နတ်တလင်းတွင် စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက် စစ်သား နှစ်ဦးသေဆုံး

Author မင်းထက်
Categories
Published on Dec 01, 2023

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို ယင်းမြို့နယ်အတွင်း၌ပင် ယမန်နေ့ နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးကြောင်း Phoenix D F တပ်ခွဲစာရေးတာဝန်ခံက CJ Platform သို့ပြောသည်။

 

နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် နတ်တလင်း အရှေ့ဘက် အောက်သစ်လုံးဘုန်းကြီးကျောင်းမှ ထွက်လာသော အင်အား ၂၅ ဦးပါ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား နှစ်ဦးသေဆုံးပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

 

“စစ်ကြောင်းအင်အားကတော့ ၂၅ ‌ေ-ာင်ပဲရှိပါတယ်။ ဘော်ပင်ကျောက်မြောင်းက စစ်ကြောင်းထိုးလာပြီး ဘုန်းကြီးကျောင်းမှာ အိပ်ပြီး အပြန်မှာ တိုက်ခိုက်ခဲ့တာပါ” ဟု အထက်ပါတာဝန်ခံက ပြောသည်။

 

အဆိုပါ စစ်ကြောင်းသည် ဇီးကုန်းမြို့နယ်အရှေ့ဘက်ရှိ ဘော်ပင်ကျောက်မြောင်းမှ စစ်ကြောင်း ထိုးလာခဲ့ပြီးနောက် အောက်သစ်လုံးဘုန်းကြီးကျောင်းတွင် ၂ ညအိပ် စခန်းချခဲ့ပြီးနောက် ပြန်လည်ထွက်ခွာချိန်တွင် တော်လှန်ရေးအဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

 

မိုင်းဆွဲတိုက်ခိုက်ခံရမှုအပြီး စစ်ကောင်စီတပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် အရပ်သားပြည်သူတစ်ဦးနှင့် နွားတစ်ကောင်ထိမှန်ခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – Phoenix D F