ခလယ်လွီထူခရိုင်တွင် ငါးရက်တာအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ပြည်သူ တစ်ဦးသေဆုံးကာ ခုနစ်ဦး ပြင်းထန်ဒဏ်ရာရရှိ

Author လင်းနွေဦး
Categories
Published on Dec 09, 2023

ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ ဆောထိ(ရွှေကျင်)မြို့နှင့် လယ်ဒို(ကျောက်ကြီး) မြို့တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးကာ ခုနစ်ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် လေးလုံး ထိခိုက်ပျက်စီးခဲ့ကြောင်း KNU မှ ထုတ်ပြန်သည်။

ဒီဇင်ဘာ (၃)ရက်နေ့မှ ဒီဇင်ဘာ (၇)ရက်နေ့အထိ ငါးရက်တာ အတွင်း စစ်ကောင်စီတပ်များမှ လယ်ဒိုမြို့ နှင့် ဆောထိမြို့အတွင်းသို့ လက်နက်ကြီး (၆၂)လုံး ပစ်ခတ်ခဲ့သည့်အပြင် ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပိန်းဇလုပ်အခြေစိုက် ခလရ-၂၆၄ တပ်နှင့် ခလရ ၆၀တပ်များ မှ လယ်ဒိုမြို့နယ်အတွင်းရှိ ပြည်သူများနေထိုင်ရာ ကျေးရွာများအပေါ်သို့ ဒီဇင်ဘာလ (၃)ရက် နေ့မှ (၇)ရက်နေ့အတွင်း လက်နက်ကြီး စုစုပေါင်း (၃၈)လုံးခန့် ပစ်ခတ်ခဲ့သဖြင့် နတ်သံကွင်းကျေးရွာနေ ပြည်သူ တစ်ဦး ဗုံးစထိမှန် သေဆုံးကာ အနီးရှိကျေးရွာများမှ ပြည်သူ သုံးဦး လက်နက်ကြီးစထိမှန်၍ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့သည်ဟု KNU ကဆိုသည်။

ထို့ပြင် ဆောထိမြို့နယ် အတွင်းတွင်လည်း ဒီဇင်ဘာ (၄)ရက်နေ့မှ(၇)ရက်နေ့အထိ ငါးရက်တာ အတွင်း ခမရ-၂၀ နှင့် တော်ဝိကျေးရွာ အခြေစိုက် ခလရ-၂၆၄ တပ်များမှ  ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ စုစုပေါင်း လက်နက်ကြီး (၂၄)လုံးနှင့် ပစ်ခတ်တိုက်ခဲ့သဖြင့် ချုံအင်းကျေးရွာ အတွင်းရှိ ပြည်သူပိုင် နေအိမ်နှစ်လုံး၊ ရေဖြူကန်ကျေးရွာ ရှိ ပြည်သူပိုင်နေအိမ် တစ်လုံး စုစုပေါင်း နေအိမ်သုံးလုံး ဗုံးစထိမှန် ပျက်စီးကာ ပြည်သူ လေးဦး ကျည်ထိမှန်၍ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျေးရွာများအပေါ် သို့ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့သဖြင့် ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် အတွင်း ကျေးရွာပေါင်း (၉၅)ရွာ မှ ပြည်သူ စုစုပေါင်း (၆၈,၄၀၃)ဦးခန့် ရှိကြောင်း ဒီဇင်ဘာ (၇)ရက်နေ့တွင် KNU မှ တရားဝင် ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ-KNU