တာမွေဆန္ဒပြမှု ဖမ်းဆီးမှုအပြီး ရန်ကုန်လူစည်ကားရာနေရာများတွင် စစ်ကောင်စီ အစစ်ဆေးများနေ

Author ကိုထက်
Categories
Published on Dec 09, 2023

ရန်ကုန်မြို့၊ တာမွေမြို့နယ် သီတာလမ်းထိပ်တွင် ယမန်နေ့ည (ဒီဇင်ဘာ ၈)ရက်က ဆန္ဒပြခဲ့သည့် လူငယ်များအား ပစ်ခတ်ဖမ်းဆီးအပြီး ယနေ့ ဒီဇင်ဘာ ၉ရက်တွင် ရန်ကုန်မြို့၏ လူစည်ကားရာနေရာများ၌ စစ်ကောင်စီတပ်က ကားဖြင့်ရပ်တန့် စစ်ဆေးမှုများ များပြားနေသည်။

 

လှည်းတန်း၊ ဆူးလေ၊ ပန်းဆိုးတန်းမီးပွိုင့် စသည့်နေရာများတွင် DC စစ်ကားများရပ်ကာ လမ်းသွားလမ်းလာ လူငယ်များကို စောင့်ကြည့်စစ်ဆေးနေခြင်းလည်း ဖြစ်သည်။

 

“ဒီမှာမနက်တည်းက ကားရပ်ပြီးဘေးနားမှာ လာသမျှလူတွေကို စောင့်ကြည့်နေတာပဲ။ သူတို့မသင်္ကာတဲ့ သူတွေဆို ခေါ်ပြီး အိတ်တွေ စစ်တာတွေ့တယ်။ အဓိကတော့ လူငယ်တွေကို အဓိကထားပြီး စစ်နေတာ။”ဟု မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။

 

ဒီဇင်ဘာ (၈)ရက်ညပိုင်းက တာမွေမြို့နယ်၊ သီတာလမ်းထိပ်တွင် တာယာမီးရှို့ပြီး ဆန္ဒထုတ်ဖော်ခဲ့သည့် လူငယ်အဖွဲ့ကို အရပ်ဝတ်များပါ ပါဝင်ပြီး ပစ်ခတ်ဖမ်းဆီးခဲ့မှုကြောင့် နှစ်ဦးသေဆုံးပြီး၊ ၁၃ဦးအဖမ်းခံခဲ့ရသည်။

 

“ညကအခြေအ‌နေကြောင့်ထင်တယ်။ ဒီရက်ပိုင်းတွေထဲလည်း သူတို့တွေလုံခြုံရေးပိုတင်းကျပ်လာတယ်။ ညပိုင်း ဧည့်စာရင်းစစ်တာတွေကအစပေါ့။ “ဟု ပြည်သူတစ်ဦးက ‌ပြောသည်။

 

အလားတူ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးဝန်းကျင်တွင်လည်း တင့်ကားဖြင့် ကင်းလှည့်မှုများရှိနေပြီး၊ အစစ်အဆေးလည်းများနေသည်။

 

စစ်ကောင်စီအနေဖြင့် နိုင်ငံတစ်ဝှမ်း တိုက်ပွဲများတွင် တော်လှန်ရေးအင်အားစုများကို ရှုံးနိမ့်နေပြီး၊ ၎င်းတို့ နယ်မြေစိုးမိုးထိန်းချုပ်နိုင်သော နေရာဒေသများကို ပိုမိုဖိနှိပ်လာခြင်း ဖြစ်သည်။

 

ဓါတ်ပုံ – ပေးပို့

ပုံစာညွှန်း – ရန်ကုန်မြို့တွင် စစ်ကောင်စီမှ ကင်းလှည့်လည်နေသည်ကို ဒီဇင်ဘာလ ၈ရက်နေ့ ညပိုင်းတွင် မြင်ရပုံ