ကျောက်ပန်းတောင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူတစ်ဦးကို သေနတ်နဲ့ပစ်

Author အောင်နိူင်သူ
Categories
Published on Sep 12, 2022

ကျောက်ပန်းတောင်းမြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက အထက(၂)ကျောင်းတွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်က လမ်းလျှောက်လာသူတစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

“သူ့ဘာသာလမ်းလျှောက်လာတယ်ကို စစ်တပ်က ကောင်တွေက ဟေ့ကောင် မပြေးနဲ့ဆိုတော့ ဟိုကလည်း ကြောက်ပြီး ထွက်ပြေးတာ အဲ့မှာတင်ပစ်လိုက်တာ”ဟု ပြောသည်။

စစ်ကောင်စီတပ်က တပ်သားတွေသည် အမည်မသိအမျိုးသားကို ပစ်ခတ်ပြီးနောက် ရပ်ကွက်နေပြည်သူများ ရောက်လာသောအခါ ဖမ်းဆီးခဲ့သည်ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

“ရပ်ကွက်ကလူတွေက သေနတ်ပစ်သံကြားတော့ ရောက်လာတယ် အဲ့မှာစစ်တပ်က ဗုံးလာထောင်တဲ့သူဆိုမို့လို့ ပစ်ဖမ်းတာဆိုပြီး ပြောတယ်”ဟု ရှင်းပြသည်။

ခြံစည်းရိုးအနီးစက်တင်ဘာလ ၁၁ ရက် ညနေ ၅း၁၅ နာရီက ကပ်လာသူကို စစ်ဆေးရန်ခေါ်စဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီတပ်မှ အကြောင်းပြသည်။

ပစ်ခတ်ခံရသူမှာ အမျိုးသားမှာ ခါးတွင်ကျည်ထိမှန်ဒဏ်ရာရရှိပြီး စစ်ကားနှင့်တင်ဆောင်ကာ ခေါ်သွားသည်ဟု ရပ်ကွက်နေသူတွေဆီက သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ရပ်ကွက်ရုံးများနှင့်မြို့နယ်ရုံးများတွင် လုံခြုံရေးယူထားပြီး လမ်းသွားလမ်းလာပြည်သူများကို လုံခြုံရေးအကြောင်း ပြကာ ပစ်ခတ်ခဲ့ရာ သေဆုံးသူများစွာရှိသည်။