ထောင်ချခံထားရသည့် စစ်သားများ သဘောမတူသော်လည်း စစ်မှုပြန်ထမ်းရန် စစ်ကောင်စီပြန်ခေါ်ထုတ်

Author ဂျွန်နသန်
Categories
Published on Dec 07, 2023

မြန်မာနိုင်ငံတဝှမ်းရှိ အကျဉ်းထောင်နှင့် အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် စစ်သားများ ဆန္ဒမရှိသော်လည်း စစ်မှုပြန်ထမ်းရန် စစ်ကောင်စီက ပြန်လည်ခေါ်ယူမှုများရှိ‌နေကြောင်း အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

 

စစ်ကောင်စီမှ ခွင့်မဲ့/စစ်ပြေးများကို ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပေးကာ ပြန်လည်လက်ခံမည်ဟု ကြေညာပြီးနောက် ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့တွင် အကျဉ်းထောင်နှင့် အကျဉ်းစခန်းအသီးသီးရှိ ထောင်ကျနေသည့် စစ်‌သားများကို စစ်ကောင်စီတပ် အသီးသီးမှ လာရောက်ခေါ်ယူသွားခဲ့ခြင်းဖြစ်သည်။

 

ထိုသို့ခေါ်ယူရာတွင် အရာရှိအဆင့်များမပါဝင်ဘဲ အခြားအဆင့်များကိုသာ စစ်မှုထမ်းရန် ရွေးချယ် ခေါ်ယူသွားခြင်းဖြစ်ပြီး အများစုမှာ မလိုက်ချင်ဘဲ လိုက်သွားခဲ့ရခြင်းဖြစ်‌ကြောင်း CJ Platform သတင်းဌာနမှ စုံစမ်း သိရှိရသည်။

 

ထိုသတင်းကို ကြိုတင်သိရှိသူ စစ်စည်း(စစ်အကျဉ်းသား)များမှာ အကျဉ်းစခန်းအချို့မှ ထွက်ပြေးခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။

 

” စစ်စည်းတွေ စစ်ထဲပြန်ဝင်ရမယ်ဆိုပြီး ခေါ်သွားတာ။ သဘောမတူလည်း မရဘူး။ တူလည်း မရဘူး။ အကုန် စစ်တပ်ထဲပြန်ဝင်ရမယ်ဆိုပြီး ခေါ်သွားတာပါ။ တချို့ဆို ရက်ပိုင်း၊ လပိုင်းပဲလိုတဲ့ လွတ်နီးတွေပါ ပြန်ပါသွားတာ” ဟု အကျဉ်းဦးစီးနှင့် နီးစပ်သူတစ်ဦးက CJ Platform သို့ ပြောသည်။

 

စစ်အရာရှိ အကျဉ်းသားများကိ အကျဉ်းထောင်များတွင်ပင် ဆက်လက်ထားရှိသကဲ့သို့ ရာထူးကြီး စစ်အကျဉ်းသားအချို့ကိုမူ အစောင့်များဖြင့် နေထိုင်ရကြောင်း ၎င်းက ဆိုသည်။

 

စစ်ကောင်စီ၏ တပ်ဖွဲ့စည်းပုံတွင် တပ်သား၊ ဒုတပ်ကြပ်၊ တပ်ကြပ်၊ တပ်ကြပ်ကြီး၊ တပ်ခွဲတပ်ကြပ်ကြီး တို့ကို အောက်ခြေအဆင့် အမှုထမ်းများအဖြစ် သတ်မှတ်ထားသည်။

 

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ၎င်းတို့တပ်ကို အင်အားဖြည့်တင်းသည့်အနေဖြင့် စစ်တာဝန်ထမ်း‌ဆောင်နိုင်သူ အငြိမ်းစား စစ်သား၊ စစ်အရာရှိများ အပါအဝင် ရဲများ၊ အစိုးရဝန်ထမ်းများကိုပါ မူလတာဝန် ပြန်လည်ထမ်းဆောင်စေခဲ့သည်။

ယခုအခါ ညီနောင်မဟာသုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ နိုင်ငံတဝှမ်း နေ့စဉ် စစ်သားများသေဆုံးသူ၊ အလင်းဝင်သူ၊ အညံ့ခံသူနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်းများကြောင့် အလွန်အင်အားချိနဲ့ လာနေပြီမှာ ယခုသတင်းများက သက်သေတည်နေ‌သည်။

 

ပုံစာညွှန်း – စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်အား မြင်ရပုံ (ပုံအဟောင်း)