ယခုလ ဒုတိယ ဆယ်ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းတစ်ခုဖြစ်ပေါ်နိုင်

Published on Sep 11, 2022

ယခုလ ဒုတိယဆယ်ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းတစ်ခုဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ စက်တင်ဘာ ဒုတိယဆယ်ရက်ပတ် မိုးလေဝသခန့်မှန်းချက်အရသိရသည်။

“ECMWF Model ကြိုတင်ခန့်မှန်းချက်မှာတော့ စက်တင်ဘာလ ၁၈ ရက်နေ့လောက်မှာ စတင်ဖြစ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းတွေဟာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ တောင်တရုတ်ပင်လယ်နဲ့ အရှေ့ဖိလစ်ပိုင်ပင်လယ်(NW PACIFIC)တွေမှာ အစီအရီဖြစ်လာနိုင်ပြီး စက်တင်ဘာလ ၁၈ ၁၉ ၂၀ ရက်တွေနဲ့ နောက်ပိုင်းရက်တွေမှာ မြန်မာနိုင်ငံအနှံ့အပြား မိုးဆက်လက်ရွာသွန်းနေပြီး တချို့နေရာတွေမှာ မိုးကြီးနိုင်မယ်လို့ ခန့်မှန်းရပါတယ်”ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်ကပြောကြားသည်။

မိုးဇလခန့်မှန်းချက်တွင် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း(၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟုဖော်ပြထားသည်။

ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာလ (၁၄ – ၂၀)ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ ဆုတ်ခွာသွားဖွယ်ရှိပြီးအနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်ကြောင်းသိရသည်။

“ဖြစ်လာနိုင်ဘွယ်ရှိတဲ့ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းတွေကတော့ မြန်မာနိုင်ငံကို တိုက်ရိုက်ဝင်လာနိုင်မှာမဟုတ်ပဲ သူတို့ရဲ့အရှိန်သက်ရောက်မှုတွေကြောင့် မိုးပိုမိုရွာသွန်းနိုင်ခြေသာ များလာနိုင်တာကြောင့် မိုးလယ်မှ မိုးနှောင်းကာလ အကူးအပြောင်းအချိန်အတွင်းမှာလဲ နိုင်ငံအနှံ့မိုးဆက်လက်ရွာသွန်းနေမှာဖြစ်ပါတယ်”ဟု ဦးဝင်းနိုင်ကဆိုသည်။

စက်တင်ဘာ ဒုတိယဆယ်ရက်ပတ်အတွင်း မိုးရွာသွန်းနိုင်မှုအခြေအနေသည် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလကခန့်မှန်းထားသည်။