန်မြို့ပြ UG တစ်ဦးရဲ့ တီးတိုးသံ

 

အဓိကတော့ ကျွန်တော့် သူငယ်ချင်း ဆေးကုခွင့်မရဘဲ ပုန်းနေရင်း သေသွားလို့ မြို့ပေါ် ပြောက်ကျား ဖြစ်လာတာပဲ ဘယ်မှ မသွားဘူး ရအောင်မြို့ပေါ်ပဲနေတယ်။

 

အဓိကတော့ ပစ္စည်းဖိုးပဲ ရှာနိုင်ကြတော့ အောက် စား၀တ်နေရေး ဖြေရှင်းတဲ့နေရာ အတော်ခက်ခဲတယ်။ ခြေကောင်းလက်ကောင်းတွေရှိနေပြီး မုန့်ဖိုးဆိုပြီး တောင်းနေရတဲ့ ဘ၀ကို စွန့်လွှတ်ချင်ပြီး တော်လှန်ရေး အမြန်ပြီး အလုပ်ကိုပြန်ချင်တယ် ဒါပါပဲ ငွေပေါ့ အလိုအပ်ဆုံးကတော့ နေရာထိုင်ခင်းကတော့ ကျွန်တော်‌တို့နေရာကို အများဆုံးသိခွင့် နှစ်ဦးအပြင် အပိုမထားကြဘူး ။အရေးပေါ်အခြေ‌အနေအတွက် အဓိက လိုတာ ငွေဆိုပေမယ့် စိတ်မလှုပ်ရှားဖို့ပါ ဒါမှ လွတ်မှာ မဟုတ်ရင် သေတာများတယ်။ တချက်မှားတာနဲ့ သေတာပဲ အသက်သေသလို အဖမ်းခံရလည်း သေတာပဲ ဘာလို့ဆို ပြန်လွှတ်လာရင် အကောင်းခက်ရှားရှားလေ။

 

နေစရာမရှိတဲ့အချိန် ၊ပုန်းရတဲ့အချိန် တခါတလေ ထမင်း လေးရက်လောက်မစားဘဲ ဘုံဘိုင်ရေသောက်ပြီး နေရတဲ့ ရက်တွေရှိခဲ့ဘူးတယ်။ ပြည်သူတွေ လက်ခုပ်တွေတီးနေတဲ့အချိန် အဲ့ဒါကိုပဲ အားယူလိုက်တော့တယ်။

 

လုပ်နိုင်တဲ့အရာမှန်သမျှ ကျွန်တော်တို့က အမြန်ဆုံးလုပ်ချင်တာ ဒါပေမယ့် အခက်အခဲတချို့တွေရှိနေလို့ ဒါကို မိဘပြည်သူတွေ နားလည်ပေးပါလို့ ပြောချင်တယ် နောက်ပြီး အရမ်းခက်ခဲနေတာ သိပါတယ် ဒါကြောင့် ပိုကြိုးစားပါ့မယ်လို့ ပြောချင်တယ်။