“ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ” (နိုဝင်ဘာ ၂၇ မှ ဒီဇင်ဘာ ၂ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Dec 02, 2023

ယခုအပတ် (နိုဝင်ဘာ ၂၇ မှ ဒီဇင်ဘာ ၂ ရက်အထိ)အတွင်း ဂါဇာမှာ (၇)ရက် အပစ်ရပ်ပြီးနောက် အစ္စရေး-ဟားမက်စ်စစ်ပွဲ ပြန်စတဲ့သတင်း၊ ကမ္ဘာ့နာမည်ကျော် ဘော်လုံးသမား ခရစ်စတီယာနို ရော်နယ်ဒိုလ် အမေရိကမှာ တရားစွဲဆိုခံရတဲ့ သတင်း၊ အမေရိကန်ရဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဟင်နရီ ကစ်ဆင်းဂျား ကွယ်လွန်သွားတဲ့ သတင်းတွေက ထိပ်တန်းရောက်ခဲ့ပါတယ်။

****************************************

 

“ဂါဇာမှာ အစ္စရေး-ဟားမက်စ် စစ်ပွဲ ပြန်စ”

 

ဟားမက်အုပ်စုကစတဲ့ စစ်မီးဟာ နှစ်လပြည့်ခါနီးတဲ့အထိ မငြိမ်းသေးပါဘူး။ အစ္စရေးဘက်က (၇) ရက်တာ အပစ်အခတ် ခေတ္တရပ်ပြီးနောက်မှာ စစ်ပွဲကိုပြန်လည်စတင်ဖို့ သတိပေးလိုက်ပါတယ်။

 

ကာတာနိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှုအရ နိုဝင်ဘာ (၂၄) ရက်ကနေ (၂၇) အထိ နှစ်ဘက်အပစ်ရပ်ကြပြီး အစ္စရေး ဓားစာခံတွေနဲ့ ပါလက်စတိုင်းအကျဉ်းသားတွေလဲလှယ်ခဲ့ကြပါတယ်။ အဲဒီနောက် (၃) ရက်ထပ်တိုးခဲ့ပြီး နိုဝင်ဘာ (၃၀) ရက်နေ့အထိ အပစ်ရပ်ခဲ့ကြတာပါ။

 

အဲဒီတစ်ပတ်တာကာလထဲ ဟားမက်စ်အုပ်စုဘက်က ဖမ်းဆီးထားတဲ့ ဓားစာခံ(၂၄၀)အနက် (၁၀၀) ဦးကျော် လွှတ်ပေးခဲ့သလို အစ္စရေးဘက်က ပါလက်စတိုင်းအကျဉ်းသား (၂၄၀) ကို လွှတ်ပေးခဲ့ပါတယ်။

 

နှစ်ဘက်ပစ်ခတ်ရပ်စဲမှု ပြီးဆုံးပြီးနောက် ဒီဇင်ဘာ (၁)ရက် သောကြာနေ့ မနက်ပိုင်းမှာ အစ္စရေးဘက်က ဂါဇာမြို့တွင်း စစ်ရေးဖော်ဆောင်မှုတွေ ပြန်လည် ပြုလုပ်ခဲ့ပါတယ်။ အဲဒါကြောင့် ဂါဇာတောင်ပိုင်းက အရပ်သားတွေကိုလည်း နေရပ်ရှောင်တိမ်းကြဖို့ အစ္စရေးဘက်က သတိပေးမှု ပြုလုပ်ခဲ့ပါတယ်။

 

အစ္စရေးဝန်ကြီးချုပ်ရဲ့ ကတိစကားဖြစ်တဲ့ ” အပစ်အခတ်ရပ်စဲရေးက ခဏသာဖြစ်ပြီး ပြန်စတာနဲ့ အစ္စရေးဟာ သူ့ရဲ့ရည်မှန်းချက်ကို အရယူပါမယ်” လို့ ပြောခဲ့တဲ့အတိုင်း ဂါဇာမြို့တွင်း စစ်ရေးဖော်ဆောင်မှုတွေ ပြန်လည် ပြုလုပ်ခဲ့တာပါ။ အစ္စရေးရဲ့ သောကြာနေ့ စစ်ဆင်ရေးကြောင့် ပါလက်စတိုင်း အရပ်သား(၁၀၀)ကျော် ထပ်မံ သေဆုံးခဲ့ရတယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်ကို BBC သတင်းမှာ ဖော်ပြပါတယ်။

 

ဟားမက်စ် အုပ်စုဘက်ကလည်း အစ္စရေးတောင်ပိုင်းသို့ မစ်ဇိုင်းဒုံးတွေနဲ့ ပြန်လည် တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက် အစ္စရေးလေကြောင်းက‌နေ ဂါဇာတောင်ပိုင်းက ပြည်သူတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ပြန်လည်စတင်တော့မှာ ဖြစ်တဲ့အတွက် ဘေးလွတ်ရာသို့ ရှောင်တိမ်းဖို့ သတိပေးစာပါဝင်တဲ့ လက်ကမ်းစာစောင်တွေ ကြဲချခဲ့ပါတယ်။

 

အမေရိကန်ဘက်ကတော့ “ဂါဇာမြောက်ပိုင်းရှိ ပြည်သူတွေ အသက်ဆုံးရှုံးခဲ့ရတဲ့ အဖြစ်မျိုး တောင်ပိုင်းမှာ  ထပ်မဖြစ်ပွားသင့်ဘူး” လို့ အစ္စရေးကို သတိပေး ပြောကြားခဲ့ပါတယ်။

 

အောက်တိုဘာ(၇)ရက်နေ့မှ စတင်တဲ့ အစ္စရေး-ဟားမက်စ်စစ်ပွဲအတွင်း အစ္စရေးပြည်သူ (၁၄၀၀)ကျော် သေဆုံးခဲ့ရပြီး အစ္စရေးဘက်မှ ပြန်လည်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းအရပ်သား (၁၄,၀၀၀)ကျော် သေဆုံးခဲ့ရတဲ့အနက် (၆၀၀၀)ကျော်မှာ ကလေးသူငယ်တွေ ဖြစ်ပါတယ်။

****************************************

 

“ကာတွန်းပုံလေးတွေကြော်ငြာပေးမိလို့ ကန်ဒေါ်လာ တစ်ဘီလံယံ လျော်ကြေးပေးရမယ့်အမှုနဲ့ တရားစွဲခံရတဲ့ CR7”

 

လက်ရှိ ကမ္ဘာ့အချမ်းသာဆုံး အားကစားသမား ခရစ်စတီယာနို ရော်နယ်ဒိုလ် တစ်ယောက် ကာတွန်းပုံလေးတွေ ကြော်ငြာပေးမိလို့ ကန်ဒေါ်လာ တစ်ဘီလံယံ လျော်ကြေးပေးရမယ့်အမှုနဲ့ အမေရိကန်ပြည်ထောင်စုမှာ တရားစွဲဆို ခံထားရပါတယ်။

 

ဘလွန်းဒီအော ငါးဆုရှင် ဘောလုံးသမားဟာ Digital Currency(ဒစ်ဂျစ်တယ် ငွေကြေး)နဲ့ လဲလှယ်ဝယ်ယူရတဲ့ NFTs(Non-Fungible Token)လို့ခေါ်တဲ့ ကာတွန်းပုံ‌တွေကို ကြော်ငြာပေးခဲ့မိလို့ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်က တရားရုံးက နိုဝင်ဘာ (၂၉) ရက်နေ့က တရားစွဲခဲ့တာပါ။ တရားအစွဲမခံရဖို့ တရားရုံးထံ အသနားခံစာ တင်ခဲ့သေးပေမယ့် ပယ်ချခံခဲ့ရတာပါ။

 

ရော်နယ်ဒိုလ်ဟာ Crypto၊ Bitcoin တို့လို ကမ္ဘာ့အကြီးဆုံး ဒစ်ဂျစ်တယ်ငွေကြေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Binance နဲ့ လက်တွဲပြီး တန်ဖိုးမဲ့ NFTs ကာတွန်းပုံတွေကို ထောက်ခံကြော်ငြာပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲခံ ထားရတာပါ။

 

CR7 ဆိုပြီး သူအမြဲဝတ်ဆင်တဲ့ ကျောနံပါတ်နဲ့ တွဲဖက်ကျော်ကြားတဲ့ ပေါ်တူဂီကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလထဲ Binance ကုမ္ပဏီနဲ့လက်တွဲပြီး သူ့ပုံ NFTs ကာတွန်းပုံတွေ အပါအဝင် တခြား NFTs ပုံတွေကို သူ့လူမှုကွန်ရက်တွေကနေ ကြော်ငြာခဲ့တာဖြစ်ပါတယ်။

 

အခုလို လုံခြုံရေးအရ အားနည်းတဲ့ ကာတွန်းပုံတွေ ရောင်းချရာမှာ ပါဝင်ပတ်သက်မှုကြောင့် တရားစွဲဆိုခဲ့တာဖြစ်ကြောင်း ရော်နယ်ဒိုကို တရားစွဲတာဖြစ်ကြောင်း ဖလော်ရီဒါတရားရုံးက ထုတ်ပြန်ပါတယ်။

 

ဒီအမှုမှာ ရှုံးနိမ့်ရင် ရော်နယ်ဒိုလ်ဘက်က ကန်ဒေါ်လာ တစ်ဘီလီယံကို လျော်ကြေးအနေနဲ့ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

 

NFTs တွေဟာ ဒစ်ဂျစ်တယ်ငွေကြေးလဲလှယ်မှုရဲ့ အဓိကအခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ပိုက်ဆံပြောင်းလို့ရတဲ့ ဒီပုံမျိုးတွေ ကမ္ဘာကျော် အနုပညာရှင်တွေဖြစ်တဲ့ အဆိုတော် Justin Biber၊ အမေရိကန် Rappers အဆိုတော်တွေဖြစ်တဲ့ Snoop Dogg၊ Eminem တို့မှာ ကန်ဒေါ်လာ သန်းချီတန်ဖိုးရှိတဲ့ ကိုယ်ပိုင် NFTs ပုံတွေရှိသလို တခြား ကမ္ဘာကျော် ဆယ်လီတွေမှာလည်း NFTs ပုံတွေ ပိုင်ဆိုင်ထားကြပါတယ်။

 

ရော်နယ်ဒိုလ်လို ကမ္ဘာကျော် စူပါမော်ဒယ်လ် Kardashian(ကာဒက်ရှန်)၊ လက်ဝှေ့အကျော်အမော် Floyd May Weather(ဖလွိုက် မေဝဲလ်သာ)၊ Late Night Talk Show ပဲ့ကိုင်ရှင် Jimmy Fallon(ဂျင်မီ ဖလ်လန်)တို့လည်း ဒစ်ဂျစ်တယ် ငွေကြေးနဲ့ ပတ်သက်တဲ့ တရားစွဲဆိုမှုမျိုး ရင်ဆိုင်ခဲ့ရဖူးပါတယ်။

****************************************

 

“အသက် ၁၀၀ မှာ ကွယ်လွန်တဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဂျာမနီဖွား အမေရိကန်နိုင်ငံသား”

 

အမေရိကအပြင် ကမ္ဘာ့နိုင်ငံရေးလောကမှာပါ ထင်ရှားတဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ကြီး ဟင်နရီ ကစ်ဆင်းဂျားဟာ အသက် ၁၀၀ အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။

 

ကစ်ဆင်းဂျားဟာ ပြီးခဲ့တဲ့ မေလ(၂၇) ရက်က အသက်(၁၀ဝ)ပြည့်မြောက်ခဲ့ပြီး လေးလအကြာ နိုဝင်ဘာ(၂၉)ရက် ဗုဒ္ဓဟူးနေ့က ဆုံးပါးခဲ့တာပါ။ သူဘာရောဂါနဲ့ သေဆုံးတယ်ဆိုတာကိုတော့ သူ့မိသားစုက ထုတ်မ‌ပြောတဲ့အတွက် အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

 

၁၉၂၇ ခုနှစ်က ဂျာမနီနိုင်ငံ၊ Bavaria(ဘာဗေးရီးယား)မြို့မှာ မွေးဖွားခဲ့တဲ့ ဂျာမနီဖွားဟာ ဒုတိယကမ္ဘာစစ်ကာလ အမေရိကန်-ဂျာမနီ တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ ၁၉၄၃ ခုနှစ်မှာ အမေရိကန်နိုင်ငံသားအဖြစ် ခံယူခဲ့တာပါ။

 

နိုင်ငံသားဖြစ်ဖြစ်ချင်းမှာပဲ ၁၉၄၃ မှ ၁၉၄၆ ခုနစ်အထိ သုံးနှစ်တာကာလအတွင်း ဒုတိယကမ္ဘာစစ်ထဲ အမေရိကန်စစ်တပ်မှာ တပ်ကြပ်ကြီးရာထူးနဲ့ ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။

 

အဲဒီနောက် ရီပက်ဘလစ်ကန်ပါတီသို့ဝင်ရောက်ပြီး အမေရိကန် နိုင်ငံရေးလောကတွင်းသို့ ခြေစုံပစ် ဝင်ရောက်ခဲ့ပါတယ်။ (၁၉၅၀)ခုနှစ် ဟားဗက်တက္ကသိုလ်မှပေးအပ်တဲ့ နိုင်ငံရေးသိပ္ပံဘွဲ့ကို ရရှိခဲ့ပါတယ်။ အဲဒီကနေ ၁၉၅၄ ခုနှစ်မှာ Philosophy(အတွေးအခေါ်)ဘာသာရပ်အတွက် Ph.D ဘွဲ့အထိ ရယူနိုင်ခဲ့ပါတယ်။

 

၁၉၆၉ ခုနှစ်  ဇန်နဝါရီ (၂၀)ရက်မှ ၁၉၇၅ ခုနှစ်အထိ အမေရိကန်ပြည်ထောင်စုရဲ့ ၅၆ ယောက်မြောက် အမျိုးသားလုံခြုံရေးအကြံပေးအရာရှိအဖြစ် သမ္မတ Richard Nixon(ရစ်ချတ် နီဆွန်)နှင့် Gerald Ford(ဂရဲ့ဒ် ဖို့ဒ်)တို့လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့သလို အမေရိကန်ပြည်ထောင်စုရဲ့ (၇) ဦးမြောက် အတွင်းရေးမှူးအဖြစ်လည်း ၁၉၇၃ ခုနှစ်မှာ ပူးတွဲတာဝန်ထမ်းဆောင်ခဲ့ပါတယ်။

 

သူဟာ ၁၉၆၉ မှ ၁၉၇၇ ခုနှစ်အတွင်း ဆိုဗီယက်(ရုရှား)နိုင်ငံနဲ့ သက်ဆိုင်တဲ့ နိုင်ငံရေး တင်းမာမှုများ၊ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းများ တည်ဆောက်ခြင်းနဲ့ နိုင်ငံရေးမူဝါဒများ အကောင်အထည်ဖော်ခြင်း၊ အမေရိကန်-ဗီယက်နမ် စစ်ပွဲကို အဆုံးသတ်စေမယ့် Paris Peace Accords စာချုပ်များ စတဲ့ အရေးကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ခဲ့သလို အရေးပါတဲ့ ဆွေးနွေးညှိနှိုင်းမှုများကြောင့် ၁၉၇၃ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

 

သူရဲ့ သေဆုံးမှုနဲ့ပတ်သက်လို့ နိုင်ငံတကာမှ “ကြီးမားသော ဆုံးရှုံးမှု” လို့ တင်စားကာ ဝမ်းနည်းကြောင်း သဝဏ်လွှာများ ရေးသားပေးပို့ခဲ့ကြပါတယ်။

 

တရုတ်နိုင်ငံကလည်း သူတို့ရဲ့ နိုင်ငံပိုင် ဝက်ဘ်ဆိုက်ပေါ်ကနေ “မင်းဟာ ငါတို့ တရုတ်ပြည်သူတွေရဲ့ ထာဝရသူငယ်ချင်းဖြစ်ပြီး ငြိမ်းချမ်းစွာအနားယူပါ” လို့ ရေးသားဖော်ပြခဲ့ပါတယ်။

 

ကစ်ဆင်းဂျား မသေဆုံးမီကပင် သူ့ကို “တရုတ်-အမေရိကန် ဆက်ဆံရေးရဲ့ ရှေ့ဆောင်လမ်းပြဖခင်တစ်ဦးနဲ့ ဗိသုကာကြီး တစ်ဦး” လို့ နိုင်ငံတကာနဲ့ တရုတ်နိုင်ငံတို့က အသိအမှတ်ပြုခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး တည်ထောင်ခြင်း အခန်းကဏ္ဍရဲ့ အဓိကကျသူအဖြစ် သတ်မှတ်ခံရသူလည်းဖြစ်ပါတယ်။