စစ်ကောင်စီက အရပ်သားနေထိုင်ရာ မြို့၊ ကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်ရန် ပြင်ဆင်ထားသည့် အထောက်အထားများတွေ့ဟု ညီနောင်သုံးဖွဲ့ဆို

Author CJ Platform
Categories
Published on Dec 02, 2023

ရက္ခိုင်ပြည်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများ စွန့်ခွာထွက်ပြေးသွားသည့် စခန်းများအတွင်း အရပ်သားနေထိုင်ရာ မြို့၊ ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ရန် တွက်ချက်ထားသည့် ပစ်မှတ်အကွာအဝေး ဆိုင်းဘုတ်များကို တွေ့ရှိခဲ့ရသည်ဟု ညီနောင်သုံးဖွဲ့၏ ယမန်နေ့ (ဒီဇင်ဘာ ၁ ရက်)ထုတ်ပြန်ချက်အတွင်း ဖော်ပြထားချက်အရ သိရသည်။

 

အဆိုပါ ဆိုင်းဘုတ်များအရ စစ်ကောင်စီသည် ရက္ခိုင့်တပ်တော်(AA)နှင့် တိုက်ပွဲများ မဖြစ်ပွားမီကပင် အရပ်သားပြည်သူများအပေါ်  စစ်ရာဇဝတ်မှု ကျူးလွန်ရန် ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်သည်ဟုလည်း ထိုထုတ်ပြန်ချက်အတွင်း ဆက်လက်ဖော်ပြထားသည်။

 

တစ်နှစ်နီးပါး အပစ်ရပ်ထားသည့် ရက္ခိုင်ပြည်တွင် ရက္ခိုင့်တပ်တော် (AA)က ၁၀၂၇ စစ်ဆင်ရေးအဖြစ် နိုဝင်ဘာ (၁၃)ရက်မှစတင်၍ စစ်ကောင်စီတပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တကျော့ပြန် စစ်ပွဲများ ပြန်လည်စတင်ပြီးနောက်ပိုင်း လက်ရှိအချိန်အထိ စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့် ရဲတပ်ဖွဲ့များ စွန့်ခွာ‌သွားသည့် စခန်းများနှင့် တိုက်ခိုက်သိမ်းယူနိုင်ခဲ့သော စခန်း (၄၄)ခုထက်မနည်းရှိနေပြီဖြစ်သည်။

 

တိုက်ပွဲအတွင်း အထိနာနေသည့် စစ်ကောင်စီသည် စစ်ရေးပစ်မှတ်များသာမက အရပ်သား ပြည်သူများနေထိုင်ရာ မြို့၊ ကျေးရွာများကို မကြာခဏပစ်ခတ်တိုက်ခိုက်လေ့ရှိပြီး ယမန်နေ့ကလည်း အရပ်သားပစ်မှတ်များကို ထပ်မံပစ်ခတ်ခဲ့သေးကြောင်း ညီနောင်သုံးဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

 

ယမန်နေ့က ရက္ခိုင်ပြည်၊ ဘူးသီးတောင်၊ အမ်း၊ ပေါက်တောမြို့နယ်များအတွင်းသို့ စစ်ကောင်စီတပ်များက လေယာဉ်ဖြင့်ဗုံးကြဲခြငိးအပါအဝင် လက်နက်ကြီး/လက်နက်ငယ်များဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာများရရှိခဲ့သလို နေအိမ်နှင့် အဆောက်အအုံအများအပြား ထိခိုက်ပျက်စီးခဲ့ရကြောင်း ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်တခွင်ရှိ မြို့ (၇)မြို့၊ တပ်စခန်းပေါင်း (၂၃၀)နီးပါး လက်လွှတ်ထားရကာ များစွာအထိနာနေသည့် စစ်ကောင်စီသည် နိုဝင်ဘာ (၃၀) ရက်နေ့ တစ်ရက်တာအတွင်း ရှမ်းမြောက်တခွင်ရှိ စစ်ရေးပစ်မှတ်များသာမက အရပ်သားပစ်မှတ်များကို ဦးတည်၍ လေကြောင်းမှ (၁၂) ကြိမ်၊ လက်နက်ကြီးများဖြင့် (၅၄) ကြိမ်ထက်မနည်းပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

 

စစ်ကောင်စီဘက်က အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ကျေးရွာများနှင့် အရပ်သားများကို ထိုကဲ့သို့ ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှုကျူးလွန်နေသည့်အတွက် အရပ်သားပြည်သူများအနေဖြင့် စစ်ရေးသတိ၊ အသိဖြင့် သွားလာလှုပ်ရှားကြရန် သတိပေးတိုက်တွန်းထားပြီး အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆက်လက်ချေမှုန်းသွားမည်ဟု ညီနောင်သုံးဖွဲ့က ဆိုသည်။

 

ဓာတ်ပုံ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ပုံဟောင်း)

Related News

Depend on news